Merino

Words
199
Reading
1 min
Listen
Play
2M

ကွာတားဖိုင်နယ် ဒုတိယပွဲစဉ် ဖြစ်သည့် Spain vs Belgium ပွဲစဉ်ကို ဒီနေ့ မြန်မာစံတော်ချိန် မနက် ၁ နာရီခွဲမှာ ကစားသွားခဲ့၏။ ဒီနေ့တော့ ထမကြည့်နိုင်၊ တရေးလည်း မနိုးပေ။ Futsal League အတွက် Training လည်း လုပ်နေရသဖြင့် အိပ်ရေးပျက်ရင် အဆင်မပြေပေ။ ကောင်းကောင်း လိုက် မလုပ်နိုင်၊ ပြီး ပို၍လည်း ပင်ပန်းတာမျိုးတွေ ဖြစ်စေနိုင်၏။

Spain နဲ့ Belgium ကိုတော့ အုပ်စုတွင်း ခြေစွမ်းတွေအရ ထင်ကြေးပေးခံရသည့် နေရာမှာ France, Argentina တို့ရဲ့ နောက်မှသာ ရှိခဲ့၏။ ရှုံးထွက် ပွဲစဉ်တွေ ရောက်မှသာ တဖြည်းဖြည်း ပြောင်းလဲ တိုးတက် ကောင်းမွန်လာသည်ဟု ဆိုရမည်။ ကွာတားဖိုင်နယ် အဆင့်ထိ ရောက်လာပြီ ဆိုမှတော့ ကောင်းလို့သာ ရောက်လာခြင်း ဖြစ်၏။ မကောင်းဘဲတော့ မရောက်နိုင်ပေ။ ‌ခြေစွမ်းပဲ ကောင်းကောင်း၊ ကံတရားကြောင့်ပဲ ဆိုဆို ကမ္ဘာ့ ချန်ပီယံ အဖြစ် တံဆိပ်ခတ်ခံရဖို့ လက်တကမ်းအလိုသို့ တက်လှမ်း လာကြသည် မဟုတ်ပါလား။

၁၆ သင်းအဆင့်မှာ Portugal ကို ၀-၁ နဲ့ ဖြုတ်ချခဲ့သည့် Spain နဲ့ အိမ်ရှင် USA ကို ၁-၄ နှင့် ရပ်တန့်ပေးခဲ့သည့် Belgium တို့ ထိပ်တိုက် တွေ့ဆုံမှုမှာ Spain က Belgium ကို ၂-၁ ဖြင့် အနိုင်ရကာ ဆီမီးဖိုင်နယ်သို့ တက်လှမ်း သွားခဲ့လေ၏။ ဦးဆောင်ဂိုး ၃၀ မိနစ်မှာ Spain က အရင်သွင်း၏။ ၄၁ မိနစ်မှာ Belgium က ချေပဂိုး ပြန်သွင်း၏။ ၈၈ မိနစ်မှာ Spain က ဦးဆောင်ဂိုး ပြန်လည် သွင်းယူ၏။

ထိုဂိုးသည်ပင် အနိုင်ဂိုး ဖြစ်သွားခဲ့၏။ Portugal နှင့် ပွဲမှာ ဂိုးသွင်းယူသည့် Merino က သွင်းယူပေးခဲ့ခြင်း ဖြစ်၏။ ဘောလုံးပိုင်ဆိုင်မှုနှင့် ဂိုးပေါက် ချိန်းခြောက်မှု အပိုင်းမှာ Spain က သိသိသာသာ ပိုခဲ့၏။ အဝေးကစ် အပြင်းကန်သွင်းချက်တွေက Belgium ဂိုးသမားကို အတော်လေး အခက်တွေ့စေခဲ့၏။ Spain အသင်း ရသွားသည့် ၂ ဂိုးလုံးက ပြန်လျှံထွက်လာသည့် ဘောလုံးကို နောက်တဆင့် ပိတ်သွင်းပြီး ဂိုး အဖြစ် ပြောင်းလဲ ရယူခဲ့ခြင်း ဖြစ်၏။

နက်ဖြန် မနက် ၃ နာရီခွဲနှင့် ၇ နာရီခွဲတို့မှာ ကျန်သည့် ကွာတားဖိုင်နယ် ပွဲစဉ် ၂ ပွဲ ကစားမည် ဖြစ်၏။ Norway vs England, Argentina vs Switzerland တို့ ယှဉ်ပြိုင်ကစားမည် ဖြစ်၏။ Argentina ပွဲတော့ အားပေး ဖြစ်ဦးမယ် ထင်ပါရဲ့။ တရေးနိုးခဲ့ရင်တော့ England ပွဲလည်း ‌ကြည့်ကောင်း ကြည့်ဖြစ်ပေလိမ့်ဦးမည်။

(photos from FIFA World Cup page)

Merino | Ecency