
ဒီရက်ပိုင်းကတော့ လုပ်စရာတွေ များမည်။ အခြားတော့ မဟုတ်ပေ။ အိမ်အောက်ထပ်မှာ အခန်းတခန်း ထပ်ဖွဲ့ဖို့ ဖြစ်၏။ ထွေထွေထူးထူးတော့ မဟုတ်ပေ။ ကျနော့် အတွက် အခန်းဖွဲ့ဖို့ ဖြစ်၏။ နယ်ဝေးက အမက အိမ်ပြန်ရောက်လာပြီ ဖြစ်သဖြင့် တူလေးနဲ့ သူ့ အမေ ပြန်အိပ်ကြတော့မည် ဖြစ်၏။
လောလောဆယ်တော့ ဘုရားခန်းမှာ အိပ်နေ၏။ အရင်လို မီးဖိုခန်းမှာ အိပ်လျှင် ရသော်လည်း အမ၏ ပစ္စည်းတွေက နေရာမချရသေးသဖြင့် မီးဖိုခန်းထဲမှာပဲ ဟိုတစု ဒီတစုနှင့် ထား ထားသဖြင့် နေရာ သိပ်မရှိ၊ သိပ်မကျန်နေပေ။ ပြီး အမေကလည်း ကျနော့်ကို မီးဖိုခန်းမှာ မအိပ်စေချင်တော့ပေ။ မီးဖိုခန်းရှေ့ ကပ်လျက်လေးမှာ အခန်းလေး ဖွဲ့လိုက်ဖို့ ပြော၏။

အခန်းဆိုပေမယ့် တခမ်းတနား ကြီးကြီး ရျယ်ကျယ် ခိုင်ခိုင် ခန့်ခန့်ကြီးတော့ မဟုတ်ပေ။ လောလောဆယ်လည်း ထိုမျှ လုပ်နိုင်သည့် ငွေ အင်အား မရှိနေသေးပေ။ နေဖို့ အိပ်ဖို့ အဆင်ပြေလောက်ရုံဆို ရပြီ ဖြစ်၏။ အုတ်တိုက်နှင့် နောက်မှ ပြန်လုပ်ယူမည်ဆိုတော့ လက်တလော နေလို့ အိပ်လို့ရလျှင် ရပြီပဲကိုး။ ဟော်လို သံပိုက်နှင့်တွဲပြီး ဇင့်သွပ်ကာလိုက်မည်ဟု တွေသွား၏။
ဘေးကပ်လျက်မှာ ပိန္နဲပင် ရှိသဖြင့် အရိပ်ရတော့ သွပ်နှင့် ကာထားလည်း အပူဒဏ်တော့ အထိုက်အလျောက် ကာမိပါ၏။ သို့နှင့် ဇင့်သွပ်နှင့်သာ ကာတော့မည် တွေးထား၏။ နောင်ခါလာ နောင်ခါစျေးပေါ့။
ဟော်လိုသံပိုက်နှင့် ဇင့်သွပ်တော့ ဝယ်ရပေလိမ့်မည်။ ပြီး အောက်ခံ foundation လည်း အကြမ်းလောင်းရပေလိမ့်ဦးမည်။ မည်သို့ပင် ဆိုစေကာမူ အစစ အရာရာ အဆင်ပြေ သွားဖို့တော့ မျှော်လင့်မိ၏။ ကဲ အခန်းလေး ဖွဲ့လိုက်ပါဦးမည်။