"တဲ့..ကောင်မလေး လူကြီးနားမှန်း မသိ၊ ဘာမှန်းမသိနဲ့..သွားသွား တို့နားမလာနဲ့” ဟုဒေါ်ထွေးသည်
လက်ညှိုးနှင့် လက်မဖြင့် သူ၏ နှာခေါင်းကို ပိတ်ကာမာန်မဲလိုက်လျှင် ဗုတ်အိုက်ကြီး ထိုင်နေသော မြကြီးသည်
“ကန်တော့ကန်တော့"ဟုဆိုကာ တော်ရာသို့ အထလိုက်- “သွားပအေ မြန်မြန် ကြည့်စမ်း ပြောလေ ကဲလေ"ဟု
မြကြီး၏တင်သား ဝတုတ်ပြဲကြီးကို တွန်းလိုက်လေ၏။ ဝလွန်းသောသူတိုင်း သည်အဖြစ်ကို တွေ့ရစမြဲ ဖြစ်လေ၏။
မြကြီးမှာ ဒေါ်ထွေး၏ တူမအရင်းဖြစ်ပြီး အသက်မှာ ၂ဝ ခန့်သာရှိသေး၏။ ကေအိုင်အိပ်ချဗလဆန်စက်ပိုင်၊
ကွယ်လွန်သူ ဦးဘတုတ်နှင့် မောင်နှမတော်ခဲ့ လေသလား မသိရ။ ဝချင်တိုင်းဝနေသူ ဖြစ်လေ၏။ မိန်းမကွင်း
လုံချည်မှာ ၃တောင်ထွာ ဝတ်လေ့ရှိကြလေရာ၊ မြကြီး ဝတ်ရန်ကား ၄တောင်ထွာ ချုပ်ရလေ၏။ သူ၏
ဇာဘော်လီအင်္ကျီများ ချွတ်ထားတုန်း တွေ့ရသူတို့က ဆန်အိတ်အခွံလားဟု မေးလောက်အောင် ကြီးကျယ်လေ၏။
အရပ်အမြင့်မှာ မိန်းမတို့ထက်မြင့်သော်လည်း ကိုယ်ခန္ဓာ ဝလွန်းသဖြင့် ပုတိုက်တိုက် ဖြစ်ကာ လမ်းသွားလျှင်
ရေစည်ကြီးကို ဒေါင်လိုက်လှိမ့်လိုက်သည်နှင့် တူလှ၏။ အချို့ လူနောက်များက -“တင်ပါးကြီးကဖြင့်ကွာ
တစ်တောင့်တစ်ထွာလောက်တောင် မကဘူး” ဟုပြောကာ အိပက်အိပက်နေသော နောက်ပိုင်းကို ကြည့်ရှု
ပြောင်လှောင်ပြောဆိုကြလေ၏။ အသက် ၂၀ ကျော်အောင်ဝတ်ဆင်မည်ဟု ကြုံးဝါးထားသော ရွှေခြေချင်းကိုလည်း
ချွတ်ထားရလေ၏။ အကယ်တွင် မြကြီးနှင့် လိုက်လျောသော ခြေချင်းကို အသစ်ပြုလုပ်ရမည်ဆိုလျှင် ကျပ်လုံးခန့်
တုတ်မှ ကြည့်လို့ကောင်းမည် ဖြစ်လေ၏။ သူထိုင်သောအခါလည်း ပစ်တိုင်းထောင် အရုပ်ပမာ များစွာ အထိုင်အထအထိုင်အထ
လေးကန်နေလေ၏။ လူ၏ဆန္ဒကား အမျိုးမျိုး ရှိ၏။ အရိုးပိန်မတို့ကလည်း လူဝဆေးကို ဖော်စား၊ ဝယ်စား ပြုကြ၏။
လူဝမတွေကလည်း လူဝ ပိန်နိုင်သည်ဆိုသော ဆေးကြော်ငြာကောင်းများ တွေ့လျှင် တွေ့ချင်း အမှာစာပို့လိုက်ကြ၏။မြကြီးမှာကား ဘယ်လိုပိန်ဆေးနှင့်မျှ ဟန်မကျ။ ဆရာဝန်ပြပြီး လည်ကုတ်ကအဆီထုတ်ယူရမည် ဆိုသဖြင့်
ဖောက်ခဲ့ရသည်မှာ ၃-၄ ကြိမ် ရှိလေပြီ။ အဝကား မပျက်ပေ။
ဟယ်သောက်စားတွေ သိပ်စားလို့ သည်လောက်ဝနေတာပဲဟု ပိန်ချင်လွန်း သောကြောင့် ထမင်းကို
တစ်ရက်လုံး မစားဘဲ အတင်းခြိုးခြံ မျိုသိပ်နေ လိုက်မိလေ၏။ နောက်တစ်နေ့၌ကား မနေ့က
ထမင်းမစားမိသည့်အတွက် ခါတိုင်းထက် အစာကြေလွယ်ကာ နှစ်ဆမက ပိုမိုစားသောက်မှ တင်းတိမ်တော့လေ၏။
အကယ်၍ အဒေါ်ဖြစ်သူက ဆင်းရဲပါမူ မြကြီးအတွက် အတော်ခက်မည် ဖြစ်လေ၏။ မျက်နှာပေါက်ကလေးက နု၍
မျက်လုံးမျက်တောင်များစွာ မညံ့သော်လည်း ၎င်း၏ ဆူဖြိုးလှသော ခန္ဓာကိုယ်ကြီးကြောင့် ကာလသားလူပျိုတိုင်း
မြကြီးအား ကြောက်ကြဟန် တူလေ၏။ ဘောလုံး ဝါသနာပါသော အချို့ လူရွယ်တို့ ခြေသလုံး တုတ်လှသည်ဟု
ပြောကြ၏။ မြကြီးသည် ထိုခြေသလုံးတွေထက် သူ သဘောမကျသူကို ဘောကန်သလို ကန်ထုတ်နိုင်မည်ကို
တွေးတောမိကြသောကြောင့်လည်း အချို့ ယောက်ျားတို့မှာ မြကြီးအား ဘာဘာညာညာ ဟဝါလိုမပြောဝံ့ခြင်း ဖြစ်ခဲ့၏မန္တလေးမြို့၊ ပဲပုပ်တန်း ပွဲကတော် ဒေါ်ထွေးကား မုဆိုးမ ဖြစ်သော်လည်း အရောင်းအဝယ်
အပေါင်းအသင်းဘက်က ကိုယ်စွမ်းကိုယ်စ ရှိသောကြောင့် နာမည်ကြီးတစ်ယောက် ဖြစ်လေ၏။
သူပိုင်သောနှစ်ဆင့်တိုက်ကြီး၌ လက်ဖက်စို၊ လက်ဖက်ခြောက်၊ ကွမ်းသီးဖက်၊ ကွမ်းသီး စသော ချိတ်ကုန်
တိုက်ကုန်တို့ဖြင့် ပြည့်လျှံလျက်ရှိလေ၏။ အတူနေများကား သမီး ၁၆ နှစ်အရွယ် သီလှ၊ တူမ မြကြီး၊ အစေခံ ဒေါ်ဝတို့
ဖြစ်လေ၏။ မြကြီးမှာ အရောင်းအဝယ်ဘက်က သီလှထက် အကူအညီ ရသောကြောင့် ဒေါ်ထွေး၏အချစ်တော်
ဖြစ်၍နေလေ၏။ ၎င်းတို့မှာ ဈေးချိုတော်တွင် ဆိုင်ခင်း၍ မရောင်းချချေ။ အဝေးနယ်နှင့် ဈေးသည်အချို့တို့အား
ဖောက်သည်ချသော လက်ကားဆိုင်ကြီး ဖြစ်လေ၏။ အမှာစာများနှင့် တကွ ၎င်းတို့တိုက်တွင်
လာရောက်ဝယ်ခြမ်းကြသူအတွက်ပါ လက်မလည်အောင် ညီအစ်မနှစ်ယောက်နှင့် ဒေါ်ထွေးပါ ရောင်းချကြရလေ၏။
မြကြီးကား အရောင်းအဝယ်ဘက်ကသာမဟုတ်၊ အိမ်မှုအိမ်ရေးတွင်လည်း ရိုးဖြောင့်စိတ်ချရလေ၏။
သီလှအတွက်မှာမူ မြကြီး ရှိသဖြင့် ဂုမ္ဘာန်ယက္ခစောင့်သော ကျွန်းဦး ဇမ္ဗူသပြေပင်နှင့် တူ၍နေလေ၏။ တစ်ခါ
ဈေးချိုတော်သို့ ညီမနှစ်ယောက် သွားစဉ် ကာလသားအချို့ကား ရိသဲ့သဲ့လုပ်ကြရာ မြကြီးမှာ ထဘီ
ခါးတောင်းကျိုက်မည့်ဟန်နှင့် ရန်တွေလွတ်သောကြောင့် ပြေးကြရလေ၏။ နှုတ်ကြမ်း အာကြမ်း ဆတ်ဆတ်ကြဲ
ဖြစ်သောကြောင့် ယောက်ျားများသာမဟုတ်၊ မိန်းမချင်းလည်း မြကြီးအား ရွံ့ကြလေ၏။ ကုန်အကြွေးယူသူ
အချို့တို့မှာ မြကြီး အလိုတော်ရှိလျှင် ရက်ကြာအောင် မဆိုင်းဝံ့ကြချေ။ သူတိုက်နားသို့ စမူချောကလေးတစ်ယောက်