အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
အရင်ရက်တွေက အတည်ပေါက်နဲ့တော့ သားသမီးဝတ်ရော မိဘဝတ်ရော ရေးတင်ခဲ့ပြီးပြီ။ အခုလည်း နည်းနည်းလေးလောက်တော့ကြီးကျယ်ပြီးရေးလိုက်အုံးမယ်။ အဲဒီ သားသမီးဝတ္တရား၊ မိဘဝတ္တရား ဘာဝတ္တရား ညာဝတ္တရားဆိုတာတွေထဲက ဝတ္တရားဆိုတာရယ်။ ဘာတာဝန် ညာတာဝန်ဆိုပြီးပြောကြတဲ့ထဲက တာဝန်ဆိုတဲ့စကားလုံးရယ်ကို ပြောကြည့်ချင်တယ်။ အရင်ကလည်း ရေးခဲ့ဘူးတယ်လို့တော့ထင်တယ်။ မမှတ်မိတာ့ဘူး။ စာကောင်းပေကောင်းဖြစ်ချင်မှဖြစ်မယ်။ ဒါပေမယ့် အကျိုးတော့မယုတ်နိုင်ပါဘူး။
တာဝန် တဲ့။ ဝတ္တရား တဲ့။ တွဲခေါ်ကြတာ တာဝန် ဝတ္တရား တဲ့။ စကားလုံးတွေကိုကြည့်ရင် တူသလိုလိုနဲ့ မတူပါဘူး။ အဓိပ္ပါယ်ရော လေးနက်မှုတွေရော မတူပါဘူး။ အများစုကတော့ အမှတ်တမဲ့နဲ့ အတူတူပဲလို့ ထင်ကြမှာပဲ။ စာတွေဖတ်ကြည့်တော့မှပဲ မတူတာကို နားလည်မိတယ်။ တာဝန်က တာဝန် ဝတ္တရားက ဝတ္တရားပဲ😂 ရှင်းပါတယ်နော် 😅 တာဝန်နဲ့ ဝတ္တရား ဘယ်လို မတူတာလဲဆိုတာကိုယ့်ဖာသာတွေးကြည့်ကြပေတော့ 🤭 နားလည်သလောက်တော့ ရေးမယ်။ အမှား အမှန် မငြင်းတော့ဘူး။
နားလည်မိတာကတော့ တာဝန်ဆိုတာက သူများကနေ ကိုယ်လုပ်ဖို့ပေးတဲ့အလုပ်လို့ နားလည်မိတယ်။ တာဝန်ဆိုတာကို လက်ခံပြီးရင် မဖြစ်မနေ လုပ်ပေးရတဲ့သဘောဖြစ်မယ်။ မလုပ်ချင်ပါဘူးဆိုလို့လည်း မဖြစ်ပါဘူး။ ရုံးမှာ စာရေးတာဝန်ယူထားရင် စာရေးလုပ်ရမယ့်အလုပ်ကို မလုပ်ချင်ပါဘူးလို့ ငြင်းလို့မရဘူး။ ဒီသဘောပဲလို့ မြင်ပါတယ်။ တာဝန်ပျက်ကွက်ရင်တော့ သက်ဆိုင်ရာက အရေးယူခြင်းခံရမှာပဲ။ ရုံးစာရေးဆိုရင် ရုံးကအရေးယူမှာဖြစ်သလို ကုမ္ပဏီစာရေးဆိုရင် သက်ဆိုင်ရာ ကုမ္ပဏီက အရေးယူတာကိုခံကြရမှာပါ။ ဒါက တာဝန်ရဲ့သဘောဖြစ်ပြီး မလုပ်မနေရလုပ်ရမှာ တာဝန်ဖြစ်ပါတယ်။
ဝတ္တရားဆိုတာကျတော့ သူတပါးက ပေးအပ်တာမဟုတ်ပဲ လူမှုအသိုင်းအဝိုင်းမှာ ရှိနေခဲ့တဲ့ အရာတွေဖြစ်ပြီး ကိုယ့်အသိစိတ်နဲ့ကိုယ် လိုက်နာလုပ်ဆောင်ရတာတွေလို့မြင်ပါတယ်။ မဖြစ်မနေလုပ်ဆောင်ရမယ်လို့တော့မဟုတ်ဘူး။ လုပ်တာ မလုပ်တာ ကိုယ်တိုင်ပဲဆုံးဖြတ်ရမှာပါ။ ဝတ္တရားပျက်လို့ အရေးယူခံရဖို့ဆိုတာကလည်း မရှိသလောက်နည်းပါးပါတယ်။ ဒါပေမယ့် ဝတ္တရားပျက်ကွက်ခဲ့ရင် လူ့အသိုင်းတစ်ခုလုံးက အပြစ်တင်တာခံရမယ့်အပြင် နောင်သံသရာထိပါ ဒုက္ခဖြစ်စေနိုင်ပါတယ်။ သားသမီးဝတ္တရားပျက်ကွက်ရင် ပတ်ဝန်းကျင်ကကဲ့ရဲ့မှာဖြစ်သလို မိဘဝတ္တရားပျက်ကွက်ခဲ့ရင်လည်း ပတ်ဝန်းကျင်က ကဲ့ရဲ့ကြမှာပါပဲ။ ဒီနေရာမှာ မိဘဝတ္တရားထဲက နောက်ဆုံးဝတ္တရား မကျေပွန်ရှာလို့ ကိုယ်တိုင်ကလည်း မစွံလို့ အပျိုကြီး လူပျိုကြီးတွေ မိဘဝတ်ကို အထပ်ထပ် ရွတ်ပြသင့်တယ် 🤭
သတ္တဝါအားလုံးတို့သည် မိမိပြုသော ကောင်းမှု မကောင်းမှုသည်သာ ကိုယ်ပိုင်ဥစ္စာ ရှိကြကုန်၏။
အားလုံးကို လေးစားလျှက် -