(ကထိန်လှည့်သည့်နေ့က မောင်နှမ နှစ်ယောက်)
ပြီးခဲ့သော တပတ်က အိမ်က Champ နှစ်ယောက် မြို့ပတ်ရထားစီးပြီး အလည်အပတ် သွားကြ၏။ ကျနော်တော့ မလိုက်သွား။ ကျနော့် အမ သူတို့ အမေတွေနှင့် သွားကြခြင်း ဖြစ်၏။ ဘူတာကိုတော့ ကျနော် လိုက်ပို့ပေး၏။ ဘူတာက အိမ်မှတွက်ရင် အတော် ဝေး၏။ ကျနော်တို့ဆီမှာ ခုတလော မြို့ပတ်ရထားစီးတာ ပြန်ခေတ်စားနေ၏။ တောင်ပေါ် မြို့ဆိုတော့ ရထားနှင့်ပတ်သက်ရင် စိမ်း၏။ အများစုက သွားရေးလာရေး အတွက် ကား ဆိုင်ကယ်တွေသာ သုံးကြ၏။
မြို့အနီးနား ရွာတွေအထိ အဆိုပါရထားက လှည့်လာသွားလာ၏။ ယခင်က ကုန်စိမ်းရောင်းချသော ခရီးသည် အများစု အဆိုပါ ရထားကို အလေးထားပြီး အသုံးပြုကြ၏။ မနက် လိုက်စီး ဈေးရောင်း ပြီးရင် ရထားစီးကာ အိမ်ပြန်ပေါ့။ ဒီမှာက ဒေသအလိုက် ၅ ရက် တဈေး ဈေးနေ့ရယ်လို့ ခေါ်တွင်၏။ ထိုနေ့တွေမှာ ဈေးလည်း ပိုပြီး စည်ကားလေ့ ရှိ၏။
ယခုတော့ ဈေးသူ ဈေးသားများ အပြင် စိတ်လက်အပန်းပြေဖို့ရာ အခြားသော သူများလည်း အဆိုပါ မြို့ပတ်ရထားကို စီးကြလေ၏။ တရက်ကို တကြိမ်ပဲ ထွက်သည် ဆို၏။ မနက် ၉ နာရီထွက်ပြီး နေ့ခင်း ၂ နာရီလောက်ဆို ဘူတာသို့ ပြန်ဝင်၏။ နိုင်ငံရေး အခြေအနေ၊ တခြားသော အကြောင်းကိစ္စတွေကြောင့် အပန်းဖြေစရာ နေရာလည်း ရှားပါးလို့ နေ၏။ ထို့ကြောင့် ထင်ပါရဲ့ အဆိုပါ ရထားစီး ခရီးစဉ် တဖန်ပြန်လည် ခေတ်စားလာ၏။
(intro photo ကတော့ အဟုတ်)
လူစီးများ၏။ အမတို့တောင် လက်မှတ် ကြိုဖြတ်ထားလို့သာ ရခြင်း ဖြစ်၏။ သူတို့ လက်မှတ် ဖြတ်စဉ်တုန်းက နောက်တပတ်ထိ လက်မှတ်မရတော့ကြောင်း သိရ၏။ ဘူတာမှာ ဆိုင်ကယ်၊ ကားတွေလည်း ရပ်ခဲ့နိုင်၏။ ရပ်နားခွင့် ကဒ်လေးတွေ ထုတ်ပေး၏။ ရထားစီးဖို့ မိမိဆိုင်ကယ်၊ ကားတွေနဲ့လာ ဘူတာမှာ ထားခဲ့ ပြီး ပြန်ရောက် ကိုယ့်ဘီးကို စီးပြန်ပေါ့။
လည်ပတ်စရာ တခုအဖြစ် ဒေသန္တရ ဗဟုသုတလည်း ရတာပေါ့။ ကလေးတွေလည်း ရထားမစီးဖူးသေးသဖြင့် သူတို့ အမေ ကျနော့် အမတို့က ခုလို လိုက်ပို့ကြခြင်း ဖြစ်၏။
ကလေးတွေ အတွက်လည်း Hive account ကို ကျနော် လုပ်ထားပေး၏။ ပိုစ့်တင်ပုံ တင်နည်းလည်း ပြထား၏။ သူတို့ဟာသူတို့ ပိုစ့်တွေ ဘာတွေ တင်တတ်၏။ ခုတော့ ကျောင်းစာတွေ တဖက်နဲ့ သူတို့ ပိုစ့် သိပ်မတင်ဖြစ်ပေ။ ယခင်က ရက်ခြားတော့ ပိုစ့်တင်ကြ၏။ ဒါတောင် ကျနော် ပြောလွန်းလို့သာ။ မအားကြလို့ထက် သူတို့ သိပ်စိတ်မဝင်စားကြတာလည်း ပါမယ် ထင်ပါရဲ့။ ကျောင်းစာ အိမ်စာတွေ ပြီးရင် ဖုန်း ၁ နာရီခွဲ ၂ နာရီ နီးပါး ပေးကြည့်၏။ ပိုစ့်ရေးတင်ချင်သပဆို ထိုအချိန်တွေမှာ သူတို့ ရေးလို့ရ၏။
(စတိုင် မလှိုင် နံပြားတွေနဲ့)
ဒီဂျစ်တယ် စုဗူး ဖန်တီးပေးထားခဲ့ပြီးပြီမို့ စုခြင်း မစုခြင်းက သူတို့ ကိုယ်ပိုင် ရွေးချယ်ခွင့်မလား။ စုချင် စုဖြစ်အောင်တော့ တိုက်တွန်းရင်း ဆွဲခေါ် ပေါ့လေ။ မနေ့ကတော့ ထူးထူးဆန်းဆန်း ပိုစ့်တွေ တင်ဖို့ လုပ်နေ၏။ မသုံးတာ ကြာတော့ Ecency app က posting key error တက်နေ၏။ Ecency app ကို update လုပ်ပေးပြီး တင်တော့ ရသွား၏။ ဆရာသမားက ဘိုလိုတွေ ဘာတွေ ရေးထား၏။ English စာ သင်တန်းကို နှစ်စဉ် အပ်နှံထားပြီး သေချာ သင်ယူလေ့လာခြင်း၏ အကျိုးကျေးဇူးပင်။ Grammar တွေ မှန် မမှန်ကတော့ ဖတ်မကြည့်ရသေးပေ။ ဘာပဲ ပြောပြော ပြောချင် ရေးချင်လာလို့ ခုလို ပိုစ့်တင်တာပဲ ဟုတ်နေပါပြီလေ။