"ခုပဲ ဒုန်းစိုက်ထွက်သွားကြလေရဲ့ ကွ...” မောင်ချောကမေး၍ အကြော်သည် ကိုဘအေးက ပြော၏။ “ဒါဖြင့် ကိုလေးချို ဒီအကြော်တဲက
စောင့်နေဗျာ၊ ကျွန်တော် ဟိုမြင်းလှည်းနဲ့လိုက်သွားပြီး သူတို့ထင်းလှည်းအပြန် မောင်းကြည့်ခဲ့မယ်” ဆိုပြီး မောင်ချောသည် ထွက်စပြုနေသော
မြင်းလှည်းပေါ်သို့တက်၍ လိုက်ပါသွားလေသည်။
ကိုမောင်ချိုသည် ဘာမျှမပြောနိုင်ဘဲ ဇ၍ကျန်ခဲ့၏။ အကြော်တဲအတွင်းမှ...
"ဟေ့..လာကွာဗိုလ်ချို၊ အကြမ်းသောက်ရအောင်” ဟူသော အသံကြား၍ ခေါင်းဝင်ရသော တံစက်မြိတ်အောက် ငုံ့ကြည့်လိုက်တော့...
"ဟေ... ကျော်ဆင့်တို့ပါလား၊ မင်းတို့ ဘယ်ကလှည့်လာကြလဲ" ပြောပြီး အထဲဝင်သွား၏။ နောက်တစ်ယောက်က ဖင်ထိုင်ခုံကလေးတစ်ခု
ထိုးပေး၍...
"လာဗျ.. ထိုင်၊ အကြော် နောက်ထပ်တစ်မတ်ဖိုး ထည့်ပါဦးဗျို့”
"ဟာ... မောင်မြင့်ကြီးလည်းပါလား၊ မင်းအရင်အပတ်က ဝယ်သွားတဲ့နွား... ဘယ့်နှယ်လဲ”
"သင့်ပါတယ်၊ သူ့အဖိုးနဲ့သူ တော်တယ်ပြောရမယ်ပေါ့ဗျာ"
"ကျော်ဆင့်ကော၊ မင်း ဟိုအရင်တစ်နှစ်က ဝက်တစ်ကောင်နဲ့ သက်ငယ်တစ်ရာ အလိုက်ပေးပြီးလဲသွားတဲ့ ဖိုးထိန်ဆီက
"ထမ်းပိုးကျင့်ပြီကွ၊ ခုမိုးတော့ နောက်လိုက်ကလေး ထွန်ရလိမ့်မယ်၊ အောင်မယ်... နွားကောင်းကလေးဆရာရဲ့၊ မင်းတို့ အဲဒါလေး
ထုစားကြတော့မယ် လုပ်နေတုန်းဆို”
"အေးပေါ့ကွ... မင်း မလာခင်တင်ညက လက်မတင်ကလေးလိုတော့တာ၊ သတ္တဝါတစ်ခု ကံတစ်ခုလော့၊ သူ့ကံပဲဆိုရမယ်ကွ၊ တို့ လူ ၄
ယောက်အနက် တစ်ယောက်ကစပြီး သနားစိတ်ပေါ်သတဲ့ကွ၊ ထူးထူးဆန်းဆန်း အဲဒီကောင်ဟာ ဟင်းကောင်းဆိုရင် နွားအရှင်တောင်
လျှာဖြတ်စားချင်တဲ့အကောင်၊ အဲဒီနေ့ညမှပဲ ဒီလေး သနားစိတ်ပေါ်သတဲ့ကွာ""ဒီနွားလေးဆီမှာ ငါ့မြေရှိနေသေးလို့ပေါ့ကွာ။ နို့ အဲဒီလူက ရန်ကုန်မှာ နေတဲ့ စာရေးဆရာဆို”
"အေးလကွာ မူလက တို့ရွာသားပေါ့”
"ဒါနဲ့ ဗိုလ်ချို၊ မိုးဦးကျမှ တို့ရွာက ငါဝယ်ထားပေးလိုက်တဲ့ ဝက်နက်ကလေးကော ဟန်ရဲ့လား"
"ဟန်ပါတယ်... အခု နှစ်ဆယ်ထွက်လောက်ရှိပြီကွ”
"ဘယ်တော့ စိတ်ကူးလဲ၊ တို့လည်း အကြောင်းကြားကွာ"
"ဟာ... ဒါလေးတော့ ငါတော်တော်နဲ့ မလုပ်နိုင်ဘူးကွာ၊ နွားဖြစ်အောင်လုပ်ရမယ်၊ အခု ငါ့မှာ နွားတစ်ကောင်တည်းရှိတယ်ကွ"
"ဒါဆို.. မင်းရှေ့နှစ် စပါးပေါ်လောက်ပေါ့”
"အေး... ဒီလောက်ဆို ၆၀ ထွက်လောက်မှန်းတာပဲ"
"ဟင်.. ဒီဝက်မျိုး မျိုးကောင်းကွ၊ ၆၀ မအောက်ဘူး။ ကျော်ကျော်ရမယ်၊ ငါ မင့်မို့ တမင်ရွေးဝယ်ပေးတာပဲ။
အစားအသောက်ကောင်းတယ်မဟုတ်လား"
"ဟာ သိပ်ကောင်းတာပဲ၊ ဒါနဲ့ မင့်တူပြကြီးကိစ္စက ရှောင်ရတုန်းပဲလား၊ အချင်းချင်းတွေ ဘယ်လိုကဘယ်လို ဖြစ်ကြတာလဲကွာ”