ခန္ဓာမရှိတာ သိရမယ်

Words
311
Reading
2 min
Listen
Play
8y

စိတ်ကလေးပေါ်လာ ဝိပဿနာသမာဒိဌိနဲ့
ကြည့်တော့ "မရှိတာ" ကိုသိမယ်
"ဥာဏ်" က "မရှိတာ" ကိုပဲ သိရမယ်
မရှိတာတာကို သိတာဟာ -
"ကြားစိတ်ကိုသိတာ မဟုတ်ဘူး"
"ခန္ဓာကို သိတာလည်း မဟုတ်ဘူး"
"မရှိတာ" ကိုသာ သိတာပဲလို့ မှတ်လိုက်ကြ ... ။

ဒီလိုသိတော့ ဒကာ,ဒကာမတို့ ခန္ဓာကိုလည်း
စွန့်တယ် ၊ ဒီဝိပဿနာ ဥာဏ်က ခန္ဓာကိုမတွေ့ဘူး
မရှိမှုပဲ တွေ့တယ် ၊ ဒီတော့ ဝိပဿနာ သတ္တိဟာ
မရှိတာကို သိတယ်ဆိုတာမှတ်လိုက်ကြ ၊
မရှိတာကဘယ်သူလဲ ဝိညာဏက္ခန္ဓာပဲ ၊
ရှင်းပြီလား ၊ ဝိပဿနာဥာဏ်နဲ့ ကြည့်လိုက်တော့
ဝိညာဏက္ခန္ဓာလေး မရှိတော့ဘူးလို့ သိတယ် ၊
အဲဒါကြောင့် ခန္ဓာမရှိတာကို သိတာဟာ
ဝိပဿနာ ပဲလို့ မှတ်လိုက်ကြ ။

ဝိညာဏက္ခန္ဓာမရှိတာ သိရင် သူနဲ့တွဲတဲ့
ဝေဒနာက္ခန္ဓာ သညာက္ခန္ဓာတွေကိုလည်း
မရှိတာ သိရတာပဲ သဘောပါကြပြီလား ...။

ဒါကြောင့် ခန္ဓာမရှိတာ သိအောင်လုပ်တဲ့
အလုပ်ဟာ ဝိပဿနာ ပဲဆိုတာ မှတ်ထားကြ ။
ဒကာ,ဒကာမတွေ ပြောလေ့ပြောထရှိကြတယ်
လူတစ်ယောက်သေသွားတော့ "ဩော် ...
အနိစ္စ အနိစ္စပဲကိုး အနိစ္စ၊အနိစ္စတဲ့ ဆူးငြောင့်
ခလုတ်တိုက်မိတော့လည်း ဩော်..ဒုက္ခ
ဒုက္ခနဲ့ ယောင်ရမ်းပြီး ပြောကြ ငြီးတွားကြတယ်
အဲဒီလိုပြောတာဟာ ရိုးရာအနိစ္စသိ ရိုးရာ
ဒုက္ခသိနဲ့ပြောကြတာပဲ ဒါဟာရိုးရာသိလေးနဲ့
ပြောတဲ့ ရိုးရာစကားပဲဆိုတာမှတ်ကြ ... ။

ခန္ဓာမှာကြည့်တော့ ခန္ဓာမရှိတာသိတဲ့ သမ္မာဒိဌိ
အမြင်ရမှ အမှန်ကျမယ်ဆိုတာမှတ်ကြ ...
ခန္ဓာမရှိတာသိတဲ့ သမ္မာဒိဌိမှာ ဝိပဿနာ
သမ္မာဒိဌိ နိဗ္ဗာန်​ရောက်မယ့်အသိပဲဆိုတာ
ဆုံးဖြတ်ချက်ချကြ ၊ ဒကာ,ဒကာမတွေ ယခု
လက်ရှိ ခန္ဓာဟာ လိုချင်လို့ရတဲ့ ခန္ဓာပဲ
ဒီခန္ဓာဟာ နောက် ထပ်ပြီး လိုချင်သေးရင်
ထပ်ပြီးရအုံးမှာပဲ ၊ ဝိပဿနာ မရှုဘဲနေရင်
ခန္ဓာတွေ ရမှာပဲ ... ။

အဲဒီတော့ ဒီခန္ဓာဟာ လိုချင်လို့ရထားတာ
ဒီလိုခန္ဓာရသရွေ့ နိဗ္ဗာန်​နဲ့ဝေးသေးတယ်
ခန္ဓာက ဒုက္ခသစ္စာ ၊ နိဗ္ဗာန်​က နိရောဓသစ္စာ
ဒုက္ခသစ္စာနဲ့ နိရောဓသစ္စာဆိုတော့ ဒကာတို့ပဲ
စဉ်းစားကြည့်ကြ တစ်ခြားစီပဲ ဒုက္ခခန္ဓာမရှိရာ
ချုပ်ဆုံးရာဟာ နိဗ္ဗာန်​ပဲ ၊ အဲဒီတော့ ခန္ဓာ
ရသရွေ့ နိဗ္ဗာန်​နဲ့ မနီးတော့ဘူးဆိုတာ
ပေါ်ကြပီလား ... ။

ဒါကြောင့် ခန္ဓာချုပ်တဲ့ နိဗ္ဗာန်​ကိုရချင်ရင် ၊
ရောက်ချင်ရင် ခန္ဓာမရှိတာကို သိအောင်
လုပ်ရမယ် ၊ ဒီအကျင့်ကို ကြိုးစားရမယ်
ဆိုတာ ရိပ်မိကြပြီလား ... ။

ဒီခန္ဓာကို ငါမဟုတ်မှန်း အမှန်အကန်သိရအောင်
ဝိပဿနာဥာဏ်နဲ့ ကြည့်ရမယ် ။ဒီဥာဏ်နဲ့ကြည့်ရင်
သူများပြောမဟုတ်ပဲ ကိုယ်ပိုင်ဥာဏ်နဲ့ ဆုံးဖြတ်
နိုင်ကြမယ်ဆိုတာ မှတ်ကြ ... ။

ဒီနည်းအတိုင်း ပေါ်လာသမျှဥာဏ်နဲ့ကြည့်ပေး
ကြည့်ပေးရင် "ဘယ်ခန္ဓာလာလာ မရှိတာပဲ
သိရမယ် ၊ အဲဒီလို မလွတ်တမ်းကြည့်ပေးတော့
မိမိ ရထားတဲ့ ခန္ဓာငါးပါး မရှိမှု သိရတဲ့အတွက်
ဝိပဿနာ သမ္မာဒိဌိဖြစ်တယ်" ဆိုတာ မှတ်
လိုက်ကြတော့ ... ။

ယခုတော့ ဒကာ,ဒကာမတို့ ဒီလိုသိတဲ့ အသိဟာ
တန်ဖိုးမဖြတ်နိုင်ဘူး ...ဒီအသိမျိုး မသိသေးရင်
သိအောင်လုပ် ၊ သိရရင်လည်း တိုးတက်
လာအောင် ကြိုးစားကြရမယ် ။
ဒီ အသိမျိုးတာရှည်သိရင် နိဗ္ဗာန်​နားကပ်
နေပြီလို့သာ မှတ်လိုက်ကြ ... ။

ဒီလိုကြည့်တဲ့အခါမှာ ဝိပဿနာဥာဏ်က
ပေါ်လာတဲ့ စိတ်ကလေးမရှိတာချည်း
မြင်နေရမယ် ၊ ဒီလိုမြင်တာ နိဗ္ဗာန်​ကို တစ်စိတ်
တစ်ဒေသမြင်တာပဲလို့မှတ်ကြ ၊ ဝိပဿနာဥာဏ်က
ဒီလို နိဗ္ဗာန်​ကို တစ်ဒေသမှ မမြင်ရင် မဂ်ဥာဏ်
မပေါ်နိုင်ဘူး ၊ ဒါကြောင့် ခန္ဓာငါးပါး ဘာပေါ်ပေါ်
မြင်စိတ်, ကြားစိတ်, နံစိတ်, စားစိတ်,
တွေ့သိစိတ်, တွေးကြံစိတ် ပေါ်ချင်တာပေါ်
မလွတ်အောင်သာ ရှုပေးကြ ၊ ရှုတဲ့အခါ
ပေါ်လာပြီး မရှိတာကို သိစေရမယ်.. ရှင်းပြီလား

ဒီတော့ ...,
ဒကာ,ဒကာမတို့ နည်းရကြပြီ၊ နည်းရရင်
ကြိုးစားသာရှုကြပေတော့ ရှုတဲ့အခါ
ကိုယ်ရှုနေတဲ့ ဝိပဿနာလုပ်ငန်းဟာ ခရီးရောက်
မရောက် ဘယ်လို သိရမလဲဆိုတော့
မူလပဏ္ဏာသ အဌကထာ မှာ ဖွင့်ဆိုထားတဲ့
စကားက - ဝိပဿနာ သမ္မာဒိဌိ ခရီးရောက်
မရောက် သိဖို့ရာမှာ ခန္ဓာမရှိတာကို သိအောင်
ကြည့်နိုင်ရင် ခရီးရောက်ပြီလို့ မှတ်ရမယ် ... လို့
ဖွင့်ဆိုထားတယ် ...

ကျေးဇူးတော်အရှင်မိုးကုတ်ဆရာတော်ဘုရားကြီး

ဒုလ္လဘဒေသနာ
တွဲ( ၅ ) ၊ စာ(၁၂၂)မယ် အသေးစိတ်လေ့လာလို့ရနိုင် ကျင့်နိုင်သိနိုင်ပေလိမ့်မည်။

https://s3.us-east-2.amazonaws.com/partiko.io/img/kochannpt4-lbs0kutv-1536664538700.png

ခန္ဓာမရှိတာ သိရမယ် | Ecency