📷📝📝

kbkb(39)
Published in
#artzone
Words
242
Reading
2 min
9y
Listen to this post
~2 min

မဟာသုပိနသုတ်လာ အိပ်မက်ကြီး (၅) မျိုး နှင့် အကျိုးများ

ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင် အိပ်မက်ကြီး (၅) မျိုးကို မြင်မက်တော်မူပါသည်။

၁။ ပထမအိပ်မက်

အယံ မဟာပထဝီ မဟာသယနံ အဟောသိ - ဤမြေကြီးသည် မြတ်သော အိပ်ရာ ဖြစ်၏ဟု၎င်း၊

ဟိမဝါ ပဗ္ဗတရာဇာ ဗိဗ္ဗောဟနံ အဟောသိ - ဟိမဝန္တာတောင်မင်းသည် ခေါင်းအုံး ဖြစ်၏ဟု၎င်း၊

ပုရတ္ထိမေ သမုဒ္ဒေ ဝါမော ဟတ္ထော သြဟိတော အဟောသိ - အရှေ့သမုဒ္ဒရာ၌ လက်ဝဲလက်ကို တင်ထား၏ဟု၎င်း၊

ပစ္ဆိမေ သမုဒ္ဒေ ဒက္ခိဏော ဟတ္ထော သြဟိတော အဟောသိ - အနောက်သမုဒ္ဒရာ၌ လက်ယာလက်ကို တင်ထား၏ဟု၎င်း၊

ဒက္ခိဏေ သမုဒ္ဒေ ဥဘော ပါဒါ သြဟိတာ အဟေသုံ - တောင်သမုဒ္ဒရာ၌ ခြေတော်အစုံကို တင်ထား၏ဟု၎င်း -

ဤသို့ မြေကို အိပ်ရာ၊ ဟိမ၀န္တာတောင်ကို ခေါင်းအုံး၊ အရှေ့သမုဒ္ဒရာ လက်ဝဲလက်၊ အနောက်သမုဒ္ဒရာ လက်ယာလက်၊ တောင်သမုဒ္ဒယာကို ခြေတော်အစုံတင်လျက် အိပ်မက်တော်မူခြင်းသည် အတု မရှိသော အရဟတ္တမဂ်ဉာဏ်ကို ထိုးထွင်း၍ သိတော်မူရန် ဖြစ်၏။

၂။ ဒုတိယအိပ်မက်

တိရိယာ နာမ တိဏဇာတိ နာဘိယာ ဥဂ္ဂန္တွာ နဘံ အာဟစ္စ ဌိတာ အဟောသိ။

တိရိယမည်သော မြက်မျိုးသည် ချက်မှ အထက်သို့ တက်ပြီးလျှင် ကောင်းကင်သို့ ထိ၍ တည်၏ဟု အိပ်မက်ခြင်းသည် လူ့ပြည် နတ်ပြည်တိုင်အောင် ကောင်းစွာ ပြအပ်သော မြတ်သော အင်္ဂါရှစ်ပါးရှိသော မဂ်ကို ထိုးထွင်း၍ သိရန် ဖြစ်၏။

၃။ တတိယအိပ်မက်

ကိမီ ကဏှသီသာ ပါဒေဟိ ဥဿက္ကိတွာ ယာဝ ဇာဏုမဏ္ဍလာ ပဋိစ္ဆာဒေသုံ။

မည်းနက်သော ဦးခေါင်းရှိသည့် ပိုးကောင်အဖြူတို့သည် ခြေတို့မှ တက်၍ ပုဆစ် ဒူးဝန်းတိုင်အောင် ဖုံးလွှမ်းကုန်၏ဟု အိပ်မက်ခြင်းသည် ဖြူသောအဝတ်ကို ဝတ်ကုန်သော များစွာသော လူအပေါင်း၏ မြတ်စွာဘုရားအား အသက်ထက်ဆုံး ဆည်းကပ်ကိုးကွယ်ခြင်းကို ထိုးထွင်း၍ သိရန် ဖြစ်၏။

၎။ စတုတ္ထအိပ်မက်

စတ္တာရော သကုဏာ နာနာဝဏ္ဏာ စတူဟိ ဒိသာဟိ အာဂန္တွာ ပါဒမူလေ နိပတိတွာ သဗ္ဗသေတာ သမ္ပဇ္ဇိံသု။

အဆင်းအမျိုးမျိုးရှိသည့် ငှက်လေးမျိုးတို့သည် အရပ်လေးမျက်နှာတို့မှ လာ၍ ခြေရင်း၌ ကျပြီးလျှင် အားလုံး အဖြူချည်းတို့သာ ဖြစ်ကုန်၏ဟု အိပ်မက်ခြင်းသည် -

မင်းမျိုး ပုဏ္ဏားမျိုး ကုန်သည်မျိုး သူဆင်းရဲမျိုးဟူကုန်သော အမျိုးလေးပါးတို့၏ မြတ်စွာဘုရား သာသနာတော်၌ လူ့ဘောင်မှ ရဟန်းဘောင်သို့ ဝင်ရောက်၍ အတုမရှိသော အရဟတ္တဖိုလ်အား မျက်မှောက်ပြုကြသည်ကို ထိုးထွင်း၍့ သိရန် ဖြစ်၏။

၅။ ပဉ္စမအိပ်မက်

မဟတော မီဠှပဗ္ဗတဿ ဥပရူပရိ စင်္ကမတိ အလိပ္ပမာနော မီဠှေန။ ကြီးစွာသော မစင်တောင်၏ အဆင့်ဆင့်၌ မစင်ဖြင့် မလိမ်းကျံဘဲ စကြံသွားရ၏ဟု အိပ်မက်ခြင်းသည် -

သင်္ကန်း ဆွမ်း ကျောင်း အိပ်ရာနေရာ သူနာ၏ အထောက်အပံ့ ဆေးအသုံးအဆောင်တို့ကို ရသော မြတ်စွာဘုရား၏ ထိုပစ္စည်းလေးပါးကို မမက်မော မတွေဝေ တဏှာဖြင့် မလွှမ်းမိုးဘဲ အပြစ်ကို ရှုလေ့ရှိသည်ဖြစ်၍ ထွက်မြောက်ကြောင်းကို သိလျက် သုံးဆောင်ခြင်းကို ထိုးထွင်း၍ သိရန်ဖြစ်၏။

ပူဇော်အထူးကို ခံတော်မူထိုက်သော အလုံးစုံသောတရားတို့ကို ကိုယ်တိုင် မှန်စွာသိတော်မူသော မြတ်စွာဘုရားအား သစ္စာလေးပါးတရားကို မသိသေးမီ ဘုရားအလောင်းဖြစ်စဉ်ကပင် ဤအိပ်မက်ကြီး ငါးမျိုးတို့သည် ထင်ရှားဖြစ်ပေါ်လာကုန်၏ဟု မိန့်တော်မူပါသည်။

မဟာသုပိနသုတ်၊ ဗြာဟ္မဏဝဂ်၊ စတုတ္ထပဏ္ဏာသ၊ ပဉ္စကနိပါတ်၊ အင်္ဂုတ္တရနိကာယ်
image
မေတ္တာဖြင့်
kbkb@kbkb