21 st Blood Donation

Words
180
Reading
1 min
Listen
Play
1M

မနေ့က သွေးလှူ ဖြစ်၏။ 21 ကြိမ်မြောက် ဖြစ်၏။ မနေ့ ရှေ့တနေ့ညက ဆက်လာခြင်း ဖြစ်၏။ ညဘက်ကြီး ဖြစ်နေတာနဲ့ ခေတ်ကာလ အခြေအနေအရ သွားလာဖို့ အဆင်မပြေတာနဲ့ အရေးပေါ် မဟုတ်ဘဲ မနက်မှ လိုတာဆို မနက်မှ လာလို့ ရမလား မေးတော့ ရကြောင်း ပြော၏။ သို့နှင့် မနက်မှ လာခဲ့မည် ဖြစ်ကြောင်း၊ ရောက်နိုင်မယ့် အချိန်ကိုလည်း တဆက်ထဲ ပြောထားလိုက်၏။

20 နဲ့ 21 တကြိမ်က ကြားထဲ အတော်ခြားသွား၏။ 20.7.2025 မှာ နောက်ဆုံး လှူထားတာဆိုတော့ တနှစ်နီးပါး ဟ သွားခဲ့၏။ 4 လ တခေါက် လှူလို့ရတာဆိုတော့ 3 ကြိမ်လောက် ကြားထဲ အဆက်ပြတ်သွားသည်ဟု ပြောရမည်။ လပြည့်နေပေမဲ့ လိုအပ်သူတွေနဲ့ မချိတ်ဆက်မိတာလည်း ပါပေလိမ့်မည်။ လွန်ခဲ့သော3 လလောက်မှာ လှမ်းမေးတုန်းက ကျနော် နေမကောင်း ဖြစ်နေတာနဲ့ တခြား သူငယ်ချင်းကိုပဲ ညွှန်းလိုက်ရ၏။

5.8.2012 မှာ ပထမဆုံး သွေးလှူခဲ့ဖူးခြင်း ဖြစ်၏။ အဲ့ဒီကနေ စလာလိုက်တာ ပေါ့။ ယခင် သတင်းစာတွေထဲမှာ တွေ့ဖူးသည့် ဘယ်နှယ်ကြိမ်ထိ လှူထားပါပြီဆိုသည့် သူတွေလို အကြိမ်ရေ များများ လှူနိုင်ဖို့ စံချိန်၊ စိတ်မျိုးတော့ မရှိပေ။ လိုအပ်သူတွေ အတွက် ကျနော် လှူနိုင်သလောက် လှူသွားဖို့တော့ စိတ်ကူး ရှိ၏။ ထိုသို့ လှူနိုင်ဖို့ ကိုယ်တိုင်ကလည်း ကျန်းမာနေဖို့ လိုမည် ဖြစ်၏။ မိမိ ကိုယ်ကိုလည်း စောင့်ရှောက်ပြီး သား ဖြစ်သွားတာပေါ့လေ။

ခုနောက်ပိုင်း သွေးလှူရင် သွေးကြော ရှာမရသည့် ကိစ္စ အတော်လေးကြုံလာခဲ့၏။ ခုလည်း ရှာမရနေတာနဲ့ အလယ်ကြောက မဟုတ်ဘဲ ဘေးကြောက ထုတ်ရ၏။ သွေးလှူပြီးတော့ နားချင်ပေမဲ့ Futsal League အတွက် အစည်းအဝေး သွားရပြန်၏။ ဒီတခါတော့ ပွဲမတိုင်မီ အတွက် နောက်ဆုံး အစည်းအဝေးပါဟုတော့ ပြော၏။ Match Schedule အတွက် Ranking တွေပါ တပါတည်း မဲနှိုက်၏။

ဖွင့်ပွဲကို 10 ရက်နေ့ ရာထား၏။ ဝန်ကြီးချုပ် မအားရင်တော့ 14 ရက်နေ့ ရွှေ့မယ် ဆို၏။ လူကြီး မအားလို့ ရက်ရွှေ့ရသည့် ဇာတ်လမ်းတွေက တခေတ် ပြန်ထလာ၏။ ကိုယ့် ကိစ္စ ကိုယ်လုပ် အားရင်လာ၊ မအားရင်လည်း မလာနဲ့တော့ပေါ့။ လူ တယောက်အတွက် ပြိုင်ပွဲကြီး တခုလုံး ရက်ရွှေ့ ပေးနေရတာ သိပ်မဟုတ်ပေ။ အရိုးစွဲလာသည့် စနစ်၊ အကျင့်တွေ ပေါ့။ ကျနော်တို့ အသင်းက အဆိုပါနေ့မှာ ပွဲစဉ် ၅ ရောက်မှ ယှဉ်ပြိုင်ရမည် ဖြစ်၏။

21 st Blood Donation | Ecency