ဒီနေ့ မနက် ၃ နာရီခွဲမှာ ကစားသွားသည့် France vs England ပွဲစဉ်က အတော်လေးကောင်း၏။ အတော်ဆိုမှ တကယ့်ကို ကောင်း၏။ ကျနော့် အတွက်တော့ တကယ် ကောင်းသည့်ပွဲ ဖြစ်၏။ ၂ သင်းပေါင်း သွင်းဂိုး ၁၀ ဂိုးဆိုတာကြီးက အတော်လေး ဂိုးများသည် မဟုတ်လား။ ကမ္ဘာ့ဖလား သမိုင်းမှာ သွင်းဂိုး အများဆုံးက ၁၉၅၄ Austria vs Switzerland ၏ ပွဲစဉ် ဖြစ်၏။ ၇-၅ ဖြင့် Austria က အနိုင်ရထားခြင်း ဖြစ်၏။ ၂ သင်းပေါင်း သွင်းဂိုး ၁၂ ဂိုး ဖြစ်၏။
ဒုတိယ အများဆုံးက ၁၉၃၈ Brazil vs Poland ပွဲ၊ ၁၉၅၄ Hungary vs West Germany ပွဲ၊ ၁၉၈၂ Hungary vs El Salvador ပွဲ တွေ ဖြစ်၏။ ၂ သင်းပေါင်း ၁၁ ဂိုးစီ သွင်းယူခဲ့ကြသည့် ပွဲစဉ်များ ဖြစ်၏။ ယခုပွဲ မတိုင်မီ ၂ သင်းပေါင်း သွင်းဂိုး ၁၀ ဂိုး ရှိသည့် ပွဲက ၁ ပွဲသာ ရှိသေး၏။ ၁၉၅၈ France vs Paraguay ပွဲစဉ် ဖြစ်၏။ ၇-၃ ဖြစ်၏။ ခု France vs England ပွဲစဉ် ထပ်ပေါင်းထည့်ပေါ့။
ဒီ မနက် ပွဲကို ထကြည့်ဖို့ စိတ်ကူးတော့ မရှိပေ။ သို့ပေမဲ့ Alarm မပေးထားဘဲ မနက် ၄ နာရီခွဲတော့ နိုးလာ၏။ Match result ကို အရင် မကြည့်ဘဲ Live ထဲ အရင်သွားလိုက်၏။ ပထမပိုင်း ပြီးလို့ ခဏ နားနေချိန် ဖြစ်၏။ ကြေငြာတွေ လာနေ၏။ သုံးသပ်ချက်တွေ ပြောပြီးသွားပြီ ထင်ပါရဲ့။ ဒုတိယပိုင်း ပြန်စ၏။ ဂိုး ရလဒ် ပြ၏။ ၀-၄ တဲ့၊ England က ၄ ဂိုးပြတ်နဲ့ နိုင်နေ၏။ ဟ ဘယ်လိုတွေတောင်လဲပေါ့။
အဓိက ကစားသမား အချို့ အနား ပေးထားပြီး အရန်ကစားသမား အများစုနဲ့ ပွဲထွက်လာပြီး ပထမပိုင်းတင် ဂိုးပြတ် နိုင်ထားပြီ။ ဒုတိယပိုင်းမှာ England က နောက်ထပ် အရန်ကစားသမား အချို့တောင် ထပ်ထည့်နေလိုက်သေး၏။ ကနဦးကတော့ ကြည့်မလို့ပါပဲ။ သို့ပေမဲ့ ဒီလောက်ကြီးကြတော့ ဆိုပြီး ပြန်အိပ် လိုက်၏။ အိပ်ရေးပျက်တယ်ပေါ့။ ပွဲက ပြီးနေပြီပေါ့။ မနက် နိုးလို့ result ကြည့်မိမှ ဟာ ငါ ကြည့်လိုက်ရမှာ ဖြစ်သွားခဲ့၏။
ဒုတိယပိုင်းမှာ France တို့ ၃ ဂိုး ပြန်သွင်း၏။ ၃-၄ ဖြစ်ပြီး Tempo က France ဘက် ပြန်ရောက်သွား၏။ သရေများ ကျသွားမလား ထင်မှတ်ထားချိန်မှာ England က ၁ ဂိုး ထပ်သွင်းပြီး ၃-၅ ဖြစ်သွား၏။ ၉၀+၆ မိနစ်မှာ France ၁ ဂိုး ပြန်သွင်းလို့ ၄-၅ ဖြစ်ပြန်၏။ သို့ပေမဲ့ ၉၀+၈ မိနစ်မှာ ပိုသေချာသွားစေမယ့် ဂိုးကို England က သွင်းယူပြီး ၄-၆ ဖြင့် ပွဲပြီးသွားလေ၏။ England တတိယရပြီး France က စတုတ္ထဖြင့်သာ ကျေနပ်ခဲ့ရလေတော့၏။
(photos from FIFA World Cup page)