Saturday EPL ပွဲစဉ်များ အပြီးမှာ အမှတ်ပေးဇယား ထိပ်ပိုင်းမှာ အပြောင်းအလဲ အနည်းငယ် ဖြစ်ပေါ်ခဲ့ပါတယ်။ Chelsea က အဆင့် ၅ နေရာ ဆင်းပြီး Liverpool က အဆင့် ၄ နေရာသို့ တက်လှမ်းသွားပါတယ်။ Arsenal က Brighton ကို 2-1, City က Nottm Forest ကို 1-2 တို့ဖြင့် အသီးသီး အနိုင်ရပြီး အမှတ်ပေးဇယား အဆင့် ၁ နှင့် ၂ နေရာတွေမှာပဲ ဆက်လက်ပြီး ရပ်တည်နေပါတယ်။
စနေနေ့ရဲ့ အကောင်းဆုံး ပွဲစဉ်လို့ ဆိုရမယ့် Chelsea vs Aston Villa ပွဲမှာတော့ ဧည့်သည် Aston Villa က 1-2 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ ယခု နိုင်ပွဲကြောင့် Aston Villa တို့ ပြိုင်ပွဲစုံ 11 ပွဲဆက်ထိ အနိုင်ရထားပြီး ဖြစ်ပါတယ်။ နောက်တပွဲက Arsenal နဲ့ အဝေးကွင်းမှာ ကစားရမှာ ဖြစ်ပါတယ်။ ဒီရာသီမှာ ပြသထားတဲ့ Aston Villa ရဲ့ ခြေစွမ်းကတော့ တကယ် အံ့အားသင့်ဖို့ ကောင်းနေပါတယ်။ Unai Emery လက်ထက်မှာ အသင်းက အတော်လေး တိုးတက်ကောင်းမွန်လို့ လာနေခဲ့ပါတယ်။
Liverpool ကတော့ အမှတ်ပေးဇယား အောက်ဆုံးက Wolves ကို 2-1 ဖြင့် အနိုင်ရသွားခဲ့ပါတယ်။ Chelsea က Aston Villa ကို ရှုံးသွားလို့ သူတို့ အဆင့် ၄ နေရာထိ တက်လှမ်းလာခဲ့ပါတယ်။ အစောပိုင်း ပုံစံကောင်းတွေ ရှိနေတဲ့ Chelsea အသင်း အနေနဲ့ နောက်ပိုင်းမှာ အနည်းငယ် အခြေအနေ ဆိုးလို့ လာနေခဲ့ပါတယ်။ Chelsea လည်း တဖြည်းဖြည်း United နဲ့ တူလို့လာနေပါတယ်။ နိုင်တလှည့် ရှုံးတလှည့် သရေတလှည့်နဲ့ ခြေစွမ်း မတည်ငြိမ်မှုတွေ ဖြစ်နေခဲ့ပါတယ်။
အဆင့် ၁၉ နေရာမှာ ရှိနေတဲ့ Burnley အသင်းကတော့ Everton အသင်းနဲ့ ဂိုးမရှိ သရေရလဒ်သာ ထွက်ပေါ်ခဲ့ပါတယ်။ တန်းဆင်းဇုန်က လွတ်ဖို့ အမှတ်လိုနေပါတယ်ဆိုမှ ၃ မှတ် အပြည့် မယူနိုင်ခဲ့ပါဘူး။ အမှတ် လုံးဝ မရတာထက်စာရင် သရေတမှတ်ကလည်း မနည်းပါဘူး။ အဆင့် ၁၈ နေရာက West Ham အနေနဲ့ ဒီတပတ်မှာလည်း နိုင်ပွဲ ပျောက်နေခဲ့ပါတယ်။ အိမ်ကွင်းမှာ Fulham ကို 0-1 နဲ့ ရှုံးနိမ့်ခဲ့ပါတယ်။ West Ham အနေနဲ့ 7 ပွဲဆက် နိုင်ပွဲ ပျောက်ဆုံးနေခဲ့ပါတယ်။
ဒီနေ့မှာ Sunderland vs Leeds, Crystal Palace vs Tottenham တို့ရဲ့ ပွဲစဉ်တွေ ကစားသွားဖို့ ရှိပါတယ်။ တန်းတက် နှစ်သင်း တွေ့ဆုံမှုမှာ Sunderland ကပဲ အသာရသွားဖို့ ရှိနေပါတယ်။ Leeds အနေနဲ့ ပုံစံကောင်းတွေ ပြသထားပေမယ့် Sunderland ရဲ့ အိမ်ကွင်းမှာ အနိုင်ကစားဖို့ကတော့ ခက်ပါလိမ့်မယ်။ Crystal Palace vs Tottenham ပွဲစဉ်မှာတော့ Crystal Palace ပဲ အနိုင်ရသွားမယ် ထင်ပါတယ်။
(Photos from Premier League Page)