📝

hlay(36)
Published in
#artzone
Words
191
Reading
1 min
Listen
Play
8y

Q & A

Q:
''ဆရာခင်ဗျား၊ ရှင်ငြိမ်းမယ်ရဲ့အိုင်ချင်းတပုဒ်မှာ 'စိုက်ရေးငယ်မှကျင်းကျင်း နှမလေးမယ်သာစိုက်တဲ့ ကောက်ပင်ရင်းမှာ ကင်းကိုဘယ်ကထားသလဲတော်' 'နှမလေးမယ်သာစိုက်တဲ့ကောက်ပင်ရင်းမှာ ကင်းကို လယ်ကထားသတဲ့' လို့ ရေးထားပါတယ်။ 'ကင်း' ဆိုတာ ဘာကိုပြောတာပါလဲခင်ဗျာ။အဘိဓာန်မှာလည်းမတွေ့။ နီးစပ်ရာတွေကိုမေးကြည့်တော့လည်း မသိကြလို့ပါခင်ဗျ။ တဲ့။

A:
အဖြေများကို တယောက်တဖုံစီကြံဆကြပါသည်။
၁ ကင်းစောင့်တဲဟုလည်းကောင်း
၂ စပါးစိုက်ခက်ရင်းခွတမျိုးဟုလည်းကောင်း
၃ စပါးစိုက်ရာတွင် ငန်း ကင်းစသဖြင့် အစုအငန်း ဝန်တာခွဲဝေစုဖွဲ့ရာ၌သုံးသော စပါးစိုက်သမခေါင်းဆောင် ဟုလည်းကောင်း
ကြံဆကြပါသည်။ မြန်မာစာဌာနမှ ဆရာများက ခက်ရင်းခွကို ပိုမိုအားသန်ပြီး လက်တွေ့လယ်တောသားဝေါဟာရနှင့်ရင်းနှီးသူများက စပါးစိုက်သမခေါင်းဆောင်ဟူသောအနက်ကို ပိုမိုသဘောကျကြပါသည်။

သီချင်းပဒေသာပေါင်းချုပ်ဆရာ မြန်မာပညာရှိ ဦးဖိုးလတ်ကမူ ဤကဗျာပါ ကင်းနှင့်ပတ်သက်၍ လယ်တောသားတို့ဝေါဟာရအတိုင်း အောက်ပါအတိုင်းအနက်ဖွင့်ပါသည်။

''ကင်း = လယ်ထဲတွင် ကောက်စိုက်ရာ၌ ကောက်ငန်းများဖြောင့်ရန် ဘေးတဖက်စီ၌ တယောက်စီကိုလည်းကောင်း အလယ်ခေါင်၌ တယောက်တည်းကိုလည်းကောင်း ထား၍ ရှေ့ဆောင်ကြီးကြပ်စိုက်စေသူ''

ဆရာကြီး၏အနက်ဖွင့်မှာ သင့်စနိုးဖြစ်စေကာမူ ကောက်ပင်ရင်းမှာဟူသော အသုံးနှင့်ချိတ်ဆက်တွေးသောအခါ ကောက်ပင်၏အလယ်ကို ခက်ရင်းခွ ထားကာ ထိုးစိုက်တတ်သော မိန်းမပျို၏ ဟန်က ပိုမိုသဘာဝကျသလိုဖြစ်နေပါသည်။ သို့သော် ကောက်ပင်ရင်းဟု စာသားပါရှိသဖြင့် နည်းနည်းတော့ ခွကျပါသေးသည်။

ထိုကဲ့သို့သောအရေးအသားအဖွဲ့အနွဲ့မျိုးကို ပဟေလီအလင်္ကာအဖွဲ့ဟု ဆိုသင့်၏။ တမင်အနက်ဝှက်သလို ကဗျာ့ဟန်ကလည်း ညွှန်းနေသည်။ အမှန်မှာ ''မောင်ကလေးမောင့်လည်ပင်းမှာ ညှင်းကို ဘယ်ကပွားသလဲတော်'' ''ညှင်းကို မယ်က ပွားသတဲ့''ဟူသော မိန်းမပျို၏စကားနာထိုးသံကို ကာရန်နဘေအသားပေးလိုသောကြောင့် သုံးထားသောစာသားသာ ဖြစ်ပါသည်။ ပဓာနကျသောစာသားမဟုတ်။ ဤသို့သော ခွကျကျ (တခါတရံသဘာဝမဆန်သော) စာသားများကို ဖိုးသူတော်ဦးနုစကားပုံမျိုး၌ တွေ့ရတတ်၏။ ပဓာနပြောလိုသော စာသားကို နဘေငဲ့နေရသောကြောင့်တည်း။ယခုလည်း ကြိုက်သလိုသာ အနက်ဖော်လေ။

((ဘာသာပြန်ရင်တော့ ညှင်းပွားတဲ့ စာကြောင်းကို အဓိကပြန်ဆိုသင့်ပြီး ကျန်စာကြောင်းဟာ ကာရန်စသည့် ဘာသာစကားအသုံးကစားရန် အဖြည့်ဘာသာပြန်သင့်ပါတယ်။))

ကင်းသည် ဟိုဒင်း လယ်သည် ဟိုဟာဟု ကဗျာဥာဏ်ပလီတွေး အနက်ပေးလို့လည်း လျော်သည်ပင်။

ှရှင်ငြိမ်းမယ်၏ ကဗျာနှင့် ပတ်သက်ပြီး sexual innuendo လိင်ကိစ္စဆက်နွယ်အနက်ရိပ်များအကြောင်း စကားအလျဉ်းသင့်လာပါသည့်အခါ ဘာသာစကားသည် ဤသို့သော သဘောရှိကြောင်း မှတ်ချက်ပြုရန်လိုလာသည်။

လူရွှင်တော်များ ပြက်လုံးထုတ်သည်ထက် နုနယ်သော အသုံးအနှုန်းများ ကဗျာတွင်လည်း တွေ့ရတတ်လေသည်။ ဘာသာပြန်လျှင်ပျောက်တတ်သော ရသတမျိုးတည်း။ lost in translation တွင်ထည့်ရသော untranslatable ဘာသာပြန်မရကိစ္စမျိုးဖြစ်ပါသည်။ အခြေခံအားဖြင့် ဘာသာစကားတို့တွင် ပစ္စည်း လုပ် ဟိုဒင်း စသည့်စကားလုံးများသည် အနက်ရိပ်တမျိုးတမည်ကိုပါ သယ်ဆောင်ထားကြသည်။ ရှင်ဥတ္တမကျော်၏ ''သီးမျိုးခိုင်ညှာ လပြွတ်တည်း''နှင့် ''ဘီလူးသွားလို လဖြဲတည်း''မှသည် အချုပ်တန်းဆရာဖေ၏ ''ယုဇနဝတ်မှုန်''ပြဇာတ်အထိ ရှာဖွေလေ့လာကြသူများ ရှင်ငြိမ်းမယ်၏ အိုင်ချင်းများကို မေ့နေတတ်ကြ၏။ နတ်သျှင်နောင်၏ ပန်ထွတ်ချာကဲ့သို့ပင် ရှင်ငြိမ်းမယ် အလယ်မှာထားသော''ကင်း''သည် ထူးခြားပါသည်။

လိင်အနက်ပွားသဘောသည် ဘာသာစကားတခုနှင့် တခု အမြဲမတူညီပါ။

စကားချပ်။ ။ မေးမြန်းသူသည် အင်တာနက်နှင့် အကျွမ်းဝင်သော အင်္ဂလိပ်စာအဓိကကျောင်းသား/ပညာရှင်တဦးဖြစ်ရာ အလိုရှိတိုင်း စာရှာချင်တိုင်းရှာရမလွယ်သေးသော မြန်မာစာ၏ အဖြစ်ကို သတိပြုမိပါသည်။ စနစ်ကျ ယူနီကုဒ်စနစ်တခု ပေါ်ထွက်ပြီုးမြန်မာစာသုတေသနလုပ်ငန်းများလုပ်သင့်လှပေပြီ။
image

hlay@hlay

📝 | Ecency