ဒီရက်ပိုင်း အအေးပေါ့၏။ မနက်အစောထချိန် အရင်လောက် သိပ်မအေးတော့ပေ။ ညဘက်လည်း အရင်ထက်စာရင် နေလို့ အတော်အသင့် အဆင်ပြေလာ၏။ ဒါပေမယ့် တချက်တချက်တော့ အေးနေသေး၏။ စောင်ပုံထဲ စောင်ခြုံနေရတုန်းပင်။ အအေး နည်းနည်း ပေါ့သွားရုံလေးသာ။
မနေ့ညက Facebook သုံးနေရင်း သတင်း တခု တက်လာ၏။ United နည်းပြ Amorim ကို ထုတ်ပယ် လိုက်ပြီ ဖြစ်ကြောင်းပေါ့။ ဝမ်းနည်း၊ ဝမ်းသာ ဖြစ်ရ၏။ Amorim အတွက် ဝမ်းသာပြီး Amorim အတွက်သာ ဝမ်းနည်းခြင်း ဖြစ်၏။ ဝမ်းနည်းတာက United နည်းပြ ဘဝမှာ အောင်မြင်မှု တစုံတရာ ရယူနိုင်ခဲ့ခြင်း မရှိတာကို ဖြစ်ပြီး ဝမ်းသာတာက ဖိအားတွေ အောက်ကနေ သူ လွတ်မြောက်သွားခြင်းပင်။
တဖြည်းဖြည်း သိလာရတာက ဘုတ်အဖွဲ့အကြောင်းပင်။ ကျနော်က ဒီအသင်းကို Head Coach အဖြစ် မဟုတ်ဘဲ Manager လုပ်ဖို့ သက်သက်သာ လာခဲ့ခြင်း ဖြစ်ပါတယ်ဟု အင်တာဗျူးမှာ ဖြေဆိုပြီးနောက် ထုတ်ပယ် ခံလိုက်ရပါပြီ။ Sir Alex အလွန် ဘယ်နည်းပြမှာမှ Sir Alex လို လုပ်ပိုင်ခွင့် အပြည့်အဝ မရထားကြပါဘူး။ ဘုတ်အဖွဲ့ကပဲ နောက်ကွယ်ကနေ ကြိုးကိုင်နေခဲ့တာပါ။ ဒါဆိုရင်လည်း နည်းပြ လိုချင်တဲ့ ကစားသမား ဝယ်ပေးလားဆိုပြန်တော့ မဝယ်ပေး။ လိုချင်တဲ့ နေရာ လိုအပ်နေတဲ့ ကစားသမား အစား တလွဲတွေ ထဝယ်ပေးပြန်ရော။
3-4-3 ကစားကွက် နည်းပြ အတွက် အဆိုပါ ကစားကွက်နဲ့ အံ့ဝင်မယ့် ကစားသမားတွေ ခေါ်ပေးရမှာမလား။ ဒီလိုမှ မဟုတ်ရင် ဘာသွားလုပ်လို့ ရတော့မှာလဲ။ လိုချင်တဲ့ ကစားသမားတွေ မရဘဲနဲ့တော့ နည်းပြ တယောက်အနေနဲ့ အကောင်းဆုံး ကစားကွက်ကို ဘယ်လိုများ ပုံဖော်နိုင်တော့မှာလဲ။ ကနဦး ထင်ခဲ့တာက Amorim တလွဲတွေ လုပ်နေတယ်ပေါ့။ သူ တလွဲ မလုပ်ခဲ့ဘူး မဟုတ်ပါဘူး လုပ်တယ် ဒါပေမယ့် ဘုတ်အဖွဲ့လောက်တော့ မဆိုးခဲ့ဘူး ဆိုရမယ်။ ဘုတ်အဖွဲ့ကမှ တကယ့်တလွဲ။
ဘုတ်အဖွဲ့ထဲက တချို့လူတွေကို လုပ်ပိုင်ခွင့် အပြည့်အဝ ပေးထားနေသရွေ့တော့ ဘယ်နည်းပြ လာလာ ခုလိုပဲ ဖြစ်နေဦးမှာပဲ။ နည်းပြ တယောက်ကို လုပ်ပိုင်ခွင့် ပေးသင့်သလောက် မပေးထားရင် ဘယ်နာမည်ကြီး နည်းပြမှလည်း United ကို လာတော့မှာ မဟုတ်ဘူး။ အသင်းကို တိုးတက်ပြောင်းလဲ ချင်ရင်တော့ ဘုတ်အဖွဲ့ကို အရင် ပြင်ရမှာပါပဲ။ ဒီလိုမှ မဟုတ် ဒီသံသရာပဲ လည်နေပါလိမ့်မယ်။
Amorim အတွက် ကောင်းသွားတယ်လို့ပဲ ဆိုရမှာပါ။ နေရာလွဲ အချိန်လွဲပြီး ရောက်လာခဲ့မိတာကိုး။ နည်းပြ အဖြစ်က ထုတ်ပယ်ခံရပြီး ပြုံးပျော်နေတာ မြင်ရတော့ ခုတော့ ငါ လွတ်မြောက်ပြီလို့ သူတွေးကောင်းတွေးနေမယ် ထင်ပါရဲ့။ မည်သို့ပင် ဆိုစေ အစစ အရာရာအတွက် ကျေးဇူးပါ Amorim ရေ။
(photos from respective Facebook pages)