ပြည်ပသို့ ဆိတ်အရှင်များ တင်ပို့ရာတွင် ကန့်သတ်ချက်များ ရှိနေသေးသဖြင့် ဖြေလျှော့ပေးနိုင်ရေး အတွက် ယခုလ အတွင်း ညှိနှိုင်းမှုများ ပြုလုပ်မည် ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန (စီးပွား/ကူးသန်း) က ပြောသည်။
ဆိတ်မှာ အရေးကြီး ကုန်စည်စာရင်းတွင် ပါဝင်နေကာ တိုင်းဒေသကြီးနှင့် ပြည်နယ် စည်ပင်သာယာရေး နယ်နိမိတ် ဖြတ်ကျော်မှု မပြုရန် အရေးကြီး ကုန်စည်နှင့် ဝန်ဆောင်မှု ဥပဒေပုဒ်မ ၅ ဖြင့် တင်းကျပ်စွာ တားမြစ်ထားပြီး ယင်း ကုန် စည်ကို တင်ပို့ခြင်း (သို့) တင်သွင်းခြင်း ပြုလုပ်လျှင် ပို့ကုန်၊ သွင်းကုန် ဥပဒေဖြင့်ပါ ၃နှစ်ထက် မပိုသော ထောင်ဒဏ် ငွေဒဏ် သို့မဟုတ် ဒဏ် ၂ ရပ်လုံးဖြင့် ဖြစ်စေ အရေးယူနိုင်ကြောင်း သိရသည်။
ဆိတ်ကို ၂၀၁၀-၂၀၁၁ ခုနှစ်တုန်းက မလေးရှားနိုင်ငံကို တင်ပို့တာကလွဲလို့ အခုနောက်ပိုင်း ပင်လယ် ရေကြောင်းက တင်ပို့တာ မရှိတော့ဘူး။ နယ်စပ်ကတော့ တရုတ်ကို သွားနေတယ်။ အခု အမျိုးသားပို့ကုန် မဟာဗျူဟာ စီမံကိန်းမှာ ထည့်သွင်းရင် ဒီလုပ်ငန်း တခုလုံးမှာ ပေါ်လာတဲ့ လိုအပ်ချက် အားလုံးကို ပြင်ဆင်ပြီး ပို့်မှာဆိုတော့ ပို့ကုန်လည်း မြင့် လာနိုင်တယ်”ဟု ဦးဝင်းမြင့်က ပြောပြသည်။
၂၀၁၀-၂၀၁၁ ခုနှစ်မှ စတင်၍ မလေးရှားသို့ ဆိတ် တင်ပို့မှုကို ပင်လယ် ရေကြောင်းမှ အမေရိကန် ဒေါ်လာ ၅ သောင်း ကျော်ဖိုး တင်ပို့ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်တွင် တရုတ်နယ်စပ်မှ ဒေါ်လာ ၁၄ သိန်းဝန်းကျင် တင်ပို့ခဲ့ကာ လက်ရှိ ၂၀၁၇-၂၀၁၈ ခုနှစ်တွင် ဒေါ်လာ ၁၇ သိန်း ဝန်းကျင် တင်ပို့ထားကြောင်း စီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီးဌာန စာရင်းများတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံ မွေးမြူရေးအဖွဲ့ချုပ်အမှုဆောင် ကျွဲ၊ နွား၊ သိုး၊ ဆိတ် မွေးမြူရေး လုပ်ငန်းရှင် ဦးချစ်ကိုကိုက “လက်ရှိ အရှင် တင်ပို့ခွင့် ပြုဖို့ လုပ်နေတာတော့ မှန်တယ်။ ဒါပေမယ့် စနစ်မကျသေးဘူး။ အရှင်ရောင်းတဲ့ ဈေးကွက်က မဖြစ်သင့်ဘူး။ ဖြစ်သင့်တာက ဘာလဲဆိုတော့ အသား၊ သားရေကိုပဲ ပြည်ပတင်ပို့တာက အကျိုးရှိတယ်။ ဘာကြောင့်လဲ ဆိုတော့ အရှင် တင်ပို့ရင် ကိုယ့်နိုင်ငံ ကုန်ကြမ်းက ထွက်တဲ့ တန်ဖိုးမြင့် ထုတ်ကုန်တွေက ကိုယ့်တိုင်းရင်းသားတွေ မစားရတော့ ဘူး။ သူတို့နိုင်ငံခြားသားပဲ စားသွားမှာဖြစ်တယ်” ဟု ဧရာဝတီသို့ ပြောသည်။
လက်ရှိ၌ အမျိုးသား ပို့ကုန် မဟာဗျူဟာ စီမံကိန်း (National Export Strategy-NES) တွင် ပို့ကုန် အမည်သစ် အဖြစ် ဆိတ် အကောင်လိုက် တင်ပို့မှုကို ထည့်သွင်းထားသော်လည်း လူတိုင်းတင်ပို့ခွင့် မရှိသေးကြောင်း သိရသည်။
စီးပွား/ကူးသန်း ကုန်သွယ်မှု မြှင့်တင်ရေး ဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းမြင့်က “ဆိတ်ကို မဟာဗျူဟာမှာ ထည့် တယ် ဆိုတာက ဒီလုပ်ငန်းတွေကို ထူထောင်ရင် ဖြစ်နိုင်တဲ့ အလားအလာ ရှိတယ်ဆိုတာ တွက်ချက်ပြီး တကယ့်ပို့ကုန် မှန်မှန်ကန်ကန် ဖြစ်အောင် လုပ်တာဖြစ်ပါတယ်။ လူတိုင်းတော့ ပို့လို့မရသေးဘူး။ အရေးကြီး ကုန်စည်ထဲမှာ ပါနေ တော့ တချို့ အချက်တွေကို ညှိနှိုင်းဖို့ ကျန်နေပါသေးတယ်” ဟု ပြောသည်။
ကမ္ဘာ့နိုင်ငံများ ထဲတွင် အသားတင်ပို့မှု အများဆုံးမှာ ဘရာဇီး နိုင်ငံ ဖြစ်ပြီး ဒုတိယ အများဆုံးမှာ အမေရိကနိုင်ငံ ဖြစ်ကာ ယင်းတို့သည်လည်း အရှင် တင်မပို့ကြောင်း အသားနှင့် ဈေးကွက် လိုအပ်ချက်ရှိသော သားရေ တို့ကိုသာ တင်ပို့ကြကြောင်း လုပ်ငန်းရှင်များ ထံမှ သိရသည်။