အားလုံးသော မိတ်ဆွေအပေါင်း မင်္ဂလာပါ.....
စာရေးမယ်ဟဲ့လို့ အားယူလိုက်တဲ့အချိန်မှာ စိတ်ကူးထဲရေးခဲ့တဲ့စာတွေရဲ့အကြောင်းအရာကို ခေါင်းထဲမှာ စဉ်းစားမရတော့ဘူး... စိတ်ကူးပေါက်ချိန်ရေးနိုင်မှ အဆင်ပြေတယ်ဗျ... သွားရင်းလာရင်း စိတ်ကူးတည့်ခဲ့တဲ့အရာတွေကို ပြန်စဉ်းစားလိုက်တော့ ဘာမှ မမှတ်မိတော့သလို ဘာရေးမလို့စိတ်ကူးထားလည်း မသိတော့ဘူး... အဲတော့ကာ စာမရေးဖြစ်တော့ဘူးပေါ့ဗျာ... ခုတော့ စိတ်ကူးပေါက်တုံးရေးလိုက်အုံးမယ်... တတ်သိနားလည်လို့မဟုတ်ဘူး... ဖတ်ထားမိသလောက် မှတ်သားမိသလောက်လေးကို မျှဝေချင်လို့ပဲဖြစ်ပါတယ်...
pH ဆိုတဲ့စကားလုံးလေးကို လူတိုင်းကြားဖူးနားဝရှိနေခဲ့တာ ကြာပါပြီ... အဲဒီ pH ဆိုတာ ဘာကိုပြောတာလဲ? စဉ်းစားမိတယ်... ကျွန်တော်အနေနဲ့တော့ သေချာနားလည်ခြင်းမရှိဘူးဆိုတာ သိလိုက်ရတယ်... ဓာတုဗေဒစကားလုံးဖြစ်ပါတယ်... အက်စစ် ဒါမှမဟုတ် အယ်ကာလီ ပြင်းအားကို တိုင်းတာတဲ့ ယူနစ်ဖြစ်ပါတယ်... ဓာတုဗေဒနဲ့ ဘွဲ့တစ်ခုယူခဲ့သော်ငြားလည်း ဒါတွေကို သေချာလေ့လာမှတ်သားခဲ့ခြင်းမရှိပါဘူး..
အက်စစ် ဒါမှမဟုတ် အယ်ကာလီရဲ့ ပြင်းအားကို တိုင်းတာတဲ့အခါမှာ pH တန်ဖိုး 0 ကနေ 14ထိရှိပါတယ်... အဲဒီတန်ဖိုးတွေထဲက ကျွန်တော်တို့တစ်တွေ သောက်သုံးနေကြတဲ့ သောက်ရေသန့်လို့ သတ်မှတ်ကြတာကတော့ pH 7 ဖြစ်တာကို လူတိုင်းသိကြတာပဲ... pH တန်ဖိုး 0 နဲ့ 14ရဲ့ အလယ်တည့်တည့်က 7ဆိုတာ သဘာဝအတိုင်းရှိနေတဲ့သဘော Neutral လို့သတ်မှတ်ပါတယ်...
ဆိုလိုတာက pH 7 မှာ အက်စစ်ဓာတ်လည်းမပါ အယ်ကာလီဓာတ်လည်းမပါ သဘာဝအတိုင်း ကြားနေပစ္စည်းအဆင့်လို့ခေါ်မယ်ထင်တယ်... အဲဒီ pH 7 ကနေ နည်းသွားရင်ပဲဖြစ်ဖြစ် များသွားရင်ပဲဖြစ်ဖြစ် ကြားနေမဟုတ်တော့ပဲ လူတွေကို အန္တရာယ်ဖြစ်စေနိုင်တယ်လို့ သတ်မှတ်ထားပါတယ်... pH 7 အောက်လျော့သွားရင်(ဥပမာ- pH 6.9)အက်စစ်ဓာတ်များသွားခြင်းဖြစ်ပြီးတော့ pH 7အထက်များသွားရင်တော့ အယ်ကာလီဓာတ်များသွားခြင်းဖြစ်ပါတယ်... ဆိုတော့ pH 0 ရောက်သွားရင်တော့ အက်စစ်ဓာတ် စစ်စစ်ဖြစ်သွားတယ်လို့ဆိုရမှာပါပဲ...
pH တန်ဖိုးတစ်ခုနဲ့တစ်ခုကြားမှာ ပြင်းအား ၁၀ ဆ ကွာသွားပါတယ်... ဆိုလိုတာက pH 7 နဲ့ pH 6 မှာ pH 6 က pH 7 ထက် အက်စစ်ဓာတ် ပြင်းအား ၁၀ ဆ ပိုပြင်းသွားပါတယ်... အဲဒီလိုပဲ pH 7 ထက် pH 8 က အယ်ကာလီပြင်းအား ၁၀ ပိုပြင်းပါတယ်... ဒါက စာတွေထဲမှာ သင်ရ ဖတ်ရတာကို ဗဟုသုတအလို့ငှာ မျှဝေခြင်းဖြစ်ပါတယ်...
ဒီနေရာမှာ ကျွန်တော်တို့ရဲ ခန္ဓာကိုယ်ကြီးမှာ pH အဆင့် ဘယ်လောက်ရှိသလဲ? ဖတ်ဖူးတာကတော့ အစာအိမ်ရယ် အူလမ်းကြောင်းတစ်လျောက်ကလွဲပြီးတော့ သွေးလှည့်ပတ်မှုရှိနေတဲ့ သွေးလှည့်လည်တဲ့အဖွဲ့အစည်းအားလုံးရဲ့ pH က 7.39 ရှိတယ်လို့ဆိုထားပါတယ်...
ဆက်လက်ရေးသားဖော်ပြပါအုံးမည်
အားလုံးကို လေးစားလျှက် -