Super Sunday ပွဲစဉ်တွေက ထူးခြားလှ၏။ Round 28 ၏ ကျန်ရှိသည့်ပွဲက ၄ ပွဲဖြစ်၏။ အဆိုပါ ပွဲစဉ် ၄ ပွဲလုံး အရှုံးအနိုင် အဖြေပေါ်ခဲ့၏။ ပြီး ၄ ပွဲလုံး အိမ်ရှင်အသင်းတွေ အနိုင်ရသွား၏။ ၄ ပွဲလုံး ၂-၁ ရလဒ်ဖြင့် ပြီးဆုံးသွားခဲ့ခြင်း ဖြစ်၏။ တန်းဆင်းဇုန် အထက်နားက Nottm Forest နှင့် Tottenham တို့ အနေဖြင့် ပြိုင်ဘက်တွေကို ရှုံးနိမ့် သွားခဲ့သဖြင့် စိတ်ပူစရာ ပင်။ သို့ပေမဲ့ West Ham ကလည်း Liverpool ကို ရှုံးသွားသောကြောင့် သူတို့ အနည်းငယ်တော့ ဖြေသာပေလိမ့်မည်။ သူတို့အပြင် Leeds အနေဖြင့်လည်း ဂရုတော့ စိုက်ရပေလိမ့်မည်။ သူလည်း West Ham နဲ့ ၆ မှတ်သာ ကွာ၏။
Nottm Forest က Brighton ကို ၂-၁ ဖြင့် ရှုံးနိမ့်ခဲ့ခြင်း ဖြစ်၏။ Tottenham ကတော့ လန်ဒန် မြို့ခံအသင်းချင်း ဖြစ်သည့် Fulham ကို ၂-၁ ဖြင့် ရှုံးနိမ့်ထားခြင်း ဖြစ်၏။ Tottenham တို့ လန်ဒန်ဒါဘီတွေမှာ အခြေအနေတွေ ဆိုးနေခဲ့တော့၏။ မနှစ်က ယူရိုပါချန်ပီယံအဖို့ ဒီရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးနေခဲ့၏။ တကယ်တမ်းတော့ ဆိုးနေတယ်လည်း မဟုတ်ပြန်ပေ။ မနှစ်ကလည်း အဆင့် ၁၇ နဲ့သာ ရာသီသိမ်းခဲ့တာ ဆိုတော့ ဒီအခြေအနေကို ဆက်ပြီး ထိန်းထားတာဟုပဲ ဆိုရလေမလား မသိပေ။
Man United ကတော့ ခြေစွမ်းထက် ကံကြမ္မာက မျက်နှာသာ ပေးခဲ့သည်ဟု ဆိုရမည်။ Crystal Palace က ပထမပိုင်း ၄ မိနစ်မှာကတည်းက ဦးဆောင်ဂိုး ရသွား၏။ ပထမပိုင်း တပိုင်းလုံး United တို့ ဘာမှ ကောင်းကောင်း လုပ်မပြနိုင်ပေ။ ဒုတိယပိုင်း ၅၆ မိနစ်မှာတော့ ပွဲအလှည့်အပြောင်း ဖြစ်ပေါ်လာခဲ့၏။ Crystal Palace ကစားသမား တိုက်ရိုက် အနီကဒ်ဖြင့် ထုတ်ပယ် ခံရသလို ပင်နယ်တီပါ ပေးလိုက်ရ၏။ ပင်နယ်တီကနေတဆင့် ချေပဂိုး ပြန်လည် ရယူပြီး ၆၅ မိနစ်မှာတော့ Sesko က အနိုင်ဂိုး သွင်းယူပေးခဲ့လေ၏။ ယခု နိုင်ပွဲကြောင့် United တို့ အဆင့် ၃ နေရာထိ တက်လှမ်းလို့ လာခဲ့၏။
Man City ၏ နောက်ကနေ တောက်လျောက် ဖိအားပေးတာ ခံနေရသည့် Arsenal အဖို့ လန်ဒန် ဒါဘီမှာ Chelsea ကို ၂-၁ ဖြင့် အနိုင်ယူပြီး အမှတ်ဆက်ဖြတ်ထားခဲ့၏။ City ထက် ၁ ပွဲ ပိုကစားထားပြီး ၅ မှတ် ဖြတ်ထားခဲ့၏။ လိုအပ်တဲ့ အမှတ်ကို အရယူနိုင်ခဲ့သည့် Arsenal အတွက်တော့ ဝမ်းသာစရာပင်။ ဒီအတိုင်း ဆက်ထိန်းထားနိုင်မယ်ဆိုရင် ချန်ပီယံဖြစ်ဖို့ ရာခိုင်နှုန်း များမည် ဖြစ်၏။ လက်ကျန်ပွဲတွေကိုသာ သေချာ အာရုံစိုက်မယ်ဆိုရင် အမြဲတမ်း လွဲချော်ခဲ့သည့် ပထမနေရာကို ရယူနိုင်မည် ဖြစ်၏။
(photos from Premier League Page)