~ဒေါက်တာသက်ဝင်း
၂၇ ဇူလိုင် ၂၀၁၇~
လက်တို့ပြီးတော့... ပြောရအုံးမယ်...
Influenza Virus တုပ်ကွေး ဗိုင်းရပ် ဆိုတာ…
- Influenza Virus ဟာ A, B, C & D ဆိုပြီး 4 မျိုးရှိပါတယ်။
- Type A နဲ့ B ဟာ seasonal flu ခေါ် လူတွေကြားမှာ ရာသီတုပ်ကွေးအဖြစ် ဖြစ်လေ့ရှိပါတယ်။
- Type C က တော့ လူတွေမှာ တုပ်ကွေးတတ်ပေမယ့် ယေဘူယျအားဖြင့် ရောဂါလက္ခဏာ ပြင်းထန်လေ့မရှိပါ။
- Type D ကတော့ ကျွဲ နွား လို့ခေါ်တဲ့ cattles တွေမှာသာရောဂါဖြစ်လေ့ရှိပြီး ယနေ့အထိ လူကိုကူးစက်တာ မတွေ့ရသေးပါ။
H1N1 ဆိုတာဘာလဲ…
- H1N1 ဆိုသည်မှာ Influenza Virus Type A ရဲ့ အမျိုးကွဲတစ်ခုဖြစ်ပါသည်။
- တုပ်ကွေး ဗိုင်းရပ်စ်၏ မျက်နှာပြင်တွင်ရှိ ပရိုတိန်းဓါတ်များဖြစ်သော Hemagglutinin အားအတိုကောက် H ဟုခေါ်ကာ Neuraminidases အား N ဟုခေါ်သည်။
- H အမျိုးအစား စုစုပေါင်း ၁၈ မျိုး (H1 to H18) ၊ N အမျိုးကွဲပေါင်း ၁၁ မျိုး (N1 to N11) ရှိပါသောကြောင့် မျိုးစပ်လိုက်လျှင် H1N1, H1N2, H1N3, …, H18N11 စသဖြင့်မရေမတွက်နိုင်အောင်များလှပေသည်။
H1N1 ဘယ်နှမျိုးရှိသလဲ…
- Seasonal H1N1 နဲ့ Pandemic H1N1 ဆိုပြီး ၂ မျိုးရှိပါတယ်။
- Seasonal H1N1 ကတော့ ဖြစ်နေကျရာသီတုပ်ကွေးဖြစ်ပြီး Pandemic H1N1 @ Swine Flu (စတွေ့တဲ့ Mexico နိုင်ငံမှာ ၀က်မွေးမြူရေးခြံကလုပ်သားတွေမှာ စတွေ့တော့ ၀က်တုပ်ကွေးလို့ခေါ်ခဲ့ကြတာပါ) ကိုတော့ ကူးစက်မြန်တုပ်ကွေးလို့ ခေါ်ကြပါတယ်။
Pandemic H1N1 ဘယ်တုန်းက ဘယ်လိုတွေ ဖြစ်ခဲ့ကြတာလဲ…
- ၁၈ မတ် ၂၀၀၉ မှာ Mexico နိုင်ငံမှာ စတွေ့တယ်လို့ WHO ကပြောပါတယ်။
၂၃ ဧပြီလ ၂၀၀၉ ရောက်တော့ (တစ်လမပြည့်ခင်) Mexico မှာ လူပေါင်း ၈၅၄ ယောက် ပြင်းထန်နမိုးနီးယားဖြစ်ပြီး ၅၉ ယောက်သေခဲ့ကြတယ်။ သေသူတွေထဲက ၁၈ ယောက်မှာ laboratory confirm လို့ခေါ်တဲ့ Pandemic H1N1 ဖြစ်ကြောင်းအတည်ပြုနိုင်ခဲ့တယ်။ - ဒီလိုနဲ့ပဲ ၂၄ ဧပြီလ ၂၀၀၉ ရောက်တော့ USA ကိုကူးကာ လူနာ ၇ ယောက်တွေ့လာရပြီ။
- ၂၇ ဧပြီ ၂၀၀၉ ရောက်တော့ Spain နိုင်ငံကို လူနာ တစ်ယောက် ကူးသွားပြီ။
- ဒီလိုနဲ့ ဇူလိုင် ၆၊ ၂၀၀၉ (ရောဂါစတွေ့ပြီး ၄ လအကြာ) မှာ တစ်ကမ္ဘာလုံးရဲ့ ၁၃၅ နိုင်ငံမှာ လူနာပေါင်း ၉၄၅၁၂ ယောက်ရောဂါဖြစ်ပွားပြီး ၄၂၉ ယောက် ပြင်းထန် နမိုးနီးယားနဲ့ သေခဲ့ကြပါတယ်။
- ၁၀ စက်တင်ဘာ ၂၀၁၀ မှာတော့ WHO က Pandemic Influenza A H1N1 ကို post-pandemic stage (တကမ္ဘာလုံးကူးစက်မှုအဆင့်ပြီးဆုံးကြောင်း) ကြေညာခဲ့ပါတယ်။
- ရောဂါဖြစ်ပွားသေဆုံးမှု Case Fatality Rate က ၀.၅% ပဲရှိပါတယ်။
ပြောချင်တာက လူနာ ၁၀၀ မှာ ၁ ယောက်တောင်မသေပါဘူးဗျာ…
(သိပ်ပြီးအကြောက်မလွန်ကြပါနဲ့ အုံးဗျ!!!
Drift ဆွဲတာကမှ ၃ ရက်အတွင်း ၂ ယောက်ပွဲချင်းပြီးတာမဟုတ်လား ခင်ဗျ???)
ဒါဆိုဘာလို့များ H1N1 ကိုရေးကြီးခွင်ကျယ်လုပ်နေရတာတုန်းဗျ…
- အဓိက ၂ ချက်ပါပဲ
၁) Seasonal Flu H1N1 က ရာသီအလိုက်ဖြစ်နေကြမို့ လူတွေမှာ ခံနိုင်ရည် (ခုခံအား) အထိုက်အလျှောက်ရှိပြီးသားမို့ ရောဂါလက္ခဏာ ပြင်းပြင်းထန်ထန်ဖြစ်လေ့မရှိပေမယ့်၊ Pandemic H1N1 @ Swine Flu ကတော့ ရောဂါပိုးကွဲ အသစ်အဆန်းဖြစ်လို့ လူတွေမှာ ခုခံအားမရှိသေးတာကြောင့် ပြင်းထန်လက္ခဏာဖြစ်နိုင်ချေ (အထူးသဖြင့် severe pneumonia လို့ခေါ်တဲ့ ပြင်းထန် အဆုတ်ရောင်) များပါတယ်။
၂) တုပ်ကွေး ဗိုင်းရပ်တို့ရဲ့သဘောသဘာဝ မျိုးစပ်ခြင်း (antigenic drift & antigenic shift) ကြောင့် တခြားတုပ်ကွေးပိုးတွေနဲ့ညား ကာ ပြင်းထန်တဲ့ လူ-လူချင်းကူးစက်တတ်သော Influenza Virus အသစ်ထွက်လာရင် ထိန်းမနိုင် သိမ်းမရဖြစ်မှာစိုးရိမ်ရတယ်လေဗျာ။
ဒါဆို H1N1 ထက်ကြောက်စရာ H တွေ N တွေရှိသေးသလား?
သေချာပေါက်ရှိတာပေါ့ဗျာ။
Avian Flu @ Bird Flu H5N1တကယ်ပါ Avian Flu H5N1 လို့ခေါ်တဲ့ ကြက်ငှက်တုပ်ကွေးတုန်းက ၁၉၉၆ တရုတ်ပြည် ဘဲ ငန်းခြံမှာတွေ့တယ်။ သတင်းထိန်ချန်ထားခဲ့တယ်။
၁၉၉၇ ကြတော့မှ Hong Kong မှာဖုံးဖိမရတော့မှ သတင်းထုတ်ပြန်တယ်။
Avian Flu H5N1 Outbreak ဖြစ်စဉ်က လူနာပေါင်း ၃၃၁ ယောက်မှာ ၂၉၃ ယောက်သေခဲ့တယ်ဗျ။
ရောဂါဖြစ်ပွားသေဆုံးမှု Case Fatality Rate က 60% တောင်ရှိတယ်ဗျ။
ပြောချင်တာက လူနာ ၁၀၀ မှာ ၆၀ သေနှိုင်ပါတယ်။ဒါကြောင့် အပေါ်ကပြောခဲ့သလို မတော်လို့များ H1N1 နဲ့ H5N1 လေးညားသွားပြီး သားသားမီးမီးလေးများထွက်လာခဲ့ရင် သေပြီဆရာ… (အကူးလဲမြန်မယ်၊ အသေလဲများမယ်လေ…!!!)
H7N9
- သူကတော့ 2013 မတ်လတုန်းက တရုတ်ပြည်မှာ လူနာတစ်ဦးစတွေ့ခဲ့တယ်။ သူလဲ ကြက်ငှက် တုပ်ကွေးအမျိုးအစားပဲ။
- သူကတော့ ဆက်ပြီးခေါင်းမထောင်လာတော့ စောင့်ကြည့်နေတယ်။
နောက်ထပ် H3N2 ဆိုတတဲ့အကောင်လဲရှိသေးတယ်ဗျ…
H1N1 ရောဂါကူးခံရရင်ဘယ်လို လက္ခဏာတွေပြမှာလဲ…
ယေဘူယျကတော့ Influenza Like Illnesses (ILI) တုပ်ကွေးနှင့်ဆင်တူသောလက္ခဏာတွေပြပါ့မယ်…
o ကိုယ်လက်မအီမသာဖြစ်ခြင်း
o အဖျားကြီးခြင်း
o ခေါင်းကိုက်ခြင်း
o အဆစ်အမြစ်နှင့် ကိုယ်လက်များကိုက်ခဲခြင်း
o လည်ချောင်းနာခြင်း
o နှာရည်ယိုချင်း
o တခါတရံ အော့အန်ခြင်း နဲ့ ၀မ်းသွားပါ့မယ်။အထက်ပါလက္ခဏာဖြစ်ပွားသူအများစုကတော့ အိမ်တွင်နားနားနေနေ နေထိုင်ကာ၊ paracetamol လို အကိုက်အခဲပျောက်ဆေးလေးသောက်ကာ၊ ရေ သို့ လတ်ဆပ်သော သစ်သီးဖျော်ရည်များများသောက်၊ လုံလောက်စွာအိပ်စက်အနားယူပါက ရက်အနည်းငယ်အတွင်းပျောက်နိုင်ပါတယ်။
ဆိုလိုချင်တာက H1N1 ဖြစ်တယ်ဆိုသူတိုင်း မသေနိုင်ပါ!!!
အများစုက မိမိကိုယ်တွင်းခုခံအားကောင်းမွန်သောသူဖြစ်က အိမ်မှာ ကိုယ့်ဘာသာကိုယ်ဆေးသောက်ရင်း ပျောက်အောင်ကုနိုင်ပါတယ်…
ဘယ်လိုလူမျိုးတွေ H1N1 ဖြစ်ရင်ကြောက်ရပါသလဲ…
- အောက်ခံနာတာရှည်ရောဂါရှိသူများ ဥပမာ-အဆုတ်၊ နှလုံး၊ ကျောက်ကပ် မကောင်းသူများ။
- ကိုယ်ဝန်ဆောင်မိခင်များ
- ခုခံအားကျရောဂါရှိသူများ ဥပမာ-HIV/ AIDS လူနာများ၊ ကိုယ်အင်္ဂါအစားထိုးကုသထားသူများ...
စသောသူများမှာ ရောဂါကူးစက်ခံရရင်တော့ Severe Pneumonia @ Severe Acute Respiratory Distress Syndrome လို့ခေါ်သော ပြင်းထန်နမိုးနီးယားဖြစ်ကာ အသက်ဆုံးရှုံးရတဲ့အထိ ဖြစ်တတ်ပါတယ်။
အဲ့ဒါကြောင် ILI ဖြစ်ပြီး အသက်ရှုကြပ်လာရင်၊ ၃ ရက်အထက် အဖျား ဆက်တိုက်ကြီးနေရင်တော့ နီးရာဆေးရုံပြေးကြပါဗျာ…
H1N1 ဖြစ်ကြောင်းတိတိကျကျ ဘယ်လိုပြောနိုင်မလဲ…
- တကယ်တမ်းတော့ အထက်ပါရောဂါလက္ခဏာတွေရှိတာနဲ့ H1N1 လို့ပြောမရပါဘူးဗျ!!!
- အဲ့လက္ခဏာတွေရှိလာရင် ILI (Influenza Like Illnesses) လို့ပဲပြောနိုင်ပါတယ်…
- သေချာချင်ရင် RIDT (Rapid Influenza Diagnostic Test) လို့ခေါ်သော မိနစ် ၃၀ နဲ့အဖြေထွက်တဲ့ ဆေးစစ်ကိရိယာသုံးကာ စစ်ဆေးခြင်း သို့မဟုတ် DFA (Direct Immunofluorescence Assay) နည်းနဲ့ ဓါတ်ခွဲခန်းမှာ စစ်မှ H1N1 လို့ပြောရမှာပါ။
- ဒါတောင် ဒီ ၂ နည်းက H1N1 လူနာ ၁၀၀ စစ်ရင် အများဆုံး အယောက် ၇၀ ကိုပဲဖေါ်ထုတ်ပေးနိုင်တာတဲ့ဗျာ။
- ပိုသေချာချင်ရင် rRT-PCT (Real time reverse transcriptase Polymerase Chain Reaction) ဆိုတဲ့ test ကိုသုံးရပါ့မယ်။ သူက ဈေးတော်တောကြီးတယ်လေဗျ။ လူနာတိုင်းဘယ်စစ်ပေးနိုင်ပါ့မလဲ…
အဲတော့ တော်ကြာနေတိုင်း ဘယ်ဆေးရုံမှာ H1N1 ဘယ်နှယောက် ရောက်နေတယ်ဆိုတိုင်း တကယ်ဟုတ် မဟုတ် ချင့်ချိန်ပြီးယုံကြပေါ့ဗျာ… (logical thinking ရှိကြပါစေ!!!)
H1N1 Vaccine ထိုးဖို့လိုလား။
- WHO ကတော့ ထိုးရင်တော့ကောင်းပါတယ်တဲ့။
- မဖြစ်မနေထိုးဖို့ မတိုက်တွန်းပါဘူး။
- များသောအားဖြင့် H1N1 ပိုး ၁ မျိုးထဲအတွက်မဟုတ်ပဲ H1N1 ရယ်၊ H3N2 ရယ်၊ Influenza B ရယ် အနည်းဆုံး ပိုး ၃ မျိုးတွဲပြီး ထုတ်ပေးထားလေ့ရှိပါတယ်။
H1N1 ရောဂါပိုးကရော ဘယ်လိုကူးတာလဲဗျ
- လူ-လူ ချင်း နာချေ၊ ချောင်းဆိုးရင်း အသက်ရှုလမ်းကြောင်းကထွက်သော အမှုန်အမွှားတွေကပဲ ကူးပါတယ်။
အဲတော့ ရောဂါကူးမခံရအောင်-
o နှာချေ၊ ချောင်းဆိုးသူတွေ့ရင် ၃ မီတာ (၃ ကိုက်) အနည်းဆုံးခွာနေလိုက်ပါ။
o မလိုအပ်ပဲ လူစည်ကားတဲ့နေရာ မသွားနဲ့ပေါ့ဗျာ။
o အပြင်ကပစ္စည်းတွေ ကိုင်တွယ်ပြီးရင် လက်ကိုသေချာစင်ကြယ်အောင် ဆပ်ပြာသုံးဆေးပါ။
o မိမိရဲ့ခုခံအားပြည့်နေအောင် အိပ်ရေး၀၀ အိပ်ပါ၊ ကောင်းကောင်းစားပါ၊ အရည်များများသောက်ပါ (အရက်၊ ဘီယာ မပါ)
o မိမိကိုယ်တိုင် နှာစေး ချောင်းဆိုး ဖြစ်က လူစည်ကားရာနေရာမသွားပါနဲ့!!! နှာစေး ချောင်းဆိုး ပါက လက်ကိုင်ပုဝါအုပ်၍ဖြစ်စေ၊ မိမိလက်ကိုအုပ်၍ဖြစ်စေ၊ ကိုယ့်အင်္ကျီ လည်ပင်းပေါက်ထဲ ခေါင်းထည့်၍ ဖြစ်စေ နှာချေ၊ ချောင်းဆိုးပါ။ ဤအရာကို cough etiquette ဟုခေါ်ပါသည်။
အခုပြောနေသော N95 mask သို့မဟုတ် surgical Mask (အစိမ်းရောင် နှာအုပ်) အုပ်ရန်လိုအပ်ပါသလား။
- WHO အကြံပြုချက်အရ N95 ကို ရောဂါဖြစ်ပွားနေသော (Outbreak declare လုပ်ထားသော) ဒေသရှိ ကျန်းမာရေး ၀န်ထမ်းများတပ်သင့်ပါသည်။
- ထိုသူတို့သည် ရောဂါကူးစက်ခံရနိုင်ချေများသောကြောင့်ဖြစ်ပါသည်။
- N95 ဆိုသည်မှာ လေထဲရှိ အလွန်သေးငယ်သော အမှုန်အမွှားများ (0.3 micron အထိ) ကို ၉၅% အထိ စစ်ထုတ်ပေးနိုင်၍ဖြစ်သည်။
သာမာန်အရပ်သားများအတွက် H1N1 ကာကွယ်ရေးတွင် N95 မဖြစ်မနေတပ်ရန် WHO အကြံပြုချက်မတွေ့ရှိရသေးပါ။
အစိမ်းရောင် surgical mask ကတော့ နှာချေ၊ ချောင်းဆိုး နေသောမည်သူမဆို တပ်သင့်ပါသည်။ မိမိထံမှ ရောဂါပိုးများ အခြားသူများထံ အလွယ်တကူမပျံ့ပွားစေရန်အတွက်ဖြစ်ပါသည်။
- အရေးကြီးဆုံးအချက်မှာ - mask များကို သေချာစနစ်တကျစွန့်ပြစ်ကြရန်ဖြစ်ပါသည်။ အသုံးပြုပြီး တခါသုံး mask များကို မီးရှိ့ခြင်း၊ အရက်ပျံ သို့မဟုတ် ပိုးသတ်ဆေးရည်တစ်မျိုးမျိုးစိမ်ပြီးမှ လွှင့်ပြစ်ကြရပါမည်။
Mask များအား စနစ်တကျ သေချာမစွန့်ပြစ်နိုင်ပါက mask မတပ်ခြင်းသည်သာအကောင်းဆုံးဖြစ်ပါလိမ့်မည်။ သို့မဟုတ်ပါက ရောဂါပျံ့ပွားနှုန်းကို ပို၍အားပေးရာရောက်ကြောင်း ပြည်သူများသိစေအပ်ပါသည်။
Ref: WHO, US-CDC, BOE-Thailand