တခါတလေကျ ပိုစ့်တင်ဖို့ စာကြိုရေးထားတာကလည်း မကောင်းဘူးရယ်။ ဟင် အရင်ကတော့ ကဒွန်ပဲ တရက်တပိုစ့် တင်နိုင်ဖို့ စာရှိနေမှဆို၊ ပိုစ့်တင်ခါနားနီးမှ ရေးရင် အဆင်မပြေဘူးဆို၊ ပြီး မတင်ခင် ရေးမယ် လုပ်ပြီးမှ အလုပ်တခုခု ရှုပ်သွားလို့ ရေးချိန်မရဘဲ တင်နေကြ အချိန်ကျော်သွားရင် အဆင်မပြေဘူးဆို။ သူပဲ ကြိုရေးထားမှ ကောင်းမယ်ဆို။
မှန်ပါတယ် ကြိုရေးထားတာ ကောင်းပါတယ်။ ကောင်းလည်း မကောင်းဘူးရယ်။ အမှန်တော့ ကြိုရေးထားတာက ကောင်းတယ် မကောင်းတာက သတိလက်လွတ် ဖြစ်တာ။ ရှုပ်သွားပြီ ထင်ပါရဲ့ လင်းပါမည်။
ခုနောက်ပိုင်း ပိုစ့်တင်ဖို့ စာကို တင်ခါနီးမှ မရေးတော့ပေ။ ကြိုကြိုတင်တင် ရေးထားဖြစ်တာ ကြာပြီ။ မနက်ခင်း ဆွမ်းထလောင်းပြီး ပြန်မအိပ်ခင်မှာ ရေးထားလေ့ ရှိ၏။ တခါတလေ အရှိန်ရသွားပြီး ဒီနေ့အတွက်အပြင် နောက်ရက်အတွက်ပါ စာကြိုရေး ဖြစ်သွားလေ့ ရှိ၏။ တရက်သားကဆို သုံးရက်စာ သုံးပိုစ့်တောင် ကြိုရေး ဖြစ်သွား၏။
မနေ့ မနက်က ထုံးစံအတိုင်း စာရေးမယ်ပေါ့။ အဲ့နေ့ အတွက်က United အသင်း ASEAN All Stars အသင်းကို ရှုံးတဲ့အကြောင်း တင်မယ်ပေါ့။ (ရေးထားပြီး) နောက်ရက် အတွက် ဘာရေး ထားရင် ကောင်းမလဲပေါ့။ ဟိုလိုက်ကြည့် ဒီလိုက်ကြည့်နဲ့ Champion League Final ပွဲ သွားတွေ့ရော။ ပွဲကြို feeling လေး ရေးမယ်ကွာပေါ့။ ခုရေးတဲ့ဟာကို ဒီနေ့ တင်လိုက်မယ်။ United ပိုစ့်ကိုတော့ နောက်ရက်မှ တင်မယ်ပေါ့။ United ပိုစ့်က နောက်ရက်ရက်မှ တင်လည်း ရတာကိုး။ Champion League Final ကကြ ပွဲကြိုဆိုတော့ မကန်ခင် တင်မှရမယ်။
ရေးလိုက်တယ်။ ညနေ တင်မယ်ပေါ့။ ညနေ Futsal သွားကန်။ ကန်နေရင်း ခဏ နားချိန်မှာ ပိုစ့်တင်မယ်ပေါ့။ အဲ့မှာ လွဲတာ။ Champion League Final ပိုစ့်ကို တင်ရမယ့်ဟာ United ပိုစ့်ကို တင်မိသွားရော။ အရင်ဟာ နောက်မှ တင်ရမှာကို အရင်ဟာ အရင်တင်မိသွားရော။ ကောင်းရော။
တချို့ အကြောင်းအရာတွေက ရက်မရွေး အချိန်ကြည့်စရာမလိုဘဲ တင်လို့ရပေမယ့် ပွဲကြို feeling, review, highlight သဘောမျိုးတွေက အကန့်အသတ် ရှိ၏။ ပွဲကြို feeling ကြီးကို ပွဲပြီးမှ ထတင်ရအောင်လည်း မဟုတ်ပြန်သေး။ ပွဲပြီး feeling တင်ရမှာ မလား။ ခုတော့ ပိုစ့်တရက်စာ ရေးထားပြီးမှ တင်မရတော့ပေ။
ဆိုတော့ကာ မပြောင်းလဲပါဘူး။ ကြိုရေးထားတာက ကောင်းပါတယ်။ အယ် ပိုစ့် မတင်ခင်တော့ တချက်လေး စစ်ဖို့ လိုသဗျ။ မဟုတ်ရင် ကျနော့်လို ဖြစ်မယ်ဗျို့။