အလှဖွေရှာ ဘဝမှာ

khaylay(49)
Published in
#msu
Words
94
Reading
1 min
Listen
Play
8y

image
'သူ့စရိုက်ကို
မကြိုက်မချစ် မနှစ်မလို
ငြင်ငြိုသည်များ ခဏထား၍
သူ့နားခိုအောင်း အကြောင်းတရား
အကောင်းများကို လိုလားစူးစိုက်
ထုတ်နှိုက်မြင်သိ နှစ်လိုကြည့်ပါ
သူ၏ကိုယ်မှာ ထိုအခါ၌
ပြစ်နာပျောက်စင် ချစ်စရာမြင်၍
ကြည်လင်လှပလာလိမ့်မည်။
မိမိကိုယ်မှာ ထိုအခါ၌
မေတ္တာကောက်လွင် ကရုဏာယှဉ်၍
ဖြူစင်လှပပါလိမ့်မည်။'
မနှစ်သက်ဖွယ်သော လူသားများနှင့် ပေါင်းသင်းဆက်ဆံရသည့်တိုင် မိမိ၏စိတ်ကလေးကို အကောင်းဖက်သို့ ရွေ့လိုက်လျှင် အလှတရားကိုရှာဖွေတွေ့ရှိနိုင်ကြောင်း အထက်ပါအတိုင်း ဆရာက ဆုံးမထားသည်။
'လူ့လောကအလှ သစ္စာတရားဖွေရှာ ဘယ်မှာတွေ့နိုင်တာအယူအဆများစွာ'ဟူသည့် အကယ်ဒမီစန္ဒာရားလှထွဋ်၏ 'အလှသစ္စာသီချင်းကို အမှတ်ရမိသည်။ လောက၏အလှ ဘဝ၏အလှ သစ္စာတရား၏ အလှ အလှကိုယ်စီ အယူအဆကိုယ်စီ ကိုယ်င အလှကိုရှာဖွေနိုင်ကြပါပေ၏။ အလှတရား၏ အဓိပ္ပါယ်မှာလည်း ကျယ်ပြန့်လှသည်။ အဆိပ်ရှိသည့် မှိုများသည် အရောင်အသွေးတောက်ပပြီး အလွန်လှပတတ်ကြောင်းသိရှိရသောအခါ အလှတရားကို သတိကြီးကြီးထားကာ အဓိပ္ပါယ်ဖွင့်မိ၏။ ကျွန်မကတော့ ' အလှတရားဟူသည် အတွင်းစိတ်တွင် အခြေခံ၏။ ကြံ့ခိုင်သော ကိုယ်ကျင့်သီလရှိမှသာ ပြည့်စုံသည်'ဟု ယူဆထား၏။
မေတ္တာ ကရုဏာ မုဒိတာ ဥပေက္ခာ ဟူသည့် ဗြဟ္မစိုရ်တရားလေးပါးကိုလက်ကိုင်ထား၍ လူမှုပတ်ဝန်းကျင်တွင် ချစ်သူ မုန်းသူမခွဲခြားဘဲ ဆက်ဆံခြင်းသည် စိတ်၏အလှတရားဖြစ်သည်။ စိတ်၏အလှတရားသည် ဘဝ၏အလှတရားဖြစ်ပါတော့၏။
ထို့ကြောင့် ကျွန်မတို့သည်လည်း သာယာလှပသောဘဝတစ်ခုကို တက်စွမ်းသမျှ ကြိုးစားပုံဖော်ရင်း အနာဂတ်လူသားများအတွက်လည်း စစ်မှန်သော အလှတစ်ခုကို လက်ဆင့်ကမ်းချန်ထားပေးခဲ့နိုင်ရန် ကြိုးစားရဦးမည်သာ။ လူသားတိုင်းစစ်မှန်သော ဘဝ၏အလှတရားများကို ရှာဖွေတွေ့ရှိ နိုင်ကြပါစေကြောင်း ဆုမွန်ကောင်းများ ပို့သလိုက်ရပါသည်။
msu-007

အလှဖွေရှာ ဘဝမှာ | Ecency