သံယောဇဉ်ကား မမွေးမြူ စကောင်းသည့် အရာဟု ကျနော် ထင်၏။ ဤသည်ကား ကျနော်၏ ပုဂ္ဂိုလ်ရေး အမြင်သာ ဖြစ်၏။ မှားသည် မှန်သည် မငြင်းခုန်လို။ လောလောဆယ် ကျနော့် အတွက် သံယောဇဉ်ကား အလုပ်ရှုပ်၊ အလုပ်ပိုမှု တခုရယ်သာ။
ကိုယ့် အကြောင်း ကိုယ် သိသဖြင့် သံယောဇဥ် ဖြစ်လာ၊ တိုးပွားလာနိုင်သည့် မည်သည့်အရာကို မဆို ကြိုတာ ကာပြန်ထား၏။ ကာကွယ်ခြင်းက ကုသခြင်းထက် ပိုကောင်းသည် မဟုတ်လား။
ကျနော်က သံယောဇဥ် တွယ်ခဲ၏။ တော်ရုံ သံယောဇဥ် မထားတတ်၊ ထို့ကြောင့်ပင် သံယောဇဥ် ထားမိ၊ ရှိမိသွားလျှင် အတော်နှင့် ဖြတ်မရ၊ နှုတ်မရတော့ပေ။ အကြောင်းကြောင်းကြောင့် ကိုယ် သံယောဇဥ် တွယ်မိသည့် အရာနှင့် ကွေကွင်းရလျှင် ကျနော့်မှာ တအိအိ တနုံ့နုံ့နှင့် ဖြစ်နေရတော့၏။ ထိုထို အချက်တို့ကြောင့် သံယောဇဉ် မမွေးမိ၊ မထားမိအောင် သတိထား နေထိုင်၏။ တခါတလေကျ ရယ်ရသား သတိထားနေခါမှ တိုးမိတယ် ဆိုသလိုပေါ့။
ရယ်ရတာက လူသံယောဇဥ် မဟုတ်ဘဲ တိရစ္ဆာန် သံယောဇဥ် ဖြစ်နေတော့၏။ ဒီလောက်ဆို စာဖတ်သူတို့ ခန့်မှန်း မိလောက်ပါပြီလေ။ ဟုတ်၏ အိမ်သို့ မဖိတ်ခေါ်ပဲ ရောက်လာသည့် ကိုယ်ရွှေကြောင် ဖြစ်ချေ၏။ သူ့ အကြောင်းကား ရှေ့ပိုင်းပိုစ့်တွေမှာ ရေးခဲ့ဖူး၏။ ခုလည်း ထပ်ပြောစရာတွေက ရှိနေသေး၏။
အိမ်အောက်မှာ အင်အင်းပါသည့် အကြောင်း တရက်က ဖတ်လိုက်ကြရမည် ထင်၏။ ထို အကြောင်းကြောင့် သူ့အား ပုံမှန် အစား မကျွေးဘဲ ထားလိုက်၏။ သူကတော့ မမူပေ။ ပါမြဲ ပါပြီး၊ အနောက်ဖက်က အဒေါ်အိမ်မှာ အစာ သွားသွား တောင်းစားလေ၏။ သို့ပေမယ့် နဂိုအစားကြီး အပျင်းကြီးသည့် ကြောင် ဖြစ်ရာကား အိမ်မှာလည်း အစား လာပြန်တောင်းလေ့ ရှိ၏။ မကျွေးဘဲ ဒီအတိုင်း ထားကြည့်၏။
တရက် ရ၏၊ နှစ်ရက်ကြတော့ မရပေ။ ကြောင်မရခြင်း မဟုတ် ကျနော် မရခြင်း ဖြစ်၏။ ကိုယ်က ထမင်း စားနေချိန်ဆို ပိုဆိုးသေး၏။ ကိုယ်က စားနေရပြီး သူ့ခမြာ မစားရဘူးကိုး။ ကနဦးက ထားလိုက်မယ် ဘယ်လို နေနေဟု ဆုံးဖြတ်ထားခဲ့သော်လည်း တကယ်တမ်း အစာတောင်းသံကြားရတော့ သနားမိတော့၏။ စိတ်တင်းထားသော်လည်း မရပေ။ တိရိစ္ဆာန် မလား၊ ကိုယ်ကျွေးမှ စားရသည့် ဘဝတွေ မဟုတ်လား။
ဒီ နှစ်ရက် စောင့်ကြည့်ရာ အိမ်အောက်မှာ အင်အင်း မပါတော့သည်ကို တွေ့ရ၏။ ထို့ကြောင့် အရင်လို အစား ပြန်ကျွေးမိ၏။ သူ့အတွက် ဆိုပြီး ရည်ရွယ်ကာ ဝယ်ထားသည့် ကြောင်စာထုပ်ကလည်း ကျန်နေသေးသည်ကိုး။ ထို အစာထုပ် ကုန်သွားလျှင် လုံးဝ မကျွေးတော့ဟု တွေးထား၏။ တကယ် လုပ်ဖြစ်၊ မလုပ်ဖြစ်ကတော့ အနှီ အစာထုပ် ကုန်မှသာ သိပေလိမ့်မည်။