မနက်ခင်း စာရေးပြီး ပိုစ့်တင်ခြင်းက လက်ရှိထိတော့ အတော်လေး အဆင်ပြေနေ၏။ ယခင်က နေ့လည် သို့မဟုတ် ညနေလောက်မှ ရေးတင်တော့ ဟိုဟို ဒီဒီ အကြောင်းကိစ္စတွေ ရှိလာသည့်အခါမျိုးမှာ ပိုစ့် မတင် လိုက်ရတာမျိုးတွေ ဖြစ်လေ့ ရှိ၏။ တရက်ပျက်ရင်လည်း တရက် သိသာသည် မဟုတ်လား။ တချို့ရက် ပြား ၅၀၊ တချို့ရက် ၁ ကျပ် ကျော်ကျော် လောက်ရသည် မဟုတ်လား။ ပျမ်းမျှတွက်ချကြည့်သော် တရက် ၄၀၀၀ လောက် ရသည့် ကိစ္စကို တယ်ကရ မပြုသင့်ပေ။ အလေးထားရမည်။
Crypto Market ကြီး မစိမ်းစိုနေခဲ့တာ ကြာပြီ။ Market စိမ်းစိမ်း၊ နီနီ ကိုယ်ရွှေ Hive က တော့ နဂိုဈေးမှာပဲ ပိုနေမြဲ ကျားနေမြဲ။ ခုဆို ပိုလို့တောင် ကျသွားခဲ့၏။ Hive ဈေးကျတော့ Hive power စုလို့ကောင်းတာ မှန်ပေမယ့် သူများကို voting ပေးရတာ ပြီး ကိုယ် voting ပြန်ရတာက ယခင်လို မများတော့ သိပ်မပျော်နေပေ။ ဒီအချိန်မှာ Hive ဝယ်ပြီး power up တွေ လုပ်လို့ ကောင်းသည့် အချိန် ဖြစ်ပေမယ့် ဝယ်စရာ အရင်းအနှီးက မရှိပေ။ ကိုယ်ထူ ကိုယ်ထ ကိုယ့်အချိန် ကိုယ့်ခွန်အားကို ရင်းပြီး တနေ့ ဘယ်လောက် ရရ ဆိုပြီး နေ့စဉ် ပိုစ့်တင်၍ စုဆောင်းခြင်းကိုသာ လုပ်ဆောင်နိုင်၏။
နေ့စဉ် ပိုစ့်တင်ရသောကြောင့် စာရေးသားခြင်း အမှု၌ ကျွမ်းကျင်လာခဲ့၏။ ဖတ်ကောင်း မှတ်ကောင်းသည့် စာမျိုး မဟုတ်တောင် အဆင်ချောသည့် အနေအထားမျိုးတော့ ရေးနိုင်လာခဲ့၏။ Quality content တွေ ဖန်တီးနိုင်မှု နည်းလာတာလေးတော့ ပြင်ရပေဦးမည်။ အရေအသွေးထက် အရေအတွက်ကို ပို ဦးစားပေးနေမိသည်ကိုး။ တရက် တပိုစ့်ဆိုသည့် သတ်မှတ်ချက်ကြောင့် ပိုစ့် ဖြစ် ပြီးရော ဆိုပြီး ရေးဖြစ်သွားလေ့ ရှိ၏။
ယခင်လို ရသ ရောပြွန်းသည့် စာမျိုးတွေ သိပ်မရေး ဖြစ်တော့ပေ။ ဒိုင်ယာရီ သဘောလိုမျိုး ဘာလုပ် ဖြစ်တယ်၊ ဘာဖြစ် ချင်တယ် ဆိုတာ လောက်မျိုးသာ ရေးဖြစ်တော့၏။ ပြီး နေ့စဉ် ရေးလို့ကောင်းသည့် ဘောလုံးပွဲ အကြောင်းတွေ အစရှိသဖြင့်ပေါ့လေ။ ပြီးခဲ့သော လတွေက စလို့ ပြန်စမ်းစစ်ကြည့်ရင် ဘောလုံးပိုစ့်တွေသာ နေရာ အများဆုံးယူထားလေ၏။ ထိုသို့ ရေးနေသဖြင့် ဘောလုံး ဂုရုကြီးလားဆိုတော့ မဟုတ်ပါလေ။ ဒီအတိုင်း ဝါသနာရှင် သက်သက်သာ။
ဈေးကျနေတော့ power စုလို့ကောင်းတာပေါ့ဟု ပြောခဲ့ပေမယ့် ရသည့် reward ထဲက HBD ကို Hive swap ပြီး power up တာမျိုးတွေ မလုပ်ဖြစ်ပေ။ ထိုသို့ မလုပ်ဖြစ်တာ အတော်ပင် ကြာခဲ့ပြီ ဖြစ်၏။ သူ့သူ ရသည့် reward လေး power ထဲ အေးအေးသာသာ ရောက်သွားစေရုံခြင်းလောက်ပဲ ရှိ၏။ power မ up ဖြစ်သလို power လည်း မ down ဖြစ်ပေ။ ပိုလျှံတာလေးတွေ ထုတ်ရောင်းဖို့သာ တွေးထား၏။ လက်ရှိဈေးနဲ့ ထုတ်ရောင်းဖို့ မတန်သဖြင့် ဒီအတိုင်း စုထားပြီး စောင့်ရုံပေါ့။
(photos created by Canva)