ကျွန်တော် အိမ်မြင့်မြင့် ခမ်းခမ်းနားနားကြီးကို တမေ့တမောကြည့်နေမိသည်။
ခြံဝင်းကြီးက ကြီးမားကျယ်ပြန့်ကာ.....ပျက်စီးယိုယွင်းနေသောဘုရားဆောင်......ကောနေသောရေကူးကန်တို့မှအပ....သာသာယာယာရှိလှသည်...။
ဆင်ဝင်အောက်တွင်ထွန်စက်တစ်စီးရပ်ထားသည်။
ခွေးသုံးကောင်ကို သံကြိုးနှင့်လည်ပင်းပတ်ချည်ထားပြီး သံတုံးများနှင့်ချိတ်ထားသည်။
သစ်ပင် ပန်းမန်အချို့စိုက်ထားပြီး စိမ်းစိမ်းစိုစိုရှိလှသည်။
အိမ်ပေါက်ဝကို သွားရပ်တော့ အသက် ၅၀ ခန့်အရွယ် အန်တီကြီးတစ်ယောက်က ဆီးကြိုကာ လာလေ သား ဟု ခရီးကြိုသည်။
အိမ်ထဲရောက်တော့ အရင်ဆုံးကြုံရသည်က ဓာတ်ပုံများဖြစ်သည်။
နံရံမှာ....
စားပွဲပေါ်မှာ....
မှန်တင်ခုံပေါ်မှာ...
ရှိုးကေ့စ်ထဲမှာ....
မှန်ဗီရိုထဲမှာ...
များပြားလှသော ဓာတ်ပုံများသည် အရောင်လွင့်စ အဖြူအမည်းများဆိုသော်ငြား....သမိုင်းဝင် ဟူသော တန်ခိုးတစ်ခုကြောင့် တောက်ပြောင်နေလေသည်။
ဓာတ်ပုံထဲမှ ရှမ်းဝတ်စုံနှင့်သြစတြီးယားသူ တစ်ယောက်သည် သူစိမ်းဖြစ်သော ကျွန်တော့်ကို ချိုသာစွာပြုံးပြနေလေသည်။
#######
Inge Eberhard သည် ဥရောပသူပီသစွာ မျက်လုံးမျက်ဖန်ကောင်းသည်။အရပ်ရှည်ကာ ချစ်စဖွယ်မျက်နှာကျနှင့်ဖြစ်သည်။
ရှမ်းအသိုင်းအဝိုင်းကတော့ သူမနာမည်ကို မဟာဒေဝီစဝ်သုစန္ဒီဟု သိကြလေသည်။
အရှေ့မြောက်ရှမ်းတောင်တန်းများကို အုပ်ချုပ်ပိုင်စိုးခဲ့သော....တိုးတက်သည့်အမြင်ရှိသော...ရှမ်းပြည်နယ်ကိုခေတ်မီဖွံ့ဖြိုးအောင်ပြုလုပ်လိုသော...
သီပေါစော်ဘွားကြီးစဝ်ကြာဆိုင်၏ မဟာဒေဝီတစ်ပါးလည်းဖြစ်သည်။
စဝ်ကြာဆိုင်ဆိုသော သီပေါစော်ဘွားကြီးသည် ထိုခေတ်ထိုအခါက ရှမ်းလူမျိုးတို့၏ ချစ်ခင်မှုကိုအပြည့်အဝရသူအဖြစ်ကျော်ကြားသည်။
သူ၏ မဟာဒေဝီဖြစ်သော သြစတြီးယားသူ အင့်ဂ်အီဘာဟတ်သည်လည်း မြန်မာနိုင်ငံ ရှမ်းတောင်တန်းများအပေါ်ခြေချသည်နှင့် မူရင်းလာရာကိုမေ့ဖျောက်ကာ ရှမ်းအဝတ်အစားဝတ် ရှမ်းအစားအစာစားကာ ရှမ်းစကားတတ်အောင်သင်ပြီး ရှမ်းလူမျိုးတို့၏ချစ်ခင်မှုကိုဖောဖောသီသီရခဲ့သူ....စော်ဘွားကြီး၏မြတ်နိုးမှုကိုခံခဲ့ရသူ.....အဖြစ် နာမည်ကျော်ခဲ့သူဟု ဆိုသည်။
သို့သော် ချစ်ခင်မြတ်နိုးမှုတို့သည် မရှည်ကြာခဲ့။
မာယာရီနှင့်ကိန္နရီဆိုသော ကလေးနှစ်ဦးမွေးဖွားပြီးနောက် သူတို့ဘဝထဲ ပြင်းထန်အားကောင်းသောမုန်တိုင်းတစ်လုံးသည် ဝင်မွှေခဲ့လေသည်။
၎င်းမုန်တိုင်းသည် စော်ဘွားကြီး၏ မိသားစုတင်သာမက တစ်နိုင်ငံလုံးကိုပါ မွှေနှောက်ခဲ့သောမုန်တိုင်းဖြစ်လေသည်။
မုန်တိုင်းနာမည်က စစ်အာဏာရှင် ။
မဟာဒေဝီ ၏ ဓာတ်ပုံကို စိုက်ကြည့်နေမိတာ မည်မျှကြာသွားသည်မသိ။
"" လူမမယ်ကလေးနှစ်ယောက်နဲ့ သောကများခဲ့တဲ့ မိန်းမတစ်ယောက်ပေါ့ သားရယ်..""
ဘေးနားကစကားသံကြောင့်သတိပြန်ဝင်လာသည်။
အိမ်ကြီးထဲဝင်ခွင့်ပြုခဲ့သောအန်တီကြီးဖြစ်သည်။
ငြိမ်းချမ်းသော မျက်နှာသွင်ပြင်ရှိသူ...အေးချမ်းသောအပြုံးကိုပြုံးတတ်သူဖြစ်ပုံရသည်။ သီပေါစော်ဘွားကြီးနှင့်တော်စပ်ပုံကိုမေးမိလိုက်တော့ မျက်ခုံးများပင်ပင့်သွားရသည်။
ထိုအန်တီကြီးသည် သီပေါစော်ဘွားကြီးစဝ်ကြာဆိုင်၏ တူဖြစ်သူ စဝ်ဦးကြာ၏ ဇနီးဖြစ်နေလေသည်။
မဟာဒေဝီ၏ တူမတော်ဟု ခေါ်သော်ရအံ့ထင်သည်။
အနွယ်တော်ကြီးဖြစ်ငြား ထောင်လွှားပုံမပေါ်။
ကျွန်တော်က စားပွဲပေါ်က စာအုပ်တစ်ချို့ကောက်ကိုင်ကြည့်လိုက်သည်။
ကာယကံရှင် မဟာဒေဝီကိုယ်တိုင်ရေးထားသော
Twilight Over Burma ဟူသောစာအုပ်ကိုဘာသာပြန်ထားသည့်
ပြေ(ဆေး ၂ ) ၏ မြူတိမ်ဝေဝေတောင်ခိုးဝေးဝေး
မောင်သန်းဆွေ(ထားဝယ်)၏ မဟာဒေဝီတစ်ပါးရှာပုံတော်
နိုင်ဦးရေးသော မဟာဒေဝီစဝ်သုစန္ဒီ
စသည့် စာအုပ် ၃ အုပ်ကို တန်းစိီတွေ့ရသည်။
ပြေ ဆေး ၂ ၏ စာအုပ်ကိုဝယ်လို၍ မေးတော့ မရှိတော့ချေ။ကုန်သွားပြီ။ရောင်းမလောက် ဟုဆိုသည်။
ီဓာတ်ပုံများကိုကြည့်လိုက်တော့ သဘောကောင်းပြီးစိတ်ဓာတ်ခိုင်မာဟန်မျက်နှာကျနှင့် သီပေါစော်ဘွားစဝ်ကြာဆိုင်နှင့် မျက်လုံးချင်းဆုံသည်။
"" ၁၉၆၂ လောက်ကပေါ့ ....""
ဗိုလ်ချုပ်နေဝင်း ဦးဆောင်သော စစ်အုပ်ချုပ်ရေးအောက်တွင် တိုင်းသူပြည်သားတို့၏ လုပ်ငန်းတော်တော်များများသည် အစိုးရပိုင်ဖြစ်ခဲ့သည်ဟုဆိုသည်။
ထိုအထဲတွင် သီပေါစော်ဘွားနှင့်စဝ်သုစန္ဒီတို့ပိုင်ဆိုင်မှုများစွာလဲ ပါခဲ့သည်။
အဆိုးဆုံးနှင့်နှမြောစရာအကောင်းဆုံးမှာရှမ်းပြည်နယ်စိုက်ပျိုးရေးတိုးတက်စေရန်ရည်ရွယ်ကာ နိုင်ငံခြားမှဝယ်ထားသော စက်ယန္တရားကြီးများအသိမ်းခံရခြင်းနှင့်ဖောင်ဒေးရှင်းစာသင်ကျောင်းအပိတ်ခံရခြင်းဖြစ်သည်။
စက်များအသိမ်းခံရခြင်းသည် စော်ဘွားကြီး၏ ရည်ရွယ်ချက်နှင့်ရှမ်းပြည်နယ်၏အနာဂတ်ကိုရိုက်ချိုးခြင်းပင်ဖြစ်သည်။မခံမရပ်နိုင်ဖြစ်ကြသည်။
သီပေါစော်ဘွားစဝ်ကြာဆိုင်သည် စစ်အာဏာရှင်ကို ထိပ်တိုက်ပြန်လည်ရင်ဆိုင်ခဲ့သည်။
သိပ်မကြာခင် သူ့အား စစ်ဆေးမေးမြန်းရန်ဟူသောအကြောင်းပြချက်ဖြင့် လာရောက်ခေါ်သွားကြသည်။
ထူးဆန်းတာတစ်ခုက....
သီပေါစော်ဘွားစဝ်ကြာဆိုင်ကို ခေါ်သွားသည်မှာ
ဗထူးတပ်မြို့ဟု သတင်းထွက်ခဲ့သော်ငြား ယနေ့အထိမည်သူမှ အတိအကျမသိ။
ထို့အတူ စော်ဘွားကြီး သေလားရှင်လားယနေ့အထိမည်သူမှ မသိ။
စဝ်သုစန္ဒီခမျာ လင်သတင်းလည်းမသိရ လူမမယ်ကလေးနှစ်ယောက်လည်း ရှိနေ။
မျိုးတော်ဆွေတော်များကလဲ ဦးနေဝင်းရန်ကိုကြောက်ရသဖြင့် လူလုံးထွက်မပြရဲရှာကြ။
နောက်ဆုံး ......
"" ...သြစတြီးယားကို ပြန်သွားတယ်လေ....
အခုတော့ အမေရိကန်မှာ သက်ရှိထင်ရှားရှိနေ
လေရဲ့ ""
"" ကလေးတွေကရော ""
"" ကြီးပြီပေါ့ ""
ထိုအန်တီနှင့်ဆို ဝမ်းကွဲမောင်နှမတော်စပ်ကြမည်။
ဥရောပသွေးနှင့်ရှမ်းသွေးစပ်ထားသော ကလေးများ ဘယ်ပုံရှိနေမှာပါလိမ့်။ကျွန်တော်မတွေးတတ်ချေ။
ဧည့်သည်တော်မှတ်တမ်းမှာ တစ်ခုခုရေးပေးပါပြောပြီးစာအုပ်ကြီးတစ်အုပ်ထိုးပေးတော့ ရုတ်တရက်ဘာရေးရမှန်းမသိ။
ရှမ်းကိုချစ်သောဥရောပသူလေးတစ်ယောက်.....
ကိုယ့်လင်သားသေလားရှင်လား အခုချိန်ထိမသိသေးတဲ့ ဇနီးတစ်ဦး...
"" သီပေါစော်ဘွားနဲ့မဟာဒေဝီ....
ရင်ထဲ တစ်ခုခုတော့ ကျန်ခဲ့ပါတယ်...""
ကျေးဇူးစကားဆိုပြီးပြန်ထွက်တော့ အိမ်ပေါက်ဝထိလိုက်ပို့သည်။ပြေဆေး၂ ရေးသောစာအုပ်ရောက်လျင် ချန်ထားပေးမည်ဟု ကတိအထပ်ထပ်ပေးသည်။
ဆင်ဝင်အောက်မှထွက်ပြီး အရှေ့ဖက်ဘုရားဆောင်ကိုကျွန်တော်ရောက်သွားသည်။
ပျက်စီးယိုယွင်းနေသော ဘုရားရှိခိုးဆောင်သည် လှေကားထစ်များပင်မရှိတော့။သို့သော် တစ်ချိန်က ဘယ်လိုခမ်းနားခဲ့သည်....ဘာသာတရားကိုဘယ်လိုယုံကြည်သက်ဝင်ခဲ့သည် ဆိုခြင်းကို ပြသနေမြဲ...။
ပြန်ထွက်တော့ ဘုရားဆောင်ရှေ့မှ ညောင်ပင်သည် လေတိုးလို့ ထင့် ။ ရှဲ ကနဲ လှုပ်သည်။
တိမ်လိပ်တို့ တက်လာပြီ...။
မိုးလဲ ညို့လာပြီ....။
အိမ်ကြီးပေါ်က ပြတင်းပေါက်တွေရှိရာလှမ်းကြည့်မိသည်။
သီပေါစော်ဘွားပြန်အလာကို အဲ့ဒီ့ပြတင်းတွေက မျှော်နေရှာခဲ့မလား စဝ်သုစန္ဒီ
ဘယ်အချိန်ပြန်လာမလဲဆိုတာ မသိနိုင်တဲ့ လင်သားကိုစောင့်ရင်း သက်ပြင်းဘယ်နှစ်ကြိမ်ရှိုက်နေခဲ့မလဲ စဝ်သုစန္ဒီ
မြန်မာပြည်စစ်အာဏာရှင်ရဲ့ဆိုးသွမ်းမှုကို ခါးစည်းခံဖို့များ သီပေါစော်ဘွားကို ချစ်ခဲ့လေရော့သလား....
#စဝ်သုစန္ဒီ......စဝ်သုစန္ဒီ
#######
ဟော်နန်းထဲ က အထွက်တွင် လေပြင်းတစ်ချက်သုတ်သည်။
ကျွန်တော် နောက်လှည့်မကြည့်ချင်တော့ပါ။
......
.......
......။။။။။။။
#ချစ်လူ
( သီပေါဟော်နန်းထဲ ရောက်ခဲ့သော ၄၅ မိနစ်တာအတွေ့အကြုံကိုအခြေခံ၍ ၎င်း
google မှ ရသမျှကို မှီငြမ်း၍၎င်း
ဤစာကို ကျွန်တော်ရေးပါသည်
အမှားအယွင်း အလွဲအချော်များရှိပါက ခွင့်လွှတ်ကာတည့်မတ်ပေးကြပါကုန်)
သီပေါစော်ဘွားနှင့်မဟာဒေဝီတို့၏ ဇာတ်ကြောင်းကို ရုပ်ရှင်ရိုက်ထားပါသည်။
Twilight Over Burma:My life As a Shan Princess(2016) အမည်ဖြင့်ရိုက်ကူးထားပြီး
သီပေါစော်ဘွားအဖြစ် မင်းသား Daweerit Chullasapy
စဝ်သုစန္ဒီအဖြစ် မင်းသမီး Maria Erich တို့က သရု
ပ်ဆောင်ထားပြီး ရုံတင်ပြသနေပြီဟုသိရပါသည်။