One step Closer

Words
199
Reading
1 min
Listen
Play
1y

မနေ့က ကျနော်တို့နှင့် သရေကျထားသည့် အသင်း၏ အုပ်စု နောက်ဆုံးပွဲစဉ်ကို သွားကြည့်ခဲ့၏။ မနေ့က ပြောထားသည့် အတိုင်း အဖွင့်ပွဲစဉ်မှာ ကျနော်တို့ကို ဂိုးပြတ် နိုင်ထားသည့် အင်အားကြီး အသင်းနဲ့ ဖြစ်၏။ သူတို့ နိုင်ဖို့ မဖြစ်နိုင်ပေမယ့် ဂိုးပြန်သွင်းကောင်း သွင်းနိုင်၏။ ထိုအချက်က ကျနော်တို့ အသင်းအတွက် အဆင်မပြေလှပေ။ သူတို့ အနေနဲ့ ရှုံးခဲ့ရင်တောင် ဂိုးပြန်မသွင်းနိုင်ရင် ပိုကောင်း၏။

နောက်တဆင့် တက်နိုင်ဖို့ အတွက်က အမှတ်တူနေရင် ရဂိုး အရင်ကြည့်မည် ဖြစ်၏။ ရဂိုးတူနေမှ ပေးဂိုး ဆက်ကြည့်မည် ဖြစ်၏။ ပွဲက အကြိတ်အနယ် မဖြစ်ခဲ့ပေ။ တဖက်သတ်ဆန်၏။ အင်အားကြီး အသင်းကသာ တောက်လျောက် ဖိကစား၏။ ကိုယ်တွေမှာ အဆိုပါ အသင်းကြီးကို အားပေးနေရ၏။ မနေ့က ပြောခဲ့သလို သူတို့ ရှုံးမှ ကိုယ်တွေ နောက်တဆင့် တက်နိုင်မယ် မလား။

ပထမပိုင်းမှာတင် အင်အားကြီး အသင်းက ၅ ဂိုးပြတ် သွင်းထား၏။ ကျနော်တို့ ရင်ထဲက အပူလုံး အတော်အတန် လျော့ကျသွား၏။ ဒုတိယပိုင်းမှာ တဖက်အသင်းက တဂိုး ပြန်သွင်း၏။ ၅-၁ ဂိုး ဖြစ်နေ၏။ ဒီ ရလဒ်နဲ့ ပြီးသွားရင်တော့ ကောင်း၏။ တဖက်အသင်းက ဂိုးတွေ ပြန်သွင်းမယ် ဆိုရင်တော့ အဆင်မပြေတော့ပေ။ သူတို့ ချေပဂိုးတွေ ထပ်သွင်း နိုင်လေလေ နောက်ရက် ကျနော်တို့ အနေဖြင့်လည်း ဂိုးတွေ ရနိုင်သလောက် သွင်းရပေလိမ့်မည်။


(photo from Cygnus page)

ဒုတိယပိုင်းမှာ အင်အားကြီး အသင်းက နှစ်ဂိုး ထပ်သွင်းပြီး ၇-၁ ဂိုးဖြင့် ပွဲပြီးသွားခဲ့၏။ အင်အားကြီး အသင်း အနေဖြင့် ၃ ပွဲ ကစားပြီး ၃ ပွဲနိုင်ဖြင့် နောက်တဆင့် တက်သွားခဲ့၏။ တဖက်အသင်းက ၃ ပွဲကစားပြီး တပွဲနိုင်၊ တပွဲသရေ၊ တပွဲရှုံး ရလဒ်ထွက်ပေါ်ထား၏။ သူတို့ အသင်း အနေနဲ့ နက်ဖြန် ကျနော်တို့ အသင်း၏ ပွဲစဉ်ကို စောင့်ရတော့မည် ဖြစ်၏။

နက်ဖြန် ကျနော်တို့နဲ့ ကစားရမည့် အသင်းက ၂ ပွဲကစားပြီး ၂ ပွဲလုံး ရှုံးထား၏။ သူတို့ အနေနဲ့ နောက်တဆင့်တက်ဖို့ မျှော်လင့်ချက် မရှိတော့ပေ။ ကျနော်တို့မှာတော့ မျှော်လင့်ချက် ရှိနေ‌သေး၏။ သူတို့ကို အနိုင် ကစားနိုင်ရင် နောက်တဆင့် တက်မည် ဖြစ်၏။ လုံးဝ သရေကျလို့ မရပေ။ အနိုင်ကိုမှ အနည်းဆုံး နှစ်ဂိုးအထက် သွင်းနိုင်ဖို့ လိုမည် ဖြစ်၏။

၃ ပွဲကစားပြီးချိန်မှာ သူတို့က ရဂိုး ၆ ဂိုးထိ ရယူထားနိုင်ခဲ့၏။ ကျနော်တို့က ၂ ပွဲ ကစားပြီး ၂ ဂိုးရထား၏။ နက်ဖြန် ပွဲမှာသာ ၂ ဂိုး အထက် ဂိုးသွင်းယူပြီး အနိုင်ရခဲ့မယ် ဆိုရင် ကျနော်တို့ နောက်တဆင့် တက်မည် ဖြစ်၏။ နက်ဖြန်ပွဲ အတွက် အကောင်းဆုံးကြိုးစား ကြရမည် ဖြစ်၏။

One step Closer | Ecency