This content got low rating by people.
“Brokeback Mountain” (2005)
“I wish I knew how to quit you.” ~ Jack Twist
Ennis Del Mar ရဲ့ ဘ၀က ငယ်ငယ်တည်းက မဖြောင့်ဖြူးခဲ့ဘူး။ သူလူမှန်းသိတတ်စမှာပဲ ဆုံးရှူံးလိုက်ရတဲ့ မိဘတွေကိုယ်စား၊ အစ်ကိုနဲ့အစ်မတို့က ပျိုးထောင်ခဲ့လို့ လူလားမြောက်ခဲ့ပြီးမှာ ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်ဖို့ ကြိုးစားနေတဲ့သူ။ စေ့စပ်ထားပြီးသား ချစ်သူ Alma နဲ့ လက်ထပ်နိုင်ဖို့အရေး ပိုက်ဆံစုနေတဲ့ Ennis တစ်ယောက်၊ Wyoming ပြည်နယ်က Brokeback တောင်တန်းတွေပေါ်မှာ ဆောင်းအကုန်ကနေ၊ နွေရာသီဆုံးတဲ့အထိ သိုးတစ်အုပ်ကို ထိန်းပေးရမယ့်အလုပ်ကို လာလျှောက်တဲ့နေ့မှာ၊ သူ့လိုပဲ အလုပ်လာရှာတဲ့ Jack Twist နဲ့ ဆုံမိတယ်။
တစ်ယောက်နဲ့တစ်ယောက် အစပိုင်းမှာ ခပ်တန်းတန်းဖြစ်နေခဲ့ပေမယ့်၊ တောကြီးမျက်မည်းထဲမှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ရင်းနဲ့ တဖြည်းဖြည်း ရင်းနှီးလာခဲ့ကြတဲ့ သူတို့နှစ်ယောက်၊ မထင်မှတ်ပဲ ခိုက်ခိုက်တုန်အောင်အေးတဲ့ ညတစ်ညကို စိတ်လွတ်ကိုယ်လွတ် ဖြတ်သန်းမိခဲ့ကြတော့တယ်။ Ennis ဖက်က သူတို့ရဲ့ ဒီလိုဆက်ဆံရေးဟာ တစ်ညတာကိစ္စပဲလို့ ဆုံးဖြတ်ပေမယ့်၊ နှလုံးသားဆန္ဒကို မလွန်ဆန်နိုင်တဲ့ သူတို့နှစ်ယောက်ကြားက တပ်မက်မှူနဲ့ သံယောဇဉ်ကတော့ တစ်စတစ်စ ကြီးမားလာခဲ့ချိန်မှာပဲ၊ နှစ်ယောက်လုံး အလုပ်ရပ်ဆိုင်းခံရလို့ ကိုယ့်လမ်းကိုယ်လျှောက်ရဖို့ ဖြစ်လာခဲ့တယ်။
Enni က သူရည်ရွယ်ထားတဲ့အတိုင်း ချစ်သူ Alma နဲ့ လက်ထပ်ခဲ့ပြီး တစ်အိုးတစ်အိမ် ထူထောင်ခဲ့သလို၊ Jack ကလည်း ရေကြည်ရာမြက်နုရာလွင့်ရင်း Lureen Newsome ဆိုတဲ့ သူနဲ့ဝါသနာတူကောင်မလေးနဲ့ဆုံပြီး အိမ်ထောင်ကျခဲ့တယ်။ ဒီလိုနဲ့ အချိန်လေးနှစ်တာလွန်ခဲ့သလို၊ နှစ်ယောက်သား ကိုယ့်ဘ၀နဲ့ကိုယ် အခြေကျနေခဲ့ချိန်မှာ၊ တစ်ချိန်ကစွဲလမ်းခဲ့ဖူးတဲ့ Ennis ရဲ့ဘ၀ထဲကို Jack ပြန်ဝင်လာချိန်မှာတော့၊ Brokeback တောင်တန်းပေါ်မှာ နှစ်ယောက်အတူ ဖြတ်သန်းခဲ့တဲ့ တစ်ခုသောနွေကာလဟာ Jack နဲ့ Ennis တို့ရဲ့ဘ၀တွေကို ကမောက်ကမဖြစ်စေဖို့ အကြောင်းဖန်လာတော့တယ်။
IMDB – 7.7/10
Metacritic - 87%
Rotten Tomatoes – 87%
~~~ ~~~ ~~~ ~~~ ~~~ ~~~
~~~ ~~~ ~~~ ~~~ ~~~ ~~~
အကယ်ဒမီပေးပွဲမှာ ဆုရှစ်ဆုအတွက် လျာထားခြင်းခံခဲ့ရပြီး၊ အကောင်းဆုံး ဒါရိုက်တာဆု အပါအ၀င် အကယ်ဒမီသုံးဆု ဆွတ်ခူးခဲ့သလို၊ Heath Ledger နဲ့ Jake Gyllenhaal တို့အတွက် အကောင်းဆုံး ဇာတ်ဆောင်ဆု nomination ကိုယ်စီရစေခဲ့တဲ့ ဒါရိုက်တာ Ang Lee ရဲ့ လက်ရာ Brokeback Mountain ဟာ ရုပ်ရှင်သုံးသပ်သူ အသိုင်းအ၀ိုင်းမှာရော၊ ၀င်ငွေအပိုင်းမှာပါ အောင်မြင်ခဲ့တဲ့ဇာတ်ကားပါ။ LGBT လောကအပေါ် လူတွေလက်ခံမှူထက်၊ လူတွေလက်ခံမှူကို ဒီလိုချစ်သူတွေ ဘယ်လိုရင်ဆိုင်ရလဲဆိုတဲ့ ရှူထောင့်ကနေ တင်ဆက်သွားခဲ့တဲ့ ဒီဇာတ်ကားဟာ ကြီးကြီးကျယ်ကျယ် topic တွေထက်၊ လူသားတစ်ဦးချင်းစီရဲ့ ခံစားချက်ကိုပဲ အဓိကထား ချပြသွားခဲ့လို့၊ လူသားတိုင်းနဲ့ အကျုံးဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ်ဆိုရင် မမှားပါဘူး။
Annie Proulx ရဲ့ ၀တ္ထုတိုကို အခြေခံထားတဲ့ ဒီကားဟာ Ang Lee ရဲ့ ထုံးစံအတိုင်း အသက်ရှူမှားစရာ ရိုက်ချက်တွေအပြည့်နဲ့ပေမယ့်၊ Brokeback Mountain မှာ Lee တကယ်အစွမ်းပြခဲ့တဲ့ နေရာက နည်းပညာပိုင်း မဟုတ်ခဲ့ပါဘူး။ Hulk လို superhero ဇာတ်ကားမှာ၊ ၀ရုန်းသုန်းကားနိုင်တဲ့ လူသန်ကြီးထက်၊ အများရဲ့အပယ်ခံ၊ မိဘမေတ္တာငတ်ခဲ့တဲ့ ဇာတ်ကောင်တစ်ကောင်ကို ချပြသွားတဲ့ Lee ဟာ၊ ဒီကားမှာလည်း အပေါ်ကပြောသလို၊ LGBT အသိုက်အ၀န်းအပေါ် ကမ္ဘာရဲ့အမြင် ဆိုတာမျိုးလို topic ကြီးတွေထက်၊ ယောင်္ကျားနှစ်ယောက်ကြားက ဖွင့်ပြောခွင့်မရတဲ့ အချစ်တစ်ခုအကြောင်းကိုပဲ အသားပေး တင်ဆက်သွားခဲ့တယ်။
တကယ်လို့များ၊ Brokeback တောင်တန်းရဲ့ မိန်းမောဖွယ်သာယာမှူနဲ့ ခြောက်ခြားဖွယ်ရက်စက်မှူတို့ကို အလှပဆုံးရိုက်ပြရင်း၊ သဘာဝတရားနဲ့ Jack နဲ့ Ernis တို့ကြားက ဆက်ဆံရေးကို ထင်ဟပ်စေခဲ့တဲ့ Lee ရဲ့ အစွမ်းဟာ ဒီဇာတ်ကားရဲ့နောက်ကွယ်က မောင်းနှင်အားဆိုရင်၊ Brokeback Mountain ကို အသက်ဝင်လာစေခဲ့တာက ခေါင်းဆောင်မင်းသားနှစ်ယေက်ပါပဲ။ ဒါပေမယ့်၊ မိုက်ရူးရဲဆန်တဲ့ Jack Twist ဇာတ်ရုပ်ကို အလွယ်တကူလို့ ထင်ရလောက်အောင် အသက်သွင်းခဲ့တဲ့ Gyllenhaal အပါအ၀င်၊ သူ့နေရာနဲ့သူ ပိုင်နိုင်ခဲ့ကြတဲ့ Michelle Williams, Anne Hathaway တို့လို တခြားသရုပ်ဆောင်တွေရဲ့ အရည်အသွေးကို မှေးမှိန်သွားစေတယ်ထင်ရအောင် လုပ်ပြသွားတာကတော့ Heath Ledger ပါပဲ။
ငယ်ငယ်တည်းက၊ “အခြောက်”ဆိုရင် မုန်းရမယ်၊ရွံရမယ်လို့ သင်ပေးခံခဲ့ရတာမို့၊ သူ့ရင်ထဲက ခံစားချက်အစစ်ကို ကိုယ်တိုင်မုန်းတီးတတ်ဖို့ ကြိုးစားခဲ့ရတဲ့ Ennis အဖြစ် သရုပ်ဆောင်ခဲ့တယ် ဆိုတာထက်၊ Ledger တစ်ယောက် Ennis တကယ်ဖြစ်သွားခဲ့တယ်လို့ဆိုရင် ပိုမှန်မလားလို့တောင် ထင်စရာပါ။ Jack ရဲ့ အင်္ကျီကို တယုတယ ရှိုက်နမ်းနေတဲ့ Ennis ရဲ့ ပုံစံဟာ၊ အချစ်တစ်ခု ဆုံးရှူံးလိုက်ရတဲ့ ဝေဒနာခံစားချက် ဘယ်လိုဆိုတာကို ကြည့်နေတဲ့သူ တကယ်ခံစားမိစေသလို၊ ဇာတ်ကားတစ်ကားလုံးမှာ အထီးကျန်လူသား တစ်ယောက်ရဲ့ ခံစားချက်ကို စကားလုံးတွေထက် မျက်လုံးတွေနဲ့ပဲ ပြောပြသွားခဲ့ပုံက၊ အကယ်ဒမီဆုရှင် ဒီမင်းသားကို ပရိသတ်တွေ ပိုပြီးလွမ်းဆွတ်မိစေမှာပါ။
အမှန်အတိုင်း ၀န်ခံရရင်၊ ဒီကားကို ပထမဆုံးကြည့်ခဲ့ဖူးတဲ့အချိန် ဆယ်တန်းနှစ်က ကျွန်တော်ဟာ၊ အနည်းနဲ့အများတော့ homophobe တစ်ယောက်ပါ။ ယောင်္ကျားလေးထုံးစံအတိုင်း ကောင်မလေးနှစ်ယောက်ကို ပုံမှန်မဟုတ်တဲ့ အခြေအနေနဲ့ အတူတွဲမြင်ရရင် ဂရုတစိုက် လိုက်ကြည့်တတ်ပေမယ့်၊ ယောင်္ကျားနှစ်ယောက်ဆိုရင် နှာခေါင်းရှူံ့တတ်ခဲ့ပါတယ်။ ကျွန်တော့်ကို အဲဒီလိုလူစားမျိုးအဖြစ်ကနေ အလုံးစုံရင့်ကျက်စေခဲ့တာ Brokeback Mountain လို့ မဆိုသာပေမယ့်၊ ရင့်ကျက်လာအောင် လမ်းစဖွင့်ပေးခဲ့တဲ့အရာက ဒီဇာတ်ကားဆိုတာကတော့ အမှန်ပါပဲ။
Ennis Del Mar ရဲ့ သူ့ခံစားချက်ကို ထုတ်ပြောခွင့်မရတဲ့အဖြစ်ဟာ၊ လူမျိုးခြား၊ဘာသာခြား ကောင်မလေးတစ်ယောက်ကို ချစ်ကြိုက်ခွင့်မရှိတဲ့ ကောင်လေးတစ်ယောက်ရဲ့အဖြစ်နဲ့ မခြားနားသလို၊ ကိုယ်ဝါသနာပါတဲ့အရာကို စွန့်လွှတ်ပြီး၊ ဘ၀အာမခံချက်ရှိတဲ့အလုပ်ကို ရွေးချယ်ရတဲ့သူတစ်ယောက်ရဲ့ အဖြစ်နဲ့လဲ အလားသဏ္ဍာန်တူပါတယ်။ ဒီလို၊ လူ့အသိုင်းအ၀ိုင်းရဲ့ သတ်မှတ်မှူတွေကြား ကိုယ့်ဆန္ဒကို မျိုသိပ်ထားရတဲ့သူတွေအားလုံးရဲ့အဖြစ်နဲ့ ထပ်တူမို့ အားလုံးနဲ့ အကျုံးဝင်တဲ့ ဇာတ်လမ်းတစ်ပုဒ်လို့ အပေါ်မှာ ပြောခဲ့တာပါ။
ထွက်ရှိတာဆယ်နှစ်ကြာလာတဲ့အထိ၊ လူပြောများနေဆဲဖြစ်တဲ့ အချိန်တန်ရင် ဂန္တ၀င်ကားစာရင်းဝင်မယ့်လို့ ယူဆရတဲ့ Brokeback Mountain ကို “အခြောက်ကားကြီးပါကွာ”လို့ လွယ်လွယ်ကူကူ သမုတ်လိုက်လို့ ရသလို၊ ယောင်္ကျားနှစ်ယောက်၊ … … လူသားနှစ်ယောက်ကြားက ထုတ်ပြခွင့်မရတဲ့မေတ္တာကို အကောင်းဆုံး တင်ဆက်ခဲ့တဲ့ကားလို့ သတ်မှတ်လို့လည်း ရပါတယ်။ ကျွန်တော့်အတွက်ကတော့၊ ဒီဇာတ်ကားဟာ ရုပ်ရှင်ဇာတ်လမ်းတစ်ခု ဆိုတာထက်၊ လူတစ်ယောက်မှာ အပြင်ပန်းထက်၊ သူ့ရဲ့ sexual orientation ထက် အရေးပါတာတွေ အများကြီးရှိသေးပါလားဆိုတာကို ပထမဆုံးအကြိမ်မြင်သာစေခဲ့တဲ့၊ ကျွန်တော့်ရဲ့ ဘ၀တက္ကသိုလ်က သင်ခန်းစာတစ်ပုဒ်ပါပဲ။
photo from google 