ဟေ့ သာကျော်၊ ခွေးစကားမပြောနဲ့ကွ”
"ဟဲဟဲ.. ဦးကြီးကလည်း”ဟု ရယ်သွမ်းသွေးလိုက်ပြီးမှ
"ဟေ့... ဒါနဲ့ဗိုလ်ချိုရ၊ ဒီလို ဟင်းကောင်းရှိပြန်တော့လည်း သူနဲ့တွဲဖို့ တစ်ခုလိုမနေဘူးလား”
ဤတွင် ဟင်းကိုင်နေသော ဗိုလ်ချိုက...
“အေး.. ငါလည်း ဒါစဉ်းစားနေတာပဲ၊ ဘိုင်စကယ်ဘီးပေါက်လို့ မြို့မသွားနိုင်ကတည်းက ပိုက်ဆံတော့ မရှိတော့ဘူးကွာ.." ဟု ညည်းပြီးမှ"ရော့ဟာ ဒါယူသွားပြီး ငပွကြီးဆီမှာ ကြည့်သာလုပ်ခဲ့ပေတော့"ဟုဆို၍ သူ့အိမ်မှ မြနေအောင်သွေးလာခဲ့သည့် ဓားမကြီးကို
ပစ်ပေးလိုက်လေ၏။
ခြေမြန်တော် သာကျော်ကြီးသည် ဟင်းအိုးရနံ့လှိုင်၍ အပေါ့အငန်မြည်းရသောအချိန်၌ အရက်တစ်ပုလင်းနှင့် ပြန်ရောက်လာလေသည်။
ထိုည သူတို့ မည်မျှထမင်းမြိန်ကြမည်ကို ဖော်ပြစရာမလိုတော့ပေ။ အလုပ်အလွန်များလှသော ကိုမောင်ချိုသည် ယင်းည
အိမ်ပြန်ရောက်သည်၌ နက်ဖြန် ဘာကစပြီးလုပ်ရမည်ကို မစဉ်းစားနိုင်တော့ဘဲ အိပ်ပျော်ခြင်းသို့ ရောက်သွားလေ၏။
(၁၉၆၆ မေလ၊ ငွေတာရီ အမှတ်-၇၁)