ရွက်ဟောင်းညှာကြွေ ရွက်သစ်ဝေလျက် သစပင်ပန်မန်ကလေးများသည် နေရောင်အောက် နွေးထွေမှုအောက် တွင် ဖူးပွင့်ဝေဆာနေပါသည်။ တောတောင်တခွင်လုံးဆောင်းဝတ်ရုံလွှာကို ခွာကျကာ နွေ ဇာပဝါပါးကို လွှမ်းခြုံလိုက်ဟန် မျှော်ကြည့်လေတိုင်း ကြည်နူး ဆွတ်ပျံ ဖွယ် ကောင်းလှသည်။ အရပ်မျက်နှာ အတည် မရှိဘဲ ဝေ့ဝဲ တိုက်ခတ်လိုက်သော လေပွေ လေရူးများကြောင့် ရွက်ဝါတိုသည် မြေပြင်သို့  တဖြုတ်ဖြုတ် ကြွေကျနေပေသည်။ သစ်ရွက်ကလေးများကြွေကြနေပုံမှာ ဈာန်အဘိညာဉ် ရသူ ပုဂိုလ်ထူး ဈာန်လျော့ ကျနေသကဲ့သို့ အလား။လေရူး၏ ခေါ်ဆောင်ရာ နောက်သို့  လိုက်ပါသွားရရှာသော ရွက်ဟောင်းတို့ နေရာတွင် ကျေးငှက်မြသွင် ပုရစ်ဆင်နေသော ရွက်သစ် ရွက်ဖူးကလေးများ အစီအရီ ပေါ်ထွက် လာချေသည်။နေပူကျဲကျဲ အောက်တွင် ရိုးတံ ကလေးများ ပေါ်၌ ရွက်နု လေးများသည် မြကပလာ ခင်းထားသကဲ့ သို့ တောတောင် တစ်ခွင်လုံး လှပနေပေသည်။