ထင်လွယ်မြင်လွယ်

chanlay(39)
Published in
#busy
Words
178
Reading
1 min
Listen
Play
8y

image

ထင်လွယ်မြင်လွယ်
•••••••••••••••••••••••••
မောင်ခင်မင်(ဓနုဖြူ)

ဂျာနယ်တိုက်တစ်တိုက်မှာ အလုပ်လုပ်နေသော ကောင်းမြတ်ထွန်းနှင့် ဆွေငြိမ်းအေးဆိုသည့် လူငယ်နှစ်ယောက် ကျွန်တော့်အိမ်ရောက်လာကြသည်။ သူတို့က ဂျာနယ်တိုက်မှာ ရေးသည့်အလုပ်ရော တည်းဖြတ်သည့် အလုပ်ရော လုပ်ရသူများဖြစ်ကြောင်း ပထမတစ်ခေါက်လာတုန်းက သူတို့ပြောပြ၍ သိထားသည်။ တစ်ယောက်က စကားစသည်။ ကျွန်တော်ရော သူရော ဒီဂျာနယ်တိုက်မှာ အလုပ်ဝင်တာ လပိုင်းပဲရှိသေးတော့ အတွေ့အကြုံ နည်းပါသေးတယ်ဆရာ´ဟုတ်ပါတယ် ဆရာ၊ သမီးလည်း သူ့လိုပါပဲ´ တစ်ယောက်က ထောက်ခံသည်။

အင်း... ဆက်ပြောကြပါဦးကွယ်´ဟိုတစ်နေ့က ကျွန်တော်တို့ဆရာ အယ်ဒီတာချုပ်က ကျွန်တော်တို့ နှစ်ယောက်ကို ခေါ်ပြီး ပြောပါတယ်ဆရာ´
ဘာပြောတာပါလိမ့်´ကျွန်တော်တို့ကို စာများများဖတ်ဖို့၊ စာရေးတာလည်းများများလေ့ကျင့်ဖို့ ပြောပြီးတော့ ဆက်ပြောတာက `ဂျာနယ်မှာက ဘာအကြောင်းပဲရေးရေး ဖတ်မယ့် ပရိသတ်ဘက်က စဉ်းစားပြီးရေးပါ...တဲ့။ ဖတ်တဲ့သူ ထင်လွယ် မြင်လွယ်ဖြစ်အောင် ကွင်းကွင်းကွက်ကွက်ပေါ်အောင် ရေးနိုင်ဖို့ကြိုးစားပါ..တဲ့။ အဲဒီလိုပြောပါတယ် ဆရာ´

`အင်မတန်ကောင်းတဲ့လမ်းညွှန်ချက်ပေါ့ကွယ်။ သားတို့ သမီးတို့ရဲ့ ဆရာက သားတို့ သမီးတို့ ဆက်ကြိုးစားစေချင်တဲ့ စေတနာနဲ့ လမ်းညွှန်တာ မဟုတ်လား။ ဒါထက်...နေပါဦး။ ဆရာက အဲဒီလိုပြောတာ သားတို့ရေးတဲ့ စာတစ်ခုခုနဲ့များ သက်ဆိုင်နေလို့လား´

`ဟုတ်ပါတယ် ဆရာ။ ကျွန်တော်အကြမ်းရေးထားတဲ့ သတင်းတစ်ပုဒ် တင်ပြလိုက်တာကို အယ်ဒီတာချုပ်က ဖတ်ပြီး အဲဒီလို ခေါ်ပြောတာပါ´

သားက ဘယ်လိုရေးထားလို့လဲ´ဒီသတင်းပါဆရာ´။ သူရေးထားသော စာကိုပြသည်။ ဖတ်ကြည့်လိုက်တော့ အောက်ပါအတိုင်း တွေ့ရပါသည်။
လွန်ခဲ့သောနှစ်ရက်ခန့်က ညဦးပိုင်းတွင် ရန်ကုန်မြို့ ဆူးလေစေတီ တော်အနီး ကားလမ်းဖြတ်ကူးသော အဘွားအိုတစ်ယောက်ကို ကားတစ်စီးက ဝင်တိုက်မိရာ ဒဏ်ရာပြင်းထန်စွာရသွားသဖြင့် ဆေးရုံပို့လိုက်ရသည်´ ကျွန်တော်က လူငယ်ကို မေးလိုက်သည်။သားရဲ့ ဆရာက ဒီသတင်းဖတ်ပြီးတော့ သားတို့ကို ဘာကြောင့် အဲဒီလို လမ်းညွှန်တယ် ထင်သလဲကွယ်´

`ကျွန်တော်ရေးတဲ့စာက ပရိသတ်ထင်လွယ်မြင်လွယ်မဖြစ်လို့ ဆရာ ခေါ်ပြောတာ ဖြစ်မှာပဲလို့တော့ သဘောပေါက်ပါတယ်ဆရာ။ အဲဒီအားနည်းချက်တွေက ဘာတွေလဲဆိုတာတော့ ကွဲကွဲပြားပြားမသိပါဘူး။ ဒါကြောင့် ဆရာ့ဆီ လာကြတာပါဆရာ´

အေး...ဟုတ်ပါပြီ။ သားဆရာလမ်းညွှန်တဲ့ ထင်လွယ်မြင်လွယ်ဖြစ်ဖို့၊ ကွင်းကွင်းကွက်ကွက်ပေါ်ဖို့ဆိုတာက သားအခုရေးတဲ့ ကားတိုက်မှုလို မြင်ကွင်းမျိုး၊ အဖြစ်အပျက်မျိုးနဲ့ဆိုင်တာပေါ့ကွယ်။ ဒီလိုဆိုရင် သားစဉ်းစားကြည့်။ ဘယ်လိုမြင်ကွင်းမျိုးက ထင်လွယ်မြင်လွယ်ဖြစ်မယ်ထင်သလဲ´ သူစဉ်းစားပြီးပြောသည်။ဟို....အနီးကပ်အသေးစိတ်မြင်ရတဲ့ မြင်ကွင်းမျိုးဆိုရင် ထင်လွယ်မြင်လွယ်ဖြစ်မယ်ထင်ပါတယ်´

`အေး...ဟုတ်တာပေါ့။ အဝေးကလှမ်းမြင်ရတာမျိုးဆိုရင် ဝိုးတိုးဝါးတားပဲ ဖြစ်နေမှာပေါ့။ ဘယ်ထင်လွယ်မြင်လွယ်ဖြစ်မှာလဲ။ ကဲ...ခုသား ရေးထားတာကို ကြည့်၊ လွန်ခဲ့သောနှစ်ရက်ခန့်က ညဦးပိုင်းတွင်တဲ့ နေ့ရက်ရော၊ အချိန်ရော ရေရေရာရာမရှိဘူးလေ။ ဝိုးတိုးဝါးတားဖြစ်မနေဘူးလား´

`ဖြစ်နေပါတယ်ဆရာ´

`အဲဒီလိုမရေးဘဲ၊ ဆိုပါတော့ကွာ၊ ဇူလိုင်လ ၉ရက် ည ၇နာရီခန့် တွင်လို့ရေးရင် ဖတ်တဲ့သူအတွက် ထင်လွယ်မြင်လွယ်မဖြစ်ဘူးလား´

`ဖြစ်ပါတယ်ဆရာ´

`ဆူးလေစေတီတော်အနီးကားလမ်းဖြတ်ကူးသော ဆိုတာထက် ဆူးလေစေတီတော်အနီး မြို့တော်ခန်းမရှေ့မှ မဟာဗန္ဓုလလမ်းကိုဖြတ်ကူး သောလို့ရေးရင် နေရာအတိအကျညွှန်ပြတာမို့ ထင်လွယ်မြင်လွယ်ဖြစ်တာ ပေါ့ကွယ်´

`ဟုတ်ပါတယ်ဆရာ´

`ကဲ... အဘွားအိုတစ်ယောက်ကို ကားတစ်စီးကဝင်တိုက်မိရာဆိုတာလည်း ယေဘုယျမကျလွန်းဘူးလားကွယ်။ မျက်စိထဲမှာမြင်မလာဘူး လေ။ ယောဂီရောင် ဝတ်စုံဝတ်ထားသော အသက် ၇ဝ ခန့် အဘွားအိုတစ်ယောက် ကို အနီရောင်ဆလွန်းကားတစ်စီးက ဝင်တိုက်မိရာလို့ ရေးရင် အရောင်အသွေးတွေပါ ပါလာပြီး ထင်လွယ်မြင်လွယ်ဖြစ်လာတာပေါ့ကွယ်´

`ဟုတ်ကဲ့ပါဆရာ´

`ပြီးတော့ ဆေးရုံပို့လိုက်ရသည် ဆိုတာထက် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ရသည်ဆိုရင် ပိုမကောင်းဘူးလား´

`ကောင်းပါတယ်ဆရာ´

`ကဲ...အစအဆုံးပြင်ရေးကြည့်ရင် ဇူလိုင်လ ၉ရက်နေ့ ည ၇ နာရီခန့်တွင် ရန်ကုန်မြို့ ဆူးလေစေတီတော်အနီး မြို့တော်ခန်းမရှေ့မှ မဟာဗန္ဓုလလမ်းကိုဖြတ်ကူးသော ယောဂီရောင်ဝတ်စုံဝတ်ထားသော အသက် ၇ဝ ခန့်အဘွားအိုတစ်ယောက်ကို အနီရောင်ဆလွန်းကားတစ်စီးက ဝင်တိုက်မိရာ ဒဏ်ရာပြင်းထန်စွာရသွားသဖြင့် ရန်ကုန်ဆေးရုံကြီးသို့ ပို့လိုက်ရသည်လို့ ဖြစ်သွားမှာပေါ့။ အဲဒီလိုဆိုရင် စာဖတ်တဲ့သူရဲ့စိတ်ထဲမှာ ထင်လွယ်မြင် လွယ်ဖြစ်သွားမှာပေါ့ကွယ်´

`သဘောပေါက်ပါပြီဆရာ´

`သမီးလည်း နားလည်ပါပြီ၊ ကျေးဇူးတင်ပါတယ်ဆရာ´

တကယ်တော့ ဒါတွေဟာ သားတို့သင်ရတဲ့ဘ´ငါးလုံးတို့၊ `ဘ´ခြောက်လုံးတို့ပဲ မဟုတ်လား။ အဖြစ်အပျက်တစ်ခုရေးရင် ဘယ်သူလဲ၊ ဘယ်အချိန်လဲ၊ ဘယ်နေရာလဲ၊ ဘာကြောင့်လဲ၊ ဘယ်လိုလဲဆိုတဲ့ မေးခွန်းတွေမေးပြီး အဖြေကို တိတိကျကျ ရေရေရာရာဖြေရင် ထင်လွယ်မြင်လွယ် ဖြစ်တာပါပဲကွယ်။ အင်း...ပြောရမှာ အားတော့နာပါတယ်´

`ပြောပါဆရာ´

`အခု ပြန်ရေးလိုက်တဲ့စာမျိုးနဲ့ သားပထမရေးထားတဲ့ စာမျိုးကို စာအရေးအသားလမ်းညွှန်တစ်ခုမှာ နှိုင်းယှဉ်ပြီးဥပမာပေးဖူးတယ်ကွဲ့´

`ဘယ်လိုပါလဲဆရာ´

`အင်း...ထင်လွယ်မြင်လွယ်တဲ့ အသေးစိတ်တွေပါတဲ့ စာမျိုးဟာ စားချင်စဖွယ်ကြော်ထားတဲ့ ငါးကောင်လုံးကြော်ကြီးနဲ့တူတယ်...တဲ့။ အသေးစိတ်အချက်တွေမပါဘဲ ဝိုးတိုးဝါးတားရေးထားတဲ့စာမျိုးကတော့ အဲဒီ ငါးကြော်ကြီးရဲ့အသားတွေ အကုန်စားပစ်ပြီး ကျန်နေတဲ့ ငါးအရိုးစုကြီးနဲ့ တူတယ်တဲ့ကွဲ့´

`တယ်ပြောင်မြောက်တဲ့ ဥပမာပါလားဆရာရယ်´ သူတို့က ပြောရင်း ရယ်ကြပါသည်။

နောက်ပညာရှင်တစ်ယောက်က ပြောဖူးတာရှိတယ်။ စာရေးရင်...တဲ့၊မနုဿလူသား´အကြောင်းမရေးပါနဲ့...တဲ့၊ `လူတစ်ယောက် အကြောင်းပဲရေးပါ´တဲ့´

`ဘာအဓိပ္ပာယ်ပါလဲဆရာ´

သြော်...မနုဿလူသားအပေါင်းတို့သည်လို့ ခြုံပြီးရေးရင် ယေဘုယျကျလွန်းလို့ ဘယ်သူ့ကိုမှ မျက်စိထဲမမြင်တော့ဘဲ ဝိုးတိုးဝါးတားဖြစ်သွားရောတဲ့´အဲ...ကိုယ်ရေးချင်တဲ့ မောင်ဘယ်သူရဲ့ အကြောင်း၊ မဘယ်ဝါရဲ့ အကြောင်း ရေးမယ်ဆိုရင်တော့ တစ်ယောက်ချင်းရဲ့အကြောင်းကို အသေးစိတ်ရေးရတာမို့ ထင်လွယ်မြင်လွယ်ဖြစ်တယ်...တဲ့´

`မှတ်သားစရာပါပဲ ဆရာ၊ သမီးတို့ မှတ်ထားပါ့မယ်´

`ပညာရပ်ဆန်ဆန်ပြောရရင်တော့ ယေဘုယျသဘောနဲ့ ဝိသေသသဘောလို့ ပြောရမှာပေါ့။ ယေဘုယျသဘောဆိုတာက ခြုံပြီးပြောတာ၊ ဝိသေသသဘောဆိုတာက အသေးစိတ်ပြောတာပေါ့ကွယ်။ ခုစာရေးတဲ့ကိစ္စနဲ့ ဆက်ပြီး ပြောရရင် ယေဘုယျသဘောနဲ့ ခြုံပြီးပြောလေလေ၊ ထင်လွယ်မြင်လွယ် မဖြစ်လေလေပဲ၊ ဝိသေသသဘောနဲ့ အသေးစိတ်ပြောလေလေ၊ ထင်လွယ်မြင်လွယ်ဖြစ်လေလေပဲ၊ အဲဒါလေးကို သတိထားဖို့ ပညာရှင်တွေက လမ်းညွှန် တတ်ကြတယ်´

`ရှင်းပြပါဦး ဆရာ´

`ဒီလိုလေ၊ သတိရလို့ ပြောရဦးမယ်။ ဆရာတို့ ငယ်ငယ်က သဘောကျတဲ့ ရေဒီယိုသီချင်းကလေးတစ်ပုဒ်ရှိတယ်။ မိန်းကလေးက သူ့ချစ်သူနဲ့အတူ ရုပ်ရှင်သွားခါနီး ချစ်သူကို ပြောတဲ့စကားလေးက အပြာရောင်ဆွယ်တာ ကလေးကို ရှာပေးစမ်းပါ ပျို့ချစ်သူကေခိုင်...တဲ့´

`ဟာ... ဆရာက ဒါတွေလည်း ရတယ်နော်´

`အေး...အဲဒီသီချင်းကလေးကြားလိုက်ရင် မျက်စိထဲမှာ အဲဒီအပြာ ရောင်ဆွယ်တာအင်္ကျီကလေးကို မြင်ယောင်လာရောလေ။ အဲဒီလို မပြောဘဲ ဆွယ်တာကလေးရှာပေးစမ်းပါလို့ ပြောရင် ဘာဖြစ်မယ်ထင်သလဲ။ အရောင် မပါတော့ဘူးလေ။ မျက်စိထဲမြင်ယောင်လာတဲ့ ဆွယ်တာက ဘာရောင်မှန်း မသိတော့ ဝိုးတိုးဝါးတားဖြစ်သွားတာပေါ့။ အဲဒီလိုမပြောဘဲ အင်္ကျီကလေး ရှာပေးစမ်းပါလို့ပြောရင် ပိုပြီး ယေဘုယျကျသွားမယ်။ ဘာ အင်္ကျီမှန်း မသိတော့လို့ ပိုပြီးဝိုးတိုးဝါးတားဖြစ်သွားမှာပေါ့၊ မဟုတ်ဘူးလား´

`ဟုတ်ပါတယ် ဆရာ´

`ကဲ...စဉ်းစားကြည့်လေ၊ အဝတ်လို့ပြောရင် ယေဘုယျသိပ်ကျတော့ ဘာအဝတ်မှန်းမသိလို့ ဝိုးတိုးဝါးတားအဖြစ်ဆုံးပေါ့။ အဲ အင်္ကျီလို့ပြောရင် အဝတ်ထက်ပိုပြီး ဝိသေသဆန်လာတယ်၊ ဆွယ်တာလို့ပြောရင် ပိုပြီး ဝိသေသဆန်လာတယ်၊ အဲ အပြာရောင်ဆွယ်တာလို့ ပြောရင်တော့ ဝိသေသသဘော ပိုများတာမို့ ထင်လွယ်မြင်လွယ်အဖြစ်ဆုံးပေါ့ကွယ်။ ဒီတော့ ထင်လွယ်မြင်လွယ်ဖြစ်အောင် ဝိသေသသဘောပါဖို့၊ အသေးစိတ်ပြောဖို့ လိုတယ်ဆိုတာ ထင်ရှားလောက်ပါပြီကွယ်။ ကဲ...နားကြဦးစို့´

မောင်ခင်မင်(ဓနုဖြူ)

ထင်လွယ်မြင်လွယ် | Ecency