၅ ရက်နေ့ မနက် ၈ နာရီလောက် ကျနော်တို့ စုံဖို့ လုပ်ထား၏။ မင်္ဂလာဆောင်က မနက် ၉ နာရီကနေ နေ့လည် ၁ နာရီထိ ဖြစ်၏။ မြို့ ၂ မြို့ အကွာအဝေးက ၁ နာရီ၊ ၁ နာရီခွဲလောက် မောင်းရင်ကို ရ၏။ ကားတစီးနဲ့ စုသွားကြ၏။ ၅ ယောက်က ကားနဲ့ တယောက်ကတော့ ဆိုင်ကယ်နဲ့ ဖြစ်၏။ ထုံးစံအတိုင်း ၈ နာရီခွဲမှ လူစုံ၏။ တယောက်က မနက်စာ မစားထားရသေးသဖြင့် ကြားထဲက မြို့မှာ လက်ဖက်ရည်ဆိုင် ထိုင်ကြသေး၏။ ကျနော်က မင်္ဂလာဆောင်ထိ သွားလိုက်ပြီး မနက်စာ နေ့လည်စာ ၂ ခါ စားပေါ့ဆိုပြီး စနောက်လိုက်၏။
သို့ပေမဲ့ တခြားမြို့ကနေ လာမယ့် သူငယ်ချင်းတွေကိုလည်း စောင့်ရဦးမှာမို့ အဆိုပါ ကြားမြို့က လက်ဖက်ရည် ဆိုင်မှာပဲ ခဏထိုင်ကြ၏။ လူတွေ ထပ်စုဆုံကြပြီး စားသောက်ကာ ခရီးဆက်၏။ ကျနော်ကတော့ မစားတော့ပေ။ မနက်စာကို ကော်ဖီနဲ့ ကြက်ဥပြုတ် စားထား၏။ ပေါင်မုန့် အနည်းငယ်လည်းစားထား၏။ မနက်စာကို ကော်ဖီနဲ့ ကြက်ဥပြုတ် အဓိကထား စားလာခဲ့တာ ၁ လ လောက် ရှိပြီ ဖြစ်၏။
အဆိုပါ မြို့ရောက်တော့ အခြားသူငယ်ချင်းကိုပါ ထပ်ဝင်ခေါ်ပြီး မင်္ဂလာဆောင်သို့ ချီတက်ကြ၏။ မင်္ဂလာဆောင်က ဘုန်းကြီးကျောင်းမှာ ကျင်းပခြင်း ဖြစ်၏။ ဝက်သား၊ ဆေးခါး ဟင်းရည်၊ တိူဖူးသုပ်တို့နဲ့ ကျွေးမွေး ၏။ ငပိချက်၊ အချဉ်သုပ်တွေလည်း ပါ၏။ နောက်ပိုင်း မင်္ဂလာဆောင်တွေက ဘုန်းကြီးကျောင်းတွေမှာ လုပ်ကြတာများ၏။ ပြီး ထမင်းကျွေး၏။ ကျွေးတာမှ အလှူလို ကျွေးကြတာ။ အခြားသူတွေတော့ မသိ ကျနော်ကတော့ ကြိုက်၏။
ထမင်းစားပြီး အချိုပွဲ ထပ်ဆွဲ၏။ မတွေ့ မဆုံရတာ ကြာသည့် သူငယ်ချင်းတွေ ဆုံကြသည်မို့ စားသောက်ရင်း စကားတွေ ကောင်းနေကြ၏။ Dinner ပါဆက်နေဖို့ သူငယ်ချင်းက ပြော၏။ အမှန်က သူက ညပါ အေးဆေးအိပ်ပြီးမှ ပြန်စေချင်လိုခြင်း ဖြစ်၏။ ည အိပ်မရသည့် သူငယ်ချင်း အချို့ ပါနေတာနဲ့ Dinner ခဏနေပြီး ပြန်ကြမယ်ပေါ့။ Dinner မစခင်လေး သတို့သား၊ သတို့သမီး လူကြီး မိဘ ကန်တော့ကြဦးမယ် ဆိုသဖြင့် ကျနော်တို့လည်း သူတို့ကို စောင့်ရင်း အနီးအနား သွားလည် ဖြစ်ကြ၏။
နေ့လည်က ဟင်းတွေက စားကောင်းသလို ညဘက် အမြည်းတွေကလည်း ကောင်း၏။ အမြည်းဟု သုံးရခြင်းက ဗိုက်ပြည့်စေမဲ့ အရာမျိုးတွေ မပါသောကြောင့် ဖြစ်၏။ ဝက်စတူး အရည်သောက်၊ ကြက်ဥကြော်၊ စလပ်ရွက်သုပ်တို့ကို သောက်စရာနဲ့ ပြင်ဆင်ပေးထားသောကြောင့် ဖြစ်၏။ နေ့လည်က မင်္ဂလာဆောင်မှာ အတော်လေး စားထားသည်မို့ ညဘက် Dinner မှာ သိပ်လည်း မစားဖြစ်တော့ပေ။ အနည်းငယ်သာ သောက်စားကြပြီး သူငယ်ချင်းတွေ စကားပြောကြ၏။ အလုပ် ကိုယ်စီနဲ့ အရင်လို ဆုံကြဖို့ မလွယ်တော့ပေ။ ခုလိုပွဲမျိုး ရှိမှာပဲ ဆုံဖြစ်ကြတော့၏။ သူငယ်ချင်းက ညအိပ်သွားဖို့ ထပ်ပြောပေမဲ့ ည ၇ နာရီခွဲကျော်တော့ ကျနော်တို့ ထပြန်ခဲ့ကြ၏။ သူငယ်ချင်းတို့ လင်မယား အသက်ထက်ဆုံး ပျော်ရွှင်စွာ ပေါင်းဖက်နိုင်ပါစေလို့ ဆုမွန်ကောင်း တောင်းလိုက်ရပါ၏။