ခိုင်မာတဲ့စိတ်ဓါတ်

Words
148
Reading
1 min
Listen
Play
9y

လောကကြီးမှာ ဘယ်အရာမှ လွယ်လွယ်နဲ့မရဘူး။ လွယ်လွယ်ရတဲ့အရာတိုင်းကလည်း တန်ဖိုးနည်းတတ်သလို၊ တန်ဖိုးရှိတဲ့အရာတိုင်းကိုလည်း ဘယ်တော့မှ လွယ်လွယ်နဲ့မရတတ်ဘူး။

ဘယ်အလုပ်ကိုမဆို စပြီးလုပ်တော့မယ်ဆို အရေးကြီးတာက ခြေထောက်တွေထက် ခိုင်မာတဲ့စိတ် ရှိဖို့လိုပါတယ်။ ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိပါ အလုပ်တိုင်းမှာ အခက်အခဲအနည်းအများ ရှိတတ်စမြဲပါပဲ။

အခက်အခဲကိုကြောက်နေလို့ မရပါဘူး ရဲရဲရင်ဆိုင်နိုင်ဖို့ လိုပါတယ်။ ဘယ်လိုအခက်အခဲကြောင့်မှ ငါနောက်မဆုတ်ဘူး ငါရည်ရွယ်တဲ့ပန်းတိုင်ဆီ ရောက်အောင်ကြိုးစားမယ်ဆိုတဲ့ ခိုင်မာတဲ့ခံယူချက် ရှိဖို့လိုပါတယ်။

ဘဝမှာ လူတိုင်းကမျှော်လင့်ချက်နဲ့ အသက်ရှင်နေကြရတာပါပဲ။ ဒါပေမယ့် ဘာမှမလုပ်ပဲ ကံကောင်းလာမယ့်နေ့ကို ထိုင်စောင့်ပြီး မျှောင်လင့်နေလို့ မရပါဘူး။ မျှော်လင့်ချက်ဆိုတာ ကိုယ့်လုပ်ရပ်ပေါ်မှာ မူတည်ပြီးတော့ပဲ မျှော်လင့်လို့ရတာပါ။

အလုပ်တိုင်းမှာ မနာလိုသူ၊ လဲကျစေဖို့ ခြေထိုးခံသူ၊ တွန်းချသူ၊ ဆွဲချသူစသဖြင့် တိုက်ခိုက်မှုအမျိုးမျိုး ကြုံတွေ့ရနိုင်ပါတယ်။ မလွယ်ပါဘူး ဒါပေမယ့် မလွယ်တဲ့အရာတွေကမှ ကိုယ့်ရည်ရွယ်ချက်ဆီသွားဖို့ အတွေ့အကြုံနဲ့သင်ခန်းစာတွေ ရနိုင်တာပါ။

တန်ဖိုးရှိတဲ့အရာကိုလိုချင်ရင် ကိုယ့်ဘက်က ပင်ပန်းမှုချွေးစက်တွေတော့ အရင်ရင်းရတယ်။ ခက်ခဲနေပေမယ့် စိတ်ဓာတ်မကျပဲ ရအောင်ဆက်ပြီး ကြိုးစားပါ။ နောက်ဆုံး ရှုံးနိမ့်မှုနဲ့ ရင်ဆိုင်ရရင်တောင် ဇွဲမလျော့၊ နောက်မဆုတ်ပဲ နောက်တစ်ခါပြန်ပြီး ကြိုးစားတာမျိုး စသဖြင့်ခိုင်မာပြတ်သားတဲ့ စိတ်ဓာတ်တွေနဲ့ ရည်ရွယ်ချက်တွေကို အကောင်အထည်ဖော်နိုင်ဖို့ ကြိုးစားပါ။

ကိုယ်လုပ်မယ်လို့ ရွေးချယ်ဆုံးဖြတ်ထားတဲ့အလုပ်ကို ဘယ်လိုအခက်အခဲတွေပဲရှိရှိ ရင်ဆိုင်ပါ လက်တွေ့လုပ်ဆောင်ပါ။ တွေဝေခြင်းနဲ့ အချိန်မဖြုန်းပါနဲ့ ချက်ချင်းထလုပ်ဖို့ ကိုယ့်ကိုယ်ကို တွန်းအားပေးခိုင်းစေပါ။

အခက်အခဲတွေကြောင့် ဘယ်တော့မှနောက်မဆုတ်ပါနဲ့ အောင်မြင်သူတိုင်းရဲ့နောက်မှာ အကြိမ်ပေါင်းများစွာ လဲကျဖူးတယ်ဆိုတာ မမေ့ပါနဲ့။ တခါတလေ ကိုယ့်ခံစားချက်နဲ့မာနတွေကို နောက်မှာထားပြီး မမှားပဲတောင်းပန်ဖို့ လိုအပ်ရင် တောင်းပန်လိုက်ပါ။ ဘာကြောင့်လဲဆိုတော့ မာနရဲ့နောက်မှာ ကိုယ့်အနာဂတ် ရှိနေလို့ပါပဲ။

တောင်းပန်တိုင်း၊ အလျော့ပေးသည်းခံတိုင်း အရှုံးပေးအညံ့ခံတယ်လို့ မခံယူထားပါနဲ့။ တခါတလေ တောင်းပန်ခြင်းနဲ့ အလျော့ပေး သည်းခံလိုက်ရတာတွေက ဆက်ဆံရေးတွေပြေလည်စေဖို့ ကိုယ့်အနာဂတ်လမ်းမှာ မလိုတာတွေအတွက် အချိန်ကုန်မခံချင်လို့၊ အသစ်ကပြန်စဖို့ မမှီနိုင်တော့တဲ့ အချိန်တွေကို တန်ဖိုးထားလို့ပါပဲ။

သူများကောင်းဖို့ အပြစ်တင်ဝေဖန်ရင်း အချိန်မဖြုန်းပါနဲ့။ အကောင်းမြင်စိတ်နဲ့ ကိုယ်ကိုယ်တိုင် စစ်မှန်တဲ့ အရည်အချင်းရှိသူဖြစ်အောင် ကြိုးစားပါ။ ကိုယ်ကိုယ်တိုင် အမှားအမှန်ဝေဖန်ပိုင်းခြားနိုင်တဲ့ ပညာရှိဖြစ်ဖို့ ကြိုးစားပါ။ ပညာရှိဆိုတာ စာအုပ်တွေအများကြီး ဖတ်ထားသူကို ဆိုလိုတာမဟုတ်ပါဘူး။

သူ့ဘက်ကိုယ့်ဘက် မျှတစွာတွေးပေးတတ်ဖို့ပါ။ ပြဿနာတစ်ခုကို အပြစ်တင်စကားတွေ ပြောနေတာမျိုးနဲ့၊ ကြောက်ရွံ့နေမယ့်အစား ဘယ်လိုပြေလည်အောင် ဖြေရှင်းမလဲဆိုတဲ့ နည်းလမ်းရှာတာကသာ ပညာရှိတွေရဲ့အတုယူသင့်တဲ့ ပညာပါပဲလို့ ထင်မိပါတယ်။
#ဆောင်းသဇင်
#ဆောင်းသဇင်

ခိုင်မာတဲ့စိတ်ဓါတ် | Ecency