ကြိုတင်ခါမှ

Words
236
Reading
2 min
14m
Listen to this post
~2 min

ဒီနေ့ တက္ကသိုလ် အတူ တက်ခဲ့သည့် Major တူ သူငယ်ချင်း မင်္ဂလာဆောင် ရှိ၏။ တခြားမြို့မှာ ဆိုတော့ သွားလာသည့် အချိန်ရယ်၊ ဟိုမှာ မိတ်ဆွေ အပေါင်းအသင်းတွေနဲ့ ဆုံကြ၊ ပြောဆို စားသောက်ကြမှာ ဆိုတော့ တနေကုန်သွားဖို့ ရှိ၏။ ကျနော့်မြို့နဲ့ သူ့မြို့က သိပ်အဝေးကြီးတော့ မဟုတ်ပေ။ ကား ဆိုင်ကယ်နဲ့ ၁ နာရီ၊ ၁ နာရီခွဲလောက်သာ ကြာ၏။ ဒီမြို့က သူငယ်ချင်းတွေ စုပြီး သူ့ မင်္ဂလာဆောင်ကို သွားကြမည် ဖြစ်၏။ မနက်အစော ၈ နာရီလောက် သွားကြဖို့ ပြင်ထား၏။ ထို့ကြောင့် ပိုစ့်တင်ဖို့ စာကြိုရေးထားဖို့ လိုပေလိမ့်မည်။

မနက် ၆ နာရီလောက်ဆို ကျနော် အိပ်ရာထလေ့ ရှိ၏။ ဆွမ်းတော်တင် ဆွမ်းလောင်း၏။ ပြီး တူ၊ တူမလေးတွေ အတွက် ကျောင်း ထမင်းချိုင့် ထည့်ပေး၊ ထုတ်ပေးရ၏။ အမေ နေကောင်းတုန်းကတော့ ဆွမ်းလောင်းသည့် ကိစ္စကို ကျနော်လုပ်ပြီး တူ၊ တူမ တို့၏ ထမင်းချိုင့်ကို အမေက ပြင်ပေး၏။ တလောက အမေ နေမကောင်း ဖြစ်သဖြင့် ကျနော်သာ လုပ်ပေး ပြင်ပေးတော့၏။ အမေ နေပြန်ကောင်းနေပေမဲ့ အမေ့ကို မနက်အစော မထစေချင်သောကြောင့် ဖြစ်၏။

အယ်နီညို (အန်တီညို) ကြောင့် ရာသီဥတုက ကမောက်ကမ ဖြစ်နေ၏။ ပူသည့် နေရာ ပိုပူပြီး အေးသည့် နေရာ ပို၍ အေး၏။ ကျနော်တို့ဆီမှာက ဆောင်းဝင်နေပြီ။ အန်တီညိုကြောင့် ထင်ပါရဲ့ ဆောင်းဦးပေမဲ့ မနက်ခင်းတွေ အတော်လေး အေးနေပြီ ဖြစ်၏။ ထို့ကြောင့် အမေ့ကို အိပ်ရာ မထစေလိုခြင်း ဖြစ်၏။ မနက် သွားမှာ ဆိုတော့ ည ကတည်းက စာကြိုရေးထားမှ တော်ကာကြပေလိမ့်မည်။ မနက်မှ ထရေးလျင် ကသီနေပေလိမ့်မည်။

ညနေဘက် Futsal ကန်ပြီး ည ၁၀ နာရီလောက် အိမ်ပြန် ရောက်၏။ ညစာ နည်းနည်းစားပြီး စာရေးမယ်ပေါ့။ မနက် လုပ်ရမယ့် အရာတွေနဲ့ ကိုယ်သွားရမယ့် အချိန်ကို ချိန်ရ၏။ UCL ကျန်ပွဲစဉ်တွေ အကြောင်း ရေးချင်ပေမဲ့ ရေးမရတော့ပေ။ ပွဲစဉ်တွေက မနက်အစောတွေဆိုတော့ မနက် ရေးမှ ရပေလိမ့်မည်။ မနက်ကို ရေးနေဖို့ အချိန် မရှိ၊ မ‌ရပေ။ ထို့ကြောင့် တခြား အကြောင်းအရာသာ ရေးရပေတော့မည်။

စာရေးဖို့ အကြောင်းအရာ စဉ်းစားနေပါတယ်ဆိုမှ လျှပ်စစ် မီးဖိုက ပျက်နေ၏။ မနက်မှ ပြင်မယ်ဆို အချိန် မလောက်နိုင်ပေ။ ထားခဲ့ပြန်ရင်လည်း အမေ တယောက်ထဲဆိုတော့ ပြင်ရ ပြုရ ခက်ပေလိမ့်မည်။ ကျနော်က တနေကုန်မှာဆိုတော့ ချက်ရေး ပြုတ်ရေးက အမေ လုပ်ရပေတော့မည်။ ထို့ကြောင့် ည ကတည်းက ပြင်ထားတာ ကောင်း၏။ လျှပ်ကာ ပစ္စည်းမှာ ပြဿနာ တက်နေခြင်း ဖြစ်၏။ ကြွေသီးနားက နတ်က ဖြုတ်မရတော့ပေ။ မီးဖို ဝါယာကြိုးက ပြတ်နေ၏။ အနှီကြိုးတွေကို ပြန်ဆက်သွယ်ဖို့ ကြွေသီးနတ် ဖြုတ်မှ ရပေလိမ့်မည်။ နတ်က အရစ်ပြုန်းနေပြီ ဖြစ်၏။ ဖြုတ်မရတာနဲ့ အပိုလေးများ ရှိမလား ရှာဖွေရလေ၏။ တခုတော့ တွေ့၏ ကြွေတော့ မဟုတ်ပေ။ သို့ပေမဲ့ အတွင်းသား ကြေးနီက ထူသဖြင့် အဆင်တော့ ပြေမယ် ထင်ရ၏။ ပြင်ပြီးသွားချိန်မှာ မနက် ၁၂ နာရီ ထိုးနေခဲ့ပြီ။ ကျနော့်မှာ ဘာရေးရမယ် မစဉ်းစားရသေး။ ထို့ကြောင့် စဉ်းစားလို့ မရသည့် အကြောင်းကိုသာ ရေးလိုက်ရလေတော့၏။

ကြိုတင်ခါမှ | Ecency