"သူ့ ခု၊ နှစ်၊ လတော့ ငါမသိဘူးပေါ့ကွာ။ မင်းလိုချင်ရင် နောက်တော့ သူ့ဆွေမျိုးတွေကို မေးကြည့်ပေါ့၊ အဲ... သူ့မွေးနေ့ကတော့
ကြာသပတေး ဖြစ်လိမ့်မယ်ကွ၊ ဘာကြောင့်လဲဆို သူ့ရဟန်းဘွဲ့တော်က ဦးပညာ၊ လူအမည်က ကိုမြင့်ဦး။ ဒါပေမဲ့ သူ မြို့ပေါ်ရောက်သွားတော့
အင်္ဂလိပ်ကျောင်းသားတွေက တောကြီး တောကြီးလို့ ခေါ်ကြသကွ...""ဒါပေါ့ဗျာ၊ မြို့သားတွေက တောသားမြို့တက်လာရင် နှိမ်ချင်ကြတာပဲဗျ၊ ဒါနဲ့ သူ အဲဒီအင်္ဂလိပ်ကျောင်းမှာ ဘယ်နှတန်းအထိ
သင်ကြားတတ်မြောက်သလဲ..."
“အဲဒါတော့ သူ့ကိုယ်သူပဲ အမှန်ကိုသိမယ်ကွ၊ သူ့မိဘများလည်း မသိဘူး၊ သူ့အပြောကတော့ ၇ တန်းဆိုလို့ သူ့မိဘများက ၇ တန်းအထိ
စာအုပ်ဖိုးတွေ ပေးနေခဲ့ရတာပါ။ ဒါပေမဲ့... သူဟာ စိတ် ကက် ကြောင့် အာရ်တီ ရက်... ကြွက်၊ ဘီအေတီ ဘက် လင်းနို့
ဗလီတံလောက်ပဲတတ်တယ်...”
"နို့ သူ အဲဒီကျောင်းက ဘယ်အရွယ်လောက်မှ ကျောင်းထွက်သလဲ”
"ဒါလည်း သူ့ကိုယ်သူပဲသိမယ်ကွ၊ ဘာကြောင့်လဲဆို... သူက ၁၃ နှစ်သား ရှင်လူထွက်လောက်မှာ မြို့ရောက်သွားလိုက်တာ
လူပျိုပေါက်လည်းဖြစ်ကရော ကျောင်းကောင်းကောင်း သွားတော့တာမဟုတ်ဘူး။ အိမ်ကငွေ တောင်းတာတောင် ခိုးတာခိုးနဲ့
နေလိုက်တာ ၁၇ နှစ်သားလောက်မှာ ဘိန်းပွဲလို့ ကျောင်းမသွားတော့ဘဲ ဖဲပဲ လျှောက်ရိုက်နေတော့တာပဲ..."
"အောင်မယ်လေး.. တကယ့် လူဆိုးလူပပါလားဗျာ၊ အေးလေ... ဒါကြောင့်ပဲ အကျွတ်တရားမြန်မြန်ရတာပေါ့၊ ကဲ ပြောပါဦး၊
သူအိမ်ထောင်ကာ ကျသလား..""ကျတာပေါ့။ သူ့မိဘများက ဒီအတိုင်းထားမဖြစ်ဘူး၊ ခြေချုပ်ရအောင် အိမ်ထောင်ချပေးမှပဲဆိုပြီး တခြားရွာက သူတို့စိတ်ကြိုက်
သူငယ်မတစ်ယောက်နဲ့ ပေးစားလိုက်တယ်.….”
"ဒီတော့ သူ ကောင်းသွားရောလား”
"ကောင်းတာတော့ မပြောနဲ့၊ သူ့မိန်းမလည်း ဘိန်းစွဲပြီး သူနဲ့အတူ ဖဲလိုက်ရိုက်တော့တာပဲ"
"ဟယ်..."
“ဒါနဲ့ နှစ်ဘက်မိဘက လက်ဖွဲ့လိုက်တဲ့ အတွင်းပစ္စည်းတွေထုတ်ပြီး လယ်ကို ချစ်တီးဆီ ပေါင်တဲ့အထိ ရောက်လာတော့တယ်။ ဒါပေမဲ့
မလျှော့ဘူး၊ သူတို့လင်မယားဟာ စိတ်တူသဘောတူ လှမျော လှေနဲ့လိုက်၊ ငွေမျော ငွေနဲ့လိုက် ဆိုတဲ့စကားအရ ဖဲပဲ ဆက်ရိုက်တယ်။
ဉာဏ်သမားရှာပေါင်းတယ်၊ နောက်ဆုံးမှာ အောက်လမ်းဆရာနဲ့တွေ့ပြီး ဖဲရိုက်တဲ့အခါမှာ ခေါ်၆ ရဖို့ သရဲမွေးသကွ..."
"ဟင်.. ဒါမျိုး ဖြစ်နိုင်သလားဗျာ...။
"ဖြစ်နိုင် မဖြစ်နိုင် မင်းနားထောင်၊ ငါပြောပြမယ်။ ငါ သူတို့အဖြစ်ကို ကောင်းကောင်းကြီး မှတ်မိခဲ့တယ်၊ သူတို့လင်မယား အသက် ၃၀
ကျော်လောက်မှာ ငါက ၁၀ နှစ်သားလောက်ရှိပြီ။ သူတို့ သရဲမွေးဖို့အလုပ်က မလွယ်ဘူး။ အစိမ်းသေရမယ်.. နို့ပြီး အသက်မထွက်ခင်မှာ
အလောင်းအောက် ဆေးစီရင်တဲ့ပစ္စည်းထားနိုင်အောင် ကိုယ်နဲ့ရင်းနှီးတဲ့ မသာလည်း ဖြစ်ရမယ်"
“အင်း.. တယ်မလွယ်ပါလား”
“ဟုတ်တယ်၊ ဒါပေမဲ့ သူတို့ကုသိုလ်ပဲ၊ အကြောင်းတိုက်ဆိုင်လာတယ်။ အဲဒီဆရာနဲ့ ဒါမျိုးရှာနေစဉ်အတွင်းမှာပဲ သူ့သူငယ်ချင်း
သူနဲ့ဖဲရိုက်ဘက် ဖိုးကျော်ဆိုတဲ့လူဟာ သစ်ပင်ပေါ်က လိမ့်ကျပြီး အိမ်မှာ ၃ ရက်လောက်ခံနေတယ်။ ဒီအတွင်းမှာ တောကြီး ခေါ်တဲ့ ကိုမြင့်ဦးဟာ
သူငယ်ချင်းပြုစုသယောင်နဲ့ ဆရာဆေးပီရင်ပေးတဲ့ အင်းရယ်၊ ဖဲထုပ်ရယ်၊ ပိုက်ဆံကြိုးရယ်၊ လက်ကိုင်ပဝါနဲ့ စုလုပ်ပြီး အသက်ငင်နေတဲ့ ဖိုးကျော်ရဲ့
ကိုယ်အောက်မှာ ထားခဲ့တယ်။ နောက် အသက်ထွက်ပြီးတဲ့အခါမှာ ပြန်ယူထားလိုက်တယ်...”