League ပွဲစဉ်တွေ မရှိဘူးဆိုတော့ International Tournament တွေဘက် သွားကြည့်ကြရအောင်။ UEFA Nations League ပွဲစဉ်တွေ အကြောင်း ပြောကြရအောင်။ Group 1 & 3 ကတော့ ပွဲစဉ် ၅ အထိ ကစားထားပြီး ဖြစ်ပါတယ်။ ၄ သင်း အုပ်စုတွေ ဆိုတော့ ကျန် ၃ သင်းနဲ့ အိမ်ကွင်း အဝေးကွင်း ကစားရသည်မို့ ၆ ပွဲ ကစားရမည် ဖြစ်၏။ ပွဲစဉ် ၄ ပြီးကတည်းက အချို့အသင်းတွေက နောက်တဆင့် တက်ခဲ့ပြီ ဖြစ်၏။ ဥပမာ Spain, Portugal တို့ပေါ့။ ပွဲစဉ် ၅ အပြီးမှာ ပိုလို့ ရုပ်လုံး ပေါ်သွားခဲ့၏။
Group 1 မှာ ပွဲစဉ် ၅ ပြီးချိန်ထိ ပြတ်သားသည့် ရလဒ်တွေ မထွက်ပေါ်သေးပေ။ Italy, France & Belgium တို့ အပြိုင် ဖြစ်နေ၏။ Italy နဲ့ France က ၁၀ မှတ်စီ၊ Belgium က ၉ မှတ် နဲ့ အမှတ်ကွာဟမှုက အတော်ကျဉ်းမြောင်း၏။ ပွဲစဉ် ၅ မှာ Italy က အိမ်ကွင်းမှာ France ကို ၃-၁ နဲ့ အနိုင်ရပြီး Belgium က အဝေးကွင်းမှာ Turkiye ကို ၁-၂ နဲ့ အနိုင်ရသွားခဲ့လေ၏။ ဒါကြောင့်ပဲ နောက်တဆင့် တက်ရေးဟာ နောက်ဆုံးပွဲစဉ်တွေထိ အကြိတ်အနယ် ရှိနေဦးမှာပါ။
Group 3 ကတော့ ရှင်းပါတယ်။ ပွဲစဉ် ၅ ကစားပြီးမှာ နောက်တဆင့်တက်မယ့် ၂ သင်း ထွက်ပေါ်လာပါပြီ။ တကယ်တော့ ပွဲစဉ် ၄ ကတည်းက ထွက်ပေါ်နေပါပြီ။ Spain နဲ့ England တို့ပါ။ ၅ ပွဲ ကစားပြီး Spain က ၁၅ မှတ်၊ England က ၁၂ မှတ် တို့နဲ့ နောက်တဆင့် တက်သွားတာပါ။ Croatia ကတော့ ခုချိန်ထိ ၃ မှတ်ပဲ ရထားပါတယ်။ Modric တို့ အလွန် လူငယ် မျိုးဆက် ထွက်ပေါ်လာခြင်း မရှိသေးတာကလည်း Croatia အသင်းကို အင်အားနည်းစေခဲ့ပါတယ်။
Group 2 & 4 တို့၏ ပွဲစဉ် ၅ ပွဲစဉ်တွေကို နက်ဖြန်နဲ့ သဘက်ခါမှာ ကစားသွားဖို့ ရှိနေပါတယ်။ Group 2 ကလည်း Group 1 လို ၃ သင်း အပြိုင် ဖြစ်နေပါတယ်။ Netherlands, Greece & Germany တို့ပါ။ ပွဲစဉ် ၄ ပြီးချိန်မှာ Netherlands နဲ့ Greece တို့က ၈ မှတ်စီ၊ Germany ကတော့ ၅ မှတ် ရထားပါတယ်။ Germany အတွက် နောက်ဆုံး ၂ ပွဲက အရေးပါနေပါတယ်။ နောက်ဆုံး ၂ ပွဲမှာ ရလဒ်ကောင်းတွေ ရယူနိုင်မှသာ အခြေအနေကောင်းမှာပါ။
Ronaldo ၏ Portugal ကလည်း Spain လိုပဲ စောစီးစွာ နောက်တဆင့် တက်သွားခဲ့ပါပြီ။ နောက်ဆိုရင် Ronaldo ၏ Portugal လို့ ခေါ်လို့ မရတော့ဘူး ထင်ပါရဲ့။ အကွဲအပြဲ အဆင်မပြေမှုတွေနဲ့ Ronaldo ရဲ့ လက်ရွေးစဉ် ကစားသမား ဘဝက အဆုံးသတ်သွားခဲ့ပါပြီ။ အနားယူမယ် ပြောထားပေမဲ့ အုပ်စု နောက်ဆုံး ၂ ပွဲကို ထည့်သုံး မသုံး၊ ရွေး မရွေး ပြီးတော့ Ronaldo က ကန် မကန် ဒါတွေကတော့ Portugal နောက်တဆင့်တက်တာထက် ပိုပြီး စိတ်ဝင်စားဖို့ ကောင်းတဲ့ အချက်တွေပါပဲ။
(photos from UEFA page)