This post is from a low-reputation account and contains an unverified outbound link. Be cautious before clicking external links.

အဘိရူပနန္ဒာထေရီအပဒါန်

Words
280
Reading
2 min
Listen
Play
7y

အဘိရူပနန္ဒာထေရီအပဒါန်

။ ဤဘဒ္ဒကမ္ဘာမှ ကိုးဆယ့်တစ်ကမ္ဘာထက်၌ ဖူးမြော်ချင်စဖွယ် တင့်တယ်တော်မူသော အလုံးစုံသောတရားတို့၌ သိမြင်သော ပညာမျက်စိရှိတော်မူသော ဝိပဿီမည်သော မြတ်စွာ ဘုရားသည် ပွင့်တော်မူလေ၏။

ဗန္ဓုမတီမြို့တွင် ပည့်စုံကြွယ်ဝသော အမျိုးမြတ်၌ ဖြစ်၍ အလွန် အဆင်းလှသူကြင်နာသနားတတ်သူ လူအပေါင်း၏ ပူဇော်ခံရသူလည်း ဖြစ်ပေ၏။

ကြီးမြတ်သော လုံ့လရှိတော်မူသော ဝိပဿီမြတ်စွာဘုရားထံသို့ ချဉ်းကပ် ၍ တရားကိုနာကြားရခြင်းကြောင့် မြတ်စွာဘုရားကို ကိုးကွယ်ရာဟူ၍ ဆည်းကပ်ခဲ့၏။

သီလတို့၌ စောင့်ရှောက်သူဖြစ်၍ မြတ်စွာဘုရား ပရိနိဗ္ဗာန်ပြုတော်မူ လတ်သော် ဓာတ်တော်စေတီတော်၏ အထက်၌ ရွှေထီးကို ပူဇော်ခဲ့၏။

အသက်ထက်ဆုံး သီလရှိသူ လွတ်လွတ် စွန့်ကြဲခြင်းရှိသူ ဖြစ်လျက် ထို ဘဝမှ စုတေ၍လူ့ကိုယ်ခန္ဓာကို စွန့်ပယ်ရသည်ရှိသော် တာဝတိံသာဘုံသို့ ကပ်ရောက်ရ၏။

ရူပါရုံ, သဒ္ဒါရုံ, ဂန္ဓာရုံ, ရသာရုံ, ဖောဋ္ဌဗ္ဗာရုံတို့ဖြင့်လည်းကောင်း၊ အသက်အားဖြင့်လည်းကောင်း၊ အဆင်း ချမ်းသာ, အခြံအရံအားဖြင့်လည်းကောင်း၊ ထို့အတူပင်အစိုးရခြင်းအားဖြင့်လည်းကောင်း ဆယ်ပါးသော အကြောင်းအရာတို့ဖြင့် ကြွင်း သော နတ်တို့ကိုကျော်လွန် လွှမ်းမိုး၍ တင့်တယ်၏။

ယခု နောက်ဆုံးဘဝ၌လည်း ကပိလမည်သော မြို့တော်၌ဖြစ်၍ ခေမကသာကီဝင်မင်း၏နန္ဒာအမည်ရှိသော သမီးတော်ဟု ကျော်စောထင်ရှား၏။

ငါ့အား နှစ်သက်ခြင်းကို ပြတတ်သော အလွန်အဆင်းလှသော ပြည့်စုံခြင်းသည် ဖြစ်လေ၏၊ အကြင်အခါ ငါသည် အရွယ်သို့ ရောက်သည်ဖြစ်၍ ရုပ်အဆင်း၏ တင့်တယ် ခြင်းဖြင့် တန်ဆာဆင်အပ်၏။

ထိုအခါ ဤကပိလမြို့၌ ငါ့ကို အလိုရှိခြင်းကြောင့် သာကီဝင်မင်းတို့အား အလွန် ကြီးစွာသောငြင်းခုံခြင်းသည် ဖြစ်လေ၏၊ ထို့ကြောင့် ခမည်းတော်သည် သာကီဝင်မင်းတို့ သည် မပျက်စီးပါစေလင့်ဟု ကြံစည်၍ ငါ့ကို ရဟန်းပြုစေ၏။

ငါသည် ရဟန်းပြုပြီးသော် လည်း မြတ်စွာဘုရားကို ရုပ်အဆင်း၌ ရှုတ်ချမုန်းတီး တတ်ကြောင်းကိုကြားရသဖြင့် ငါ၏ ရုပ်အဆင်းဖြင့် မာန်တက်လျက် လူတို့ထက် မြတ်သော မြတ်စွာဘုရားထံသို့ မချဉ်းကပ်ခဲ့ချေ။

ငါသည် မြတ်စွာဘုရားကို ဖူးမြင်ရခြင်းမှ ကြောက်သည်ဖြစ်၍ ဆုံးမခံရာသို့လည်း မသွားခဲ့၊ ထိုအခါ မြတ်စွာဘုရားသည် အကြောင်းဥပါယ်တံမျဉ်ဖြင့် မိမိအထံသို့ ခေါ်ဆောင် ၍-

အကြောင်းဥပါယ်၌ လိမ္မာတော်မူသော မြတ်စွာဘုရားသည် နတ်သမီးရုပ်အဆင်း နှင့်တူသောမိန်းမပျိုကိုလည်းကောင်း၊ မိန်းမအိုကိုလည်းကောင်း၊ သေနေသော မိန်းမကို လည်းကောင်းမိန်းမသုံးမျိုးတို့ကို တန်ခိုးဖြင့် ပြတော်မူ၏။

ငါသည် ထိုမိန်းမတို့ကို မြင်ရသည်ရှိသော် အလွန်ထိတ်လန့်သည်ဖြစ်၍ မိမိကိုယ် ကောင်၌့တပ်ခြင်းကင်းလျက် ဘဝ၌ ငြီးငွေ့လျက် တည်၏၊ ထိုအခါ မြတ်စွာဘုရားသည် ငါ့ကို မိန့်တော်မူ၏-

။ ချစ်သမီးနန္ဒာ နာကျင်ခြင်း, မစင်ကြယ်ခြင်းသဘောရှိသော အထက်သို့ လျှံတက်၍ အောက်သို့ယိုစီးခြင်းသဘောရှိသော သူမိုက်တို့သာ တွယ်တာနှစ်သက်အပ်သော ဤခန္ဓာကိုယ် အကောင်ပုပ်ကိုရှုစမ်းပါလော့။

မတင့်တယ်သော (အသုဘ) အားဖြင့် စိတ်ကို အာရုံတစ်ခုတည်းရှိလျက် ကောင်းစွာ တည်တံ့အောင်ပွားများစေပါလော့၊ ဤသင်မြင်သော ကိုယ်ကဲ့သို့ ထိုသင်၏ ကိုယ်သည် ထို့ အတူပင်တည်း၊ ထိုသင်၏ကိုယ်ကဲ့သို့ ဤသင်မြင်သော ကိုယ်သည်လည်း ထို့အတူပင်တည်း။

ဤသို့ ထိုကိုယ်ကို ညဉ့်နေ့ပတ်လုံး မပျင်းမရိဘဲ ရှုသည်ရှိသော် ထိုရှုခြင်းကြောင့်မိမိဥစ္စာဖြစ်သော ပညာဖြင့် ဖောက်ထွင်း၍ နေရလတ္တံ့ (ဟု မိန့်တော်မူ၏)။
ထိုငါသည် မမေ့မလျော့ဘဲ အသင့်အားဖြင့် ဆင်ခြင်လတ်သော် အတွင်း, အပြင်နှင့် တကွဤကိုယ်ကို အမှန်အတိုင်း မြင်၏။

ထိုအခါ ငါသည် ကိုယ်၌ ငြီးငွေ့ခဲ့၏၊ အဇ္ဈ တ္တသန္တာန်၌လည်း တပ်ခြင်းကင်းခဲ့၏၊ ငါသည်မေ့လျော့ခြင်းမရှိဘဲ သံယောဇဉ် ကင်းလျက် ငြိမ်သက်အေးမြသူ ဖြစ်၏။

ရဟန်းမြတ် ဖြစ်တော်မူသော မြတ်စွာဘုရား အကျွန်ုပ်သည် ဣဒ္ဓိဝိဓအဘိညာဉ် တို့၌ လည်းလေ့လာပြီးဖြစ်ပါ၏။ ဒိဗ္ဗသောတဓာတ်အဘိညာဉ်၌လည်းကောင်း၊ စေတောပရိယအဘိညာဉ်၌လည်းကောင်း လေ့လာပြီးဖြစ်ပါ၏။

။ ရှေး၌ နေဖူးသော ခန္ဓာအစဉ်ကို သိပါ၏၊ ဒိဗ္ဗစက္ခုအဘိညာဉ်ကို သုတ်သင်အပ်ပြီ၊ အာသဝအားလုံး ကုန်ခန်းကုန်ပြီ၊ ယခုအခါ ဘဝသစ်၌ တစ်ဖန် ဖြစ်ခြင်း မရှိတော့ပါ။

မြတ်စွာဘုရား အရှင်ဘုရား၏ အထံ၌ အတ္ထပဋိသမ္ဘိဒါ, ဓမ္မပဋိသမ္ဘိဒါ, နိရုတ္တိပဋိသမ္ဘိဒါတို့၌ လည်းကောင်း၊ ထို့အတူ ပဋိဘာနပဋိသမ္ဘိဒါ၌လည်းကောင်း အသိဉာဏ်သည် အကျွန်ုပ်အားဖြစ်ပေါ်ခဲ့ပါ၏။

ငါသည် ကိလေသာတို့ကို ရှို့မြှိုက်လောင်ကျွမ်းစေအပ်ကုန်ပြီ။ပ။ အာသဝမရှိဘဲ နေရ၏။
၁၆၆။ ငါ၏ လာခြင်းကား ကောင်းသောလာခြင်း စင်စစ် ဖြစ်ပေ၏။ပ။ အဆုံးအမ တော်ကိုလိုက်နာပြုကျင့်အပ်ပါပြီ။

လေးပါးသော ပဋိသမ္ဘိဒါတို့ကိုလည်းကောင်း။ပ။ အဆုံးအမတော်ကို လိုက်နာ ကျင့်သုံးပြီးပါပြီ။
ဤသို့လျှင် အဘိရူပနန္ဒာရဟန်းမသည် ဤဂါထာတို့ကို လျှောက်ဆိုခဲ့၏။ ။

တရားစုစည်းမှု
esteem@esteem

အဘိရူပနန္ဒာထေရီအပဒါန် | Ecency