ကြက် သည် ငှက်နှင့် အလားသဏ္ဌာန် တူသော တိရစ္ဆာန် ဖြစ်ပြီး တောကြက်၊ အိမ်ကြက်၊ ရေကြက်ဟူ၍ အမျိုးမျိုး အစားစား ရှိကြသည်။ ကြက်သည် ဥ အုသော တိရစ္ဆာန် ဖြစ်ကာ အစောဆုံးသော အိမ်မွေးတိရစ္ဆာန် တစ်မျိုးအဖြစ် လူတို့မွေးမြူခဲ့သည့် အထောက်အထားများကို တွေ့ရသည်။
ကြက်ငှက်တုပ်ကွေးရောဂါသည် H5N1 ကူးစက်ဗိုင်းရပ်စ် တစ်မျိုးကြောင့်ဖြစ်ပွားခဲ့ရခြင်း ဖြစ်ပါသည်။ တောရိုင်း ကြက် ငှက်များမှ ကူးစက်သည့် ဤဗိုင်းရပ်စ်ရောဂါပိုးကို မက္ကဆီကိုနိုင်ငံ၌ ၂ဝဝ၉ ခုနှစ်က ပထမဆုံးဖြစ်ပွားခဲ့ပြီး ကမ္ဘာတစ်ဝန်းသို့ ကူးစက် ပျံ့နှံ့ခဲ့ကြောင်း သိရသည်။ ယခုအခါ ဤကြက်ငှက်တုပ်ကွေး ဗိုင်းရပ်စ်ကို အမြစ်ပြတ်ဆောင်ရွက်နိုင်ခြင်းမရှိသေးဘဲ ကြက်ငှက် များမှတစ်ဆင့် လူသို့ကူးစက်မှုများ ဖြစ်ပွားနေဆဲဖြစ်ပါသည်။ အထူးသဖြင့် ကြက်ငှက်များရောဂါကျရောက်မှု အများဆုံးဖြစ် သည့် ဆောင်းရာသီကာလများ၌ ဖြစ်ပွားလေ့ရှိကြောင်း ပညာရှင် များကဆိုကြပါသည်။
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့နယ် ကြက်မွေးမြူရေးဇုန် အတွင်း၌ ကြက်၊ ငုံးမွေးမြူရေးခြံများ တွင် ၁ဝ-၂-၂ဝ၁၅ ရက်မှ စ၍ ကြက်၊ ငုံးများစတင်သေဆုံးခဲ့သောကြောင့် မွေးမြူရေးနှင့်ကုသ ရေးဦးစီးဌာနဓာတ်ခွဲခန်းများတွင် စစ်ဆေးခဲ့ရာ H5N1 ဗိုင်းရပ်စ် ပိုးဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပြီးနောက် ရောဂါဖြစ်ပွားမှု လျင်မြန်စွာထိန်းချုပ်နိုင်ရန် အလေးထားဆောင်ရွက်လျက်ရှိ ပါသည်။ ထို့အတူ စစ်ကိုင်းတိုင်းဒေသကြီးနှင့် ထိစပ်လျက်ရှိသော မန္တလေးတိုင်းဒေသကြီးအပြင် အခြားသော တိုင်းဒေသကြီးနှင့် ပြည်နယ်တို့၌လည်း ကြိုတင်ကာကွယ်မှု(early prevention)၊ ကြိုတင်သတိပေးမှု (early warning)၊ ကြိုတင်ရောဂါ စူးစမ်း ရှာဖွေမှု (early Detection) များ ဆောင်ရွက်လျက်ရှိပါသည်။ ကြက်ငှက်တုပ်ကွေးရောဂါသည် လူသို့ကူးစက်ခံရပါက သေဆုံး သည်အထိ ဖြစ်နိုင်ပါသည်။
ကြက်၊ ဘဲခြံများအတွင်းဝင်ရောက်ပါက နှာခေါင်းစည်း၊ လက်အိတ်စသည့် အကာအကွယ်ပစ္စည်း များ စနစ်တကျဝတ်ဆင် ရန်၊ ကြက်၊ ဘဲများကိုကိုင်တွယ်ပြီးတိုင်း ကြက်ခြံမှထွက်ခွာသည့် အခါတိုင်း ဆပ်ပြာနှင့်လက်ဆေးခြင်း၊ တစ်ကိုယ်ရေသန့်ရှင်းရေး ပြုလုပ်ကြရန်လည်း လိုအပ်မည်ဖြစ်ပါသည်။ ကြက်၊ ငှက် အသား၊ ဥတို့ကို သေချာစွာချက်ပြုတ်ပြီးမှ စားသုံးသင့်ပါသည်။ အကယ် ၍ ကြက်၊ ငှက်များရုတ်တရက်သေဆုံးကြောင်းသိရှိရပါက နီးစပ် ရာအုပ်ချုပ်ရေးအဖွဲ့၊ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန မြန်မာ နိုင်ငံမွေးမြူရေးလုပ်ငန်းအဖွဲ့ချုပ်သို့ ချက်ချင်းသတင်းပို့ရန်လို အပ်ပါသည်။
သို့ပါ၍ ကြက်ငှက်တုပ်ကွေးရောဂါကြောင့် ပြည်သူများ၏ကျန်းမာရေးထိခိုက်မှုမဖြစ်စေရန် မွေးမြူရေးလုပ်ငန်း လုပ်ကိုင်သူ လုပ်ငန်းရှင်များအနေဖြင့် မိမိတို့၏စီးပွားရေးကို တိုးပွားအောင် ဆောင်ရွက်ရမည်ဖြစ်သကဲ့သို့ ဘေးအန္တရာယ်ကင်းရှင်းရေးအတွက် ဇီဝလုံခြုံရေးကိုလည်း အမျိုးသားတာဝန်တစ်ရပ်အဖြစ် အထူး အလေးအနက်ထား ဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း။ ။