မြန်မာ့လက်ဝှေ့ကို ရိုးရာလက်ဝှေ့ ၊ ဗန်တိုလက်ဝှေ့လို့လည်း ခေါ်ဝေါ်ကြပြီး မြန်မာနိုင်ငံမှာ အစပြုထွန်းကားတဲ့ ရိုးရာအားကစားနည်းတစ်ရပ်ဖြစ်ပါတယ်။
လက်သီး ၊ တံတောင် ၊ ခြေထောက် ၊ ဒူး ၊ ဦးခေါင်းတို့ကို လွတ်လပ်စွာအသုံးပြုခွင့်ရှိပြီး ဘယ်အကာအကွယ်ပစ္စည်းကိုမှ အသုံးပြုခြင်းမရှိပါဘူး။ မြန်မာလက်ဝှေ့ဟာ တခြားအရှေ့တောင်အာရှလက်ဝှေ့နည်းတွေဖြစ်တဲ့ ထိုင်းနိုင်ငံက မွေထိုင်း ၊ လာအိုနိုင်ငံက မွေလာအို ၊ ကမ္ဘောဒီးယားနိုင်ငံက ခွန်ခမာ ၊ မလေးရှားနိုင်ငံက တိုမွိုင်အားကစားနည်းတွေနဲ့ ပုံစံတူဖြစ်ပါတယ်။ လက်ဝှေ့ထိုးသတ်ခြင်းအားကစားဟာ ပျူခေတ်ကတည်းက ရှိခဲ့တယ်လို့ယူဆရပေမယ့် သက်သေအထောက်အထားတွေကိုတော့ ပုဂံခေတ်မှာသာတွေ့ရှိရတယ်လို့ ဆိုပါတယ်။ ပုဂံဂူဘုရားတချို့ရှိ နံရံဆေးရေးပန်းချီတွေမှာ လက်ဝှေ့ ၊ နပန်း အားကစားသမားတွေနဲ့ ကခုန် ၊ တီးမှုတ်နေတဲ့ သဘင်သည်တွေကို တွေ့မြင်ရပါတယ်။ ရှေးမြန်မာဘုရင်တွေလက်ထက်မှာ လက်ဝှေ့ပညာကို စစ်ပညာရပ်တွေနဲ့ အတူ သင်ကြားပေးတဲ့အပြင် လက်ဝှေ့ပွဲတွေကိုလည်း ခမ်းခမ်းနားနားကျင်းပပေးလေ့ရှိတယ်လို့ သိရပါတယ်။ မြန်မာ့လက်ဝှေ့ထိုးသတ်ရာမှာ နောက်ခံဆိုင်းကို မြန်ဆိုင်းဝိုင်းကြီးနဲ့ တီးမှုတ်ပေးရပါတယ်။ လက်ဝှေ့ပွဲ မစမီ တွဲဆိုင်းရှာတဲ့အခါမှာ ဖြစ်စေ ၊ အရှုံးအနိုင်ပြီးတဲ့အခါမှာ ဖြစ်စေ လက်ဝှေ့ရေးပြရပါတယ်။ မြန်မာနိုင်ငံအနေနဲ့ ပြည်ပနိုင်ငံတွေကို ချစ်ကြည်ရေးသွားရောက်ယှဉ်ပြိုင်ကစားခဲ့ဖူးသလို ပြည်တွင်းကိုလည်း ဖိတ်ခေါ်ပြီး ယှဉ်ပြိုင်ကစားဖူးပါတယ်။