Argentina are Finalist

Words
217
Reading
1 min
Listen
Play
2M

ဆီမီးဖိုင်နယ် ဒုတိယပွဲစဉ် ဖြစ်သည့် England vs Argentina ပွဲစဉ်ကို ဒီနေ့ မနက် ၁ နာရီခွဲမှာ ကစားသွားခဲ့၏။ အသင်းငယ်တွေကိုပဲ ဖြတ်သန်းခဲ့ရတဲ့ ဆိုတဲ့ Argentina အနေဖြင့် ဆီမီးဖိုင်နယ်အဆင့်မှာ England နဲ့ တွေ့ဆုံနေရပြီ။ ၂ သင်းလုံးမှာ ကိုယ်သဘောကျသည့် ကစားသမားတွေ ပါဝင်နေခဲ့၏။ ၁ သင်းထဲကို ရွေးပြီး အားပေးတာမျိုးတော့ မရှိပေ။ ဖလားရစေချင်သည့် Portugal အသင်း ထွက်သွားပြီးနောက် သိပ် ထက်သန်မှု မထားတော့ပေ။

ကိုယ်က ရစေချင်ပေမဲ့ သူတို့က ရနိုင်သည့် ခြေစွမ်း၊ ကစားကွက်၊ အားထုတ်မှုမျိုးလည်း လိုသေးသည် မဟုတ်လား။ ပြီး စိတ်ဓါတ်နဲ့ ကံတရားကောပေါ့။ Portugal အသင်းမှာ လုံလောက်သည့် ခြေစွမ်း၊ အားထုတ်မှု၊ စိတ်အား ထက်သန်မှု မတွေ့ရပေ။ ထက်သန်မှု မရှိမှတော့ ကံတရားသည်လည်း လှည့်ကြည့်မည် မဟုတ်ပေ။ တခါတလေ ထက်သန်နေရဲ့သားနဲ့တောင် မျက်နှာလွဲ ခဲ(ဂဲ) ပစ် လုပ်လေ့ ရှိသည် မဟုတ်လား။ မသိချင်ယောင်ဆောင်သောနေရာမှာ အနှီ ကံတရားက ဆရာတဆူလည်း ဖြစ်လေ၏။

Portugal ထွက်သွားလို့ France လေး မဆိုးဘူး တွေးနေတုန်း ရှိသေးတယ် ဆီမီးဖိုင်နယ်မှာ Spain ကို ၀-၂ ဖြင့် ရှုံးသွားခဲ့ရ၏။ England vs Argentina ပွဲစဉ်မှာ ဆိုရင်လည်း Argentina ထက်စာရင် England ကိုတော့ ပိုပြီး ဗိုလ်လုပွဲ ရောက်စေချင်မိ၏။ ဒါပေမဲ့လည်း ဖြစ်စေချင်သလိုတော့ ဖြစ်မလာခဲ့ပေ။ Argentina ကပဲ England ကို ၁-၂ ဖြင့် အနိုင်ရပြီး ဗိုလ်လုပွဲသို့ တက်လှမ်း သွားခဲ့လေတော့၏။

ဆီမီးဖိုင်နယ် ၂ ပွဲလုံး မကြည့်လိုက်ရပေ။ မနက် ၁ နာရီခွဲဆိုတော့ စောင့်မကြည့်နိုင်၊ ထပြီးတော့လည်း မကြည့်နိုင်။ နှစ်ရက်လုံး တိုင်တိုက်ဆိုင်ဆိုင်နိုးလာသည့်အချိန်က ပွဲပြီးခါနီး အချိန်တွေ။ France ပွဲဆို နောက်ဆုံး ၅ မိနစ် မှီ၏။ England ပွဲကြ ပွဲပြီးချိန် မှီ၏။ Highlights တွေ ပြန်ကြည့်ပြီး ဪ ... ဒီလို ကစားပြီး ဒီလို ဂိုးတွေရသွားတာပဲပေါ့။ အမေ နေမကောင်းလို့ မနက်ပိုင်းတွေ ဆေးခန်း လိုက်ပို့ နေရတာရယ်၊ ကိုယ်တိုင်လည်း ခါးနာနေတာတဲ့ ဘောလုံးပွဲဘက် မလှည့်နိုင်ပေ။ တမင် မဟုတ်ဘဲ ကြုံကြည့်သာ တတ်နိုင်၏။

ထုံးစံအတိုင်း Argentina က ပြိုင်ဘက်နောက်ကနေ လိုက်ကစားရ၏။ မသိရင် တမင် အကျောပေးပြီးများ ကန်လေသလားပေါ့။ England က ဦးဆောင်ဂိုး အရင် သွင်း၏။ ၅၅ မိနစ်မှာ Gordon က သွင်းယူ၏။ ၈၅ နှင့် ၉၀+၂ မိနစ်တို့မှာ Argentina က ချေပဂိုးနှင့် အနိုင်ဂိုးတွေ သွင်းယူခဲ့၏။ ၂ ဂိုးလုံးကို Messi က ဖန်တီးပေးသွားခဲ့ခြင်း ဖြစ်၏။ တကယ်ကောင်းသည့် Messi ပါလေ။ Spain နှင့် Argentina တို့ ဗိုလ်လုကြမည် ဖြစ်ပြီး။ France နှင့် England တို့ တတိယ လုကြမည် ဖြစ်၏။

(photos from FIFA World Cup page)

Argentina are Finalist | Ecency