eဘူတန်နိုင်ငံကို ထူးခြားစေတဲ့ အချက်(၁၁)ချက်။
ဘူတန်ဟာ ပဟေဠိဆန်တယ်။ လျှို့ ၀ှက်ဆန်းကျယ်တယ်။ သမိုင်းအစဉ်အလာကြီးတဲ့ တိဗက်နဲ့အိန္ဒိယကြားက ဟိမဝန္တာတောင်တန်းကြီးပေါ်ရှိနေတာကြောင့်လည်း ပါမယ်။ ထူးခြားမှုတွေ၊ အံဖွယ်တွေ၊ ရှေးရိုးစဉ်လာတွေနဲ့ ကမ္ဘာကြီးနဲ့အဆက်အသွယ်ပြတ်ခဲ့တဲ့အချိန်တွေကြောင့် ဒီလိုနှစ်သက်ကြည်နူးဖွယ်ရသနဲ့ ပြည့်နေသေးတာလည်းဖြစ်နိုင်ပါတယ်။ လူဦးရေ ၈သိန်းလောက်ပဲရှိတဲ့နိုင်ငံလေးက တင်းတိမ်ရောင့်ရဲခြင်းနဲ့ သီးခြားရပ်တည်နိုင်စွမ်းတွေကြောင့် ပျော်ရွှင်ခြင်းအဓိပ္ပာယ်ကို အပြည့်အ၀ရကြပါတယ်။ ဒါဟာလည်း ထူးခြားစေတာကြောင့် လည်ပတ်ချင်စရာ အံဖွယ်နေရာလေးအဖြစ် နာမည်ကျော်လာပါတယ်။ ကဲ အဲဒီတော့ သူတို့ဘာတွေထူးခြားသလဲဆိုပြီး ကျွန်တော်အချက် (၁၁)ချက်ချရေးကြည့်မိပါတယ်။
အဲဒါတွေကတော့ …
(၁) ဘုရင်က ဘုရင့်စည်းစိမ်အာဏာမလိုချင်တာကြောင့် ပြည်သူကိုဒီမိုကရေစီ ပေးတဲ့ နိုင်ငံ။
ဘူတန်နိုင်ငံ ဘုရင်နဲ့ဘုရင်မ ဟာ ကမ္ဘာကျော်တော်ဝင်စုံတွဲတွေကြား ဂုဏ်သတင်းကျော်ဇောပါတယ်။ ငယ်ရွယ်ပြီး ပညာတတ်ကြတယ်။ ပြည်သူတွေအပေါ်ချစ်ခြင်းတွေအပြင် စည်းစိမ်မက်မော၊ မောက်မာမှု အရှင်းမရှိတာကြောင့် အာရှမှာ နာမည်ကျော်တဲ့တော်ဝင်စုံတွဲအဖြစ် လူသိများကြတာပါ။ ကမ္ဘာပေါ်အသက်အရွယ်အားဖြင့် အငယ်ဆုံးဘုရင်မ ဟာ လက်ရှိဘူတန်ဘုရင်မ Jetsun Pema ပါ။ အသက် ၂၁ မှာ ဘုရင်မဖြစ်ခဲ့သူ သူမဟာ ကမ္ဘာကျော်တက္ကသိုလ်ကြီးတွေက ကျောင်းဆင်းလာသူလည်းဖြစ်ပါတယ်။
ဘုရင်ကြီး Jigme Kesar မှာလည်း သူ့အသက် ၂၈ နှစ်မှာ နိုင်ငံခြားပညာသင်ရာကနေ ၂၀၀၈ ခုနှစ်မှာပြန်လာခဲ့ပါတယ်။ ချက်ချင်းဆိုသလိုပဲ သူ့ဖခင်ဘုရင်ကြီးက နန်းလွှဲလိုက်တာကြောင့် ဘုရင်ဖြစ်လာသူပါ။ သို့ပေမယ့် တိုင်းပြည်တိုးတက်အောင်မြင်ချင်တဲ့ စိတ်ပြင်းပြတဲ့ ဘုရင် Jigme Khesar ဟာ သူ့ပြောသမျှ ဥပဒေမဖြစ်ရလေအောင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင်ရေးဆွဲပါတယ်။ ပါလီမန်များ ထူထောင်ဖွဲ့စည်းပြီးနောက်မှာတော့ ၂၀၀၈ ခုနှစ်မှာ ရွေးကောက်ပွဲကျင်းပပြီး ဒီမိုကရေစီကိုစတင် မိတ်ဆက်ပေးခဲ့သူပါ။ ပြည်သူပြည်သားတွေ မရင်းနှီးသေးတဲ့ အခြေခံဥပဒေကို တိုင်းပြည်အနှံလိုက်ပြီး တောကြိုတောင်ကြားမရှောင်လိုက်လံရှင်းပြပါတယ်။ တစ်အိမ်တက် တစ်အိမ်ဆင်း မဲပေးနည်းတွေကို သင်ပေးပါတယ်။ ဒါကြောင့်မို့ အာဏာရှင်ဘ၀ကို မမက်မောပဲ၊ ဒီမိုကရေစီစနစ်ကို လက်ထဲအရောက်ထည့်ပေးဖို့ကြိုးစားနေတဲ့ ဘုရင်ကြီးကို အံသြမိပါတယ်။ သူ့ရဲ့ အေးချမ်းမှုက မြင်သူကိုရိုက်ခတ်လို့ အေးချမ်းသွားရပါတယ်။
(၂) ဆေးလိပ် မရောင်း၊ ဆေးလိပ်မသောက်တဲ့ ဘူတန်။
ဘူတန်မှာ ဆေးလိပ်မရောင်းပါဘူး။ ဆေးလိပ်ကိုလည်း အများမြင်နိုင်တဲ့နေရာမှာ ပါလာလို့ သောက်ရင် ပြစ်ဒဏ်မြောက်ပါတယ်။ ကိုယ်သောက်မယ်ဆိုရင် သောက်လို့ရမယ့်နေရာကို မိမိဧည့်လမ်းညွှန် (သို့) ဟိုတယ်က ၀န်ထမ်းများကိုမေးပြီးမှ သူတို့ပြောတဲ့နေရာမှာသောက်တာ စိတ်ချရပါတယ်။ ဆေးလိပ်မကြိုက်သူများအဖို့တော့ ဆေးလိပ်တိုလေးတွေ လမ်းပေါ်မတွေ့တာ၊ ဆေးလိပ်သောက်သူ လမ်းပေါ်မတွေ့တာကို ကြိုက်ချင်ကြိုက်မိမှာပါ။
အရက်သေစာမှာတော့ ဘီယာ သောက်ကြပါတယ်။ ဘူတန်နိုင်ငံထုတ် ဘီယာရှိပါတယ်။ Druk 11000 ဆိုတဲ့ တံဆိပ်ကနာမည်ကြီး လူကြိုက်များပါတယ်။ အနည်းငယ်ချိုသလိုရှိပြီး Alcohol ပါဝင်မှုများပါတယ်။ ရိုးရာချက်အရက်အနေနဲ့ Ara ဆိုတာမေးသောက်ကြည့်ပါ။ ဆန်ချက်အရက်ပေါ့။ သူတို့ကတော့ Rice Wine ဆိုပြီးပြောပါလိမ့်မယ်။ ရှမ်းပြည်ကိုတောင် သတိရမိပါလိမ့်မယ်။
ဆေးလိပ်မသောက်ကြပေမယ့် အိန္ဒိယကလာတဲ့ မူးယစ်ဆေးတစ်မျိုးတော့ လူငယ်တွေကြားနာမည်ကြီးပါတယ်။ Marijuana ခေါ်တဲ့ ဆေးခြောက်အပင်ကတော့ အလေ့ကျပေါက်လေ့ရှိတာကြောင့် လမ်းဘေးမှာတင် ပေါပေါများများတွေ့ ရတတ်ပါတယ်။
(၃) ထူးခြားတဲ့ အစားအသောက် ယဉ်ကျေးမှု။
ဘူတန်ရိုးရာမှာ ထမင်းစားပြီးချိန် အချိုပွဲစားတယ်ဆိုတာမရှိပါဘူး။ တခြားနိုင်ငံတွေမှာ ဒီလိုမျိုးရှိသလားတော့မသိဘူး။ ဘူတန်နိုင်ငံရဲ့ အစားအသောက်ယဉ်ကျေးမှုမှာတော့ ကျမ်းမာရေးညီညွှတ်မှုလည်းတွေ့ရတတ်သလို၊ ဘာသာရေးအငွေ့အသက်လည်း ပါနေတာကြောင့် သူတို့အစားအသောက်ဟာ ရိုးရှင်းပါတယ်။ ဟိတ်ကြီးဟန်ကြီးမဟုတ်တဲ့အတွက် အချိုပွဲဆိုတာ မရှိပါဘူး။ ဘူတန်လူမျိုးတွေဟာ အသားမသတ်ကြပါဘူး။ အသားမပြောနဲ့ အပင်လေးတွေလည်းသေအောင်မလုပ်သလို၊ ပန်းလည်းမခူးကြပါဘူး။ ဒါကြောင့် ဘူတန်မှာ အသားစားရခဲပါတယ်။ ဟိုတယ်တွေ၊စားသောက်ဆိုင်တွေမှာ စားရင်တောင် အသားတစ်မယ်ပါရင် အတော်ကံကောင်းလွန်းလှပါပြီ။ ဒါကြောင့် အချိုပွဲနဲ့အသားစားချင်သူများ ကြိုတင်ပြီး သတ်သတ်လွတ်စားနိုင်အောင်လုပ်ထားဖို့လိုပါမယ်။
ဘူတန်လူမျိုးတို့ရဲ့ လူသိများတဲ့ဟင်းလျာကတော့ Ema Datse လို့ခေါ်ပါတယ်။ ချိစ်နဲ့ငရုတ်သီး ရောကြော်ထားတာပါ။ အစပ်ကြိုက်သူများကတော့ နေ့တိုင်းစားချင်အောင်ဆွဲဆောင်ထားပါလိမ့်မယ်။ လက်ဖက်ရည်သောက်ရင်လည်း Milk Tea, Tea Without Milk နဲ့ Butter Tea ဆိုပြီးထူးထူးခြားခြားရှိပါတယ်။ နောက်ဆုံးတစ်ခုဖြစ်တဲ့ Butter Tea ကတော့ သူတို့ထောပတ်အနံ့ကို သတိထားသင့်ပါတယ်။ လက်ဖက်ရည်ကို နို့အစား ထောပတ်ထည့်သောက်တာပါ။ တချို့ က ဆားထည့်သောက်ပါတယ်။ ကက်ရှမီးယားမှာ Sheer Chai ဆိုတာသောက်သလိုပေါ့။ စမ်းသပ်ကြည့်သင့်ပါတယ်။
(၄) ယောကျာ်းအင်္ဂါတွေကို အိမ်ရှေ့ နံရံတွေ ရေးဆွဲထားတဲ့ရိုးရာ။
ဗုဒ္ဓဘာသာနိုင်ငံတစ်မျိုးဖြစ်တဲ့ ဘူတန်ဟာ ကိုးကွယ်ယုံကြည်မှုမှာ မဟာယနဗုဒ္ဓဘာသာဆန်ပါတယ်။ ကိုးကွယ်ကြတဲ့ ဘုရားတွေလည်းများသလို၊ မြို့စောင့်နတ်၊ ရွာစောင့်နတ်ကအစ ယမမင်း၊ဘီလူး၊နတ်ဆိုးတွေအထိ ကိုးကွယ်ကြပါတယ်။ ခေတ်အဆက်ဆက်က ရိုးရာများ လက်ဆင့်ကမ်းသယ်လာတဲ့အထဲမှာ ယောကျာ်းအင်္ဂါကို မျိုးဆက်ပြန့်ပွားမှုအတွက် အထူးကိုးကွယ်တာကြောင့် သားဆုပန်ရာက စတယ်လို့ ဆိုပါတယ်။ တချို့ယုံကြည်မှုကလည်း အိမ်တွေကို လာရောက်နှောက်ယှက်တတ်တဲ့ မကောင်းဆိုးဝါးများကို ခြောက်လှန့်ဖို့လို့ ဆိုပါတယ်။ ဒါဟာလည်း သွားလည်ကြတဲ့ ကျွန်တော်တို့လို ဧည့်သည်တွေအတွက်အံ့အားသင့်ရပါတယ်။
(၅) ရိုးရာယဉ်ကျေးမှုများနဲ့ အဆင့်မှီတဲ့ နိုင်ငံ။
ဘူတန်မှာတွေ့ရတဲ့သူတွေ တော်တော်များများက ရိုးရာဝတ်စုံတွေနဲ့ပါ။ ကျွန်တော်တို့တခြားနိုင်ငံတစ်ခုခုသွားလည်ရင် ရိုးရာဝတ်စုံတွေ့ရဖို့ ခဲယဉ်းတယ်မဟုတ်လား။ ဒီမှာတော့ ရိုးရာဝတ်စုံမ၀တ်တဲ့သူကိုတွေ့ရဖို့ခဲယဉ်းတာပါ။ ပညာတတ်တဲ့လူတွေနဲ့ အင်္ဂလိပ်စကားကောင်းကောင်းပြောတတ်ကြပါတယ်။ မြို့တော်သင်ဖူးမှာ နိုက်ကလပ် (၂)ခုပဲရှိပြီး စနေနေ့ တစ်ရက်ပဲဖွင့်ပါတယ်။ ကာရာအိုကေယဉ်ကျေးမှုတော့ ရယ်စရာပါပဲ။ သီးသန့်အခန်းမရှိတဲ့ ဘူတန်ကာရာအိုကေဟာ လက်ဖက်ရည်ဆိုင်လိုဆိုင်မျိုးကြီးမှာ စားပွဲတစ်ဝိုင်းပြီး တစ်ဝိုင်းအလှည့်ကျဆိုကြရတာမျိုးပါ။ ဗေဒင်အတတ်ကို အထူးယုံစားကြပြီး၊ တစ်ခုခုလုပ်တော့မယ်ဆိုရင် ဗေဒင်ပြေးမေးလေ့ရှိပါတယ်။
(၆) နိုင်ငံသားတစ်ဦးချင်းပျော်ရွှင်မှုလောက် အရေးမကြီးတဲ့ GNP။
နိုင်ငံတစ်နိုင်ငံတိုးတက်မှုကို GNP နဲ့တိုင်းတာလေ့ရှိပါတယ်။ တိုင်းပြည်တိုင်း တိုင်းပြည်တိုင်းမှာ အစိုးရနဲ့ပြည်သူပေါင်းပြီး စီးပွားရေးမဏ္ဍိုင်အထူးကောင်းမွန်အောင် ကြိုးပမ်းကြရတာကို ၄ဆက်မြောက်ဘုရင် Jigme Singye က သတိထားမိတော့ ၁၉ ၇၀ နောက်ပိုင်းမှာ သူ့နိုင်ငံအတွက် စဉ်းစားပါတယ်။ သူ့နိုင်ငံအတွက်ဆိုရင်တော့ ဒီလိုလုံးပန်းနေရတာကို မနှစ်သက်ဘူး။ သူ့နိုင်ငံသားတွေ ပျော်ရွှင်နေတာပဲ သူမြင်ချင်ပါတယ်။ ဒါ့ကြောင့် ဘူတန်နိုင်ငံမှာတော့ GNP ဆိုတာ နိုင်ငံသားတစ်ဦးချင်းလိုက်ပျော်ရွှင်ခြင်း (Gross National Happiness) လောက်အရေးမကြီးပါဘူးလို့ သူက ကမ္ဘာကိုကြွေးကြော်ခဲ့ပါတယ်။ သူ့နိုင်ငံကိန်းဂဏန်းတွေတိုးတက်ဖို့ထက် ပျော်ရွှင်ဖို့ကိုပိုအလေးထားတဲ့သဘောပါ။
ဒီ GNH ဆိုတာကို အခုလက်ရှိ အသက်(၃၈)နှစ်သာရှိသေးတဲ့ ၅ဆက်မြောက်ဘုရင် Jigme Khesar က 2008 ခုနှစ်မှာ စတင်ထည့်သွင်းခဲ့တာပါ။ ခမည်းတော်ကြီးဘုရင် (၄ဆက်မြောက်ဘုရင်)Jigme Singye ရဲ့ အတွေးအခေါ်ကို သားဖြစ်သူ နန်းတက်တော့ စီးပွားရေးအရလည်းတိုးတက်ပြီး၊ ပျော်ရွှင်မှုပါရှိနေရမယ့် နိုင်ငံသားများဖြစ်အောင် စနစ်တကျအကောင်အထည်ဖော်လိုက်ခြင်းလည်းဖြစ်ပါတယ်။ GNH အကြောင်းကို စတင်မိတ်ဆက်ကြတုန်းကဆိုရင် ကမ္ဘာနိုင်ငံအသီးသီးက တအံ့တသြလေ့လာသင်ယူခဲ့ကြရတဲ့ ဘူတန်ရဲ့အကြောင်းအရာတစ်ခုဖြစ်ခဲ့ပါတယ်။
နိုင်ငံတစ်နိုင်ငံရဲ့ ပြည်သူပြည်သားတွေပျော်ရွှင်ဖို့ဆိုရင် အဲဒီနိုင်ငံဟာ ရေရှည်ဖွံဖြိုးတိုးတက်နေရမယ်။ ပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်ရပြီးလှပနေရမယ်။ ပိုင်ဆိုင်ထားတဲ့ ယဉ်ကျေးမှုအမွေအနှစ်မှန်သမျှ ထိန်းသိမ်းစောင့်ရှောက်ရမယ်။ ကောင်းမွန်သန့်ရှင်းတဲ့ အုပ်ချုပ်မှုရှိရမယ်ဆိုပြီး သတ်မှတ်ထားပါတယ်။ဟုတ်ပါလိမ့်မယ်။ ကျွန်တော်မြင်ခဲ့ရသမျှ ပတ်ဝန်းကျင်တွေဟာ စိမ်းလန်စိုပြေတယ်။ ယဉ်ကျေးမှုထိန်းသိမ်းစောင့်ရှောက်နေတာတွေ သိမ်မွေ့နူးညံ့ပြီး စည်းကမ်းကြီးတယ်။ လူတွေအပူအပင်ကင်း ပျော်ရွှင်ကြတယ်။ တသက်စာ အခမဲ့ပညာရေးစနစ်၊ တသက်စာ ကျန်းမာရေးစောင့်ရှောက်မှု စနစ်တွေကြောင့် ထင်ပါတယ်။
အိမ်တွေ၊ဟိုတယ်တွေကိုလည်း ကြည့်မလား။ သူ့ထက် ငါကဲ အလုအယက်မာန်မတက်နေဘူး။ အားလုံးဟာ ဒီရိုးရာပုံစံအတိုင်းပဲ ဆောက်ခွင့်ရှိပါတယ်။ ဒါဟာလည်း မလိုအပ်တဲ့ မာနနဲ့ မလိုအပ်ပဲ ပြိုင်ဆိုင်နေမှုကို ပညာသားပါပါ ဖယ်ရှားပြီးသားဖြစ်နေတာကြောင့် ပြည်သူတွေကြား အေးချမ်းမှုရှိတာပါ။
(၇) Tiger’s Nest
ပေ ၁သောင်းကျော်အထက်မှာရှိတဲ့ ကျောက်နံရံမှာ တည်ထားတဲ့ Paro Takseng လို့ခေါ်တဲ့ ရှေးဟောင်းဘုန်းကြီးကျောင်းဟာ ဘူတန်နိုင်ငံရဲ့ အဓိကလည်ပတ်စရာနေရာလို့ လူသိများပါတယ်။ ဘူတန်လို့ပြောတာနဲ့ ဒီဘုန်းကြီးကျောင်းကို ပြေးမြင်ကြမှာအမှန်ပါပဲ။ ဘူတန်တို့အထူးကိုးကွယ်တဲ့ ဒုတိယဘုရားလို့ ယုံကြည်ကြတဲ့ Guru Rinphoche မှာ ကြင်ယာတော် (၂)ပါးရှိပါတယ်။ ဒီနေရာမှာ ဂူအောင်းပြီးတရားကျင့်ခဲ့တဲ့ ဒုတိယဘုရား Guru Rinphoche ဆီ ကျားပျံယောင်ဖန်ဆင်းပြီး လာလာနေတာတွေ့ ရလို့ ကျားအသိုက်ရှိတယ်လို့အရပ်ပြောရာကနေ Tiger’s Nest ဆိုပြီးဖြစ်လာတာပါ။ ပါရိုတောင်ကြားမှာရှိတဲ့ ဒီနေရာကို ရှုခင်းနဲ့တောင်တက်လမ်းတွေက တအားလှလို့ တအံ့တသြသွားကြည့်ရတာ အရမ်းကိုကျေနပ်စရာကောင်းပါတယ်။ နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို သူ့ခင်ပွန်းဖြစ်လာမယ့် မိုက်ကယ်အဲရစ်က ဒီ Tiger Nest မှာ လက်ထက်ခွင့်တောင်းခဲ့မယ်ဆိုရင် ပိုလို့အံ့သြသွားမလားပဲ။
(၈) မီးပွိုင့်မရှိတဲ့ နိုင်ငံ
ဘူတန်နိုင်ငံဟာ ကမ္ဘာပေါ်က မီးပွိုင့်မရှိတဲ့နိုင်ငံ (၂)ခုထဲက တစ်ခုဖြစ်ပါတယ်။ နိုင်ငံတ၀ှမ်းလုံး ဘယ်မြို့ မှာမှ မီးပွိုင့်ဆိုတာမရှိပါဘူး။ စည်းကမ်းအင်မတန်ရှိကြပြီး တစ်ဦးအပေါ်တစ်ဦး သဘောထားကြီးညှာတာတတ်ကြတာကြောင့် မီးပွိုင့်မရှိလည်းပဲ သူတို့အဆင်ပြေကြပါတယ်။ ခေါင်းချင်းဆိုင်လာရင်တောင် သူ့အရင်သွားပါဆိုပြီး ကားထဲက လက်လှမ်းပြပြီး ဦးစားပေးတတ်ကြပါတယ်။ မီးပွိုင့်မရှိပေမယ့် မြို့တော်သင်ဖူးမှာတော့ လမ်းလယ်ခေါင်ကျွန်းမှာ ယာဉ်ထိန်းရဲက လမ်းပြပေး၊လမ်းညွှန်ပေးတာ တစ်ခုတော့ရှိပါတယ်။ ဒါဟာလည်း ဘူတန်ကိုထူးခြားစေတဲ့ အကြောင်းတစ်ခုဖြစ်ပါတယ်။
(၉) နိုင်ငံတော်အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ ခင်ပွန်းနေခဲ့တဲ့ မြို့တော်သင်ဖူး။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ ခင်ပွန်းဖြစ်သူ ဗြိတိသျှသမိုင်းပညာရှင် မိုက်ကယ်အဲရစ်နဲ့ ဘူတန်နိုင်ငံမှာ ၂နှစ်ကျော်နေခဲ့ကြပါတယ်။ အဲဒီအချိန်က မိုက်ကယ်အဲရစ်စ်ဟာ ၄ဆက်မြောက်ဘုရင်အပါအ၀င် တော်ဝင်မိသားစုရဲ့ ဆရာတစ်ဦးအဖြစ်နေထိုင်ခဲ့ပြီး ဒေါ်အောင်ဆန်းဆုကြည်က အမျိုးသားစာကြည့်တိုက်မှာ အလုပ်လုပ်ခဲ့တယ်လို့ ပြောပါတယ်။ လက်ထက်မင်္ဂလာကိုလည်း ဘူတန်နိုင်ငံမှာကျင်းပခဲ့ကြောင်း ဓာတ်ပုံတွေအရ သိရပါတယ်။ အဲဒီအချိန်တွေဟာ အန်တီ့ဘ၀ရဲ့ လွတ်လပ်ခြင်းအပြည့်ချစ်ခြင်းမေတ္တာအပြည့်နဲ့ နေထိုင်ခဲ့ရတဲ့ ဘ၀အစိတ်အပိုင်းဖြစ်နေမလားပါပဲ။ အခုချိန်အထိ သူတို့ နေထိုင်ခဲ့တဲ့ အိမ်လေးကို သွားပြီး ဓာတ်ပုံရိုက်လို့ရပါသေးတယ်။
(၁၀) လေယာဉ်အတက်အဆင်းခက်ခဲတဲ့ လေယာဉ်ကွင်း။
အဓိက တံခါးပေါက်ဖြစ်တဲ့ ပါရိုမြို့ လေယာဉ်ကွင်းဟာ ဘူတန်နိုင်ငံကို လေကြောင်းလိုင်းနဲ့ ဧည့်သည်အ၀င်များတဲ့တံခါးပေါက်ပါ။ မိုးမျှော်တောင်ကမ်းပါးယံ နှစ်ဖက်ကြားက ၂ ကီလိုမီတာမပြည့်တစ်ပြည့် ပြေးလမ်းလေးဟာ ဟိမန္တာတောင်တန်းကြီးများပေါ်က လေယာဉ်မှုးများကို စိန်ခေါ်နေလျက်ရှိပါတယ်။ ကိုယ်တိုင်လည်းလေယာဉ်ဆင်းခါနီး ပြတင်းပေါက်ကနေ တဆင့် လေယာဉ်တောင်ပံနဲ့နီးကပ်နေတဲ့ သစ်ပင်များကို ရင်ခုန်စဖွယ်တွေ့ရပါတယ်။ လေယာဉ်ဆင်းသွားတော့လည်း တစ်စီးလုံး လက်ခုပ်တီးပြီးပျော်ရွှင်ရပြန်ပါတယ်။ တောင်စွန်း တောင်စွယ်များကြား ကျွမ်းကျင်စွာပျံသန်းဆင်းတက်နိုင်တဲ့ Bhutan Airlines/Druk Air တို့က လေယာဉ်မှုးများအားလုံးကို ချီးကျူးရပါမယ်။
(၁၁) ခရီးသွားကဏ္ဍဖြင့်စီးပွားရှာတတ်ခြင်း။
ရေရှည်တည်တံ့နိုင်မယ့် ခရီးသွားလုပ်ငန်းကဏ္ဍဖော်ဆောင်ရာမှာ ဘူတန်နိုင်ငံရဲ့ ပုံစံကို လေ့လာကြည့်သင့်ပါတယ်။ ကမ္ဘာပေါ်မှာ ပျော်ရွှင်တဲ့နိုင်ငံသားများရှိတဲ့ အာရှက နိုင်ငံရယ်လို့ လူသိများလာတဲ့ နိုင်ငံပါ။ High Value, Low Impact - ထိခိုက်မှုနည်းနည်းနဲ့တန်ဖိုးမြင့်မြင့်ပေးနိုင်ရမယ်ဆိုပြီး ခရီးသွားကဏ္ဍ မူဝါဒတွေ ၂၀၁၄မှာချမှတ်ခဲ့ပါတယ်။
ချမှတ်တဲ့ မူဝါဒတွေထဲမှာ - ဘူတန်ကို လာလည်မယ့်သူတွေဟာ တာဝန်ခံမယ့်ခရီးသွားကုမ္ပဏီတစ်ခု လိုပါတယ်။ ဆိုလိုတာက ခရီးသွားကုမ္ပဏီတစ်ခုက စီစဉ်မှုမပါပဲ တခြားနိုင်ငံခရီးသွားသလို လွတ်လပ်စွာသွားလို့မရပါဘူး။ အဲဒီခရီးသွားကုမ္ပဏီက စီစဉ်ပေးတဲ့ ဒေသခံဧည့်လမ်းညွှန်၊ကား၊ဟိုတယ်၊စားသောက်ဆိုင်အပြီးအစီးကို လမ်းကြောင်းနှင့်တကွ ခရီးသွားဌာနကို တင်ပြနိုင်မှသာ ဗီဇာထုတ်ပေးမှာဖြစ်ပါတယ်။ အဲဒီလိုစီစဉ်ပေးရမှုအတွက် ဧည့်သည်တစ်ယောကို တစ်ည ဒေါ်လာ၂၅၀ ပေးဆောင်ရပါတယ်။ ၅ညအိပ် ၆ရက်လည်ပတ်ရင် ဒေါ်လာ ၁၂၅၀ ကျသင့်ပါတယ်။ (၅ညစာ ဟိုတယ်၊ တစ်နေ့ ၃နှပ်စာ၊ ကား၊ ဂိုက် နဲ့ ၀င်ကြေးတွေပါဝင်ပြီး၊ လေယာဉ်လက်မှတ်နှင့် ဗီဇာမပါသေးပါ)။ ထိုနည်းအားဖြင့် အစိုးရက တစ်ဦးလျှင် ၀င်လာသည့်ငွေပမာဏ၏ ၃၅%ကို အစိုးရအတွက်အခွန်နှင့် Royalty Fee အဖြစ်ဖြတ်တောက်ပြီးကျန် ၆၅%ကို ခရီးသွားကုမ္ပဏီကိုထုတ်ပေးပါတယ်။ ဒီနည်းအားဖြင့် အစိုးရဆီတိုက်ရိုက် ခရီးသွားကဏ္ဍ၀င်ငွေရရှိပါတယ်။ ခရီးသွားကဏ္ဍ၀င်ငွေကို တိုင်းပြည်ရဲ့ အခမဲ့ ကျမ်းမာရေးစောင့်ရှောက်မှု၊ အခမဲ့ ပညာသင်စရိတ်အပြင် ခရီးသွားကဏ္ဍအခြေခံ အဆောက်အအုံတွေကို ဖြေဆည်းပေးပါတယ်။
တစ်နေ့ကို ၂၅၀ဒေါ်လာ သတ်မှတ်မှုကြောင့် လာရောက်လည်ပတ်သူနည်းသွားပါတယ်။ ဒါပေမယ့် သွားချင်တဲ့စိတ်ရှိသူကတော့ ဒီလောက်ပေးရလည်းသွားနေဦးမယ်လို့ သူတို့မျှော်လင့်သလိုရှိပါတယ်။ ဒါကြောင့်လည်း ပိုက်ဆံနည်းနည်းပဲတတ်နိုင်တဲ့ နိုင်ငံခြားသားများနှင့် ကျောပိုးအိတ်တစ်လုံးလွယ် ကမ္ဘာပတ်သူများဟာ အိန္ဒိယလောက်သာ သွားလည်ပတ်နိုင်တော့ပါတယ်။ လာရောက်လည်ပတ်သူ အရည်အသွေး ဇကာစစ်ချလိုက်သလိုဖြစ်သွားပါတယ်။ ဘူတန်နိုင်ငံရဲ့ သဘာဝ နှင့် ယဉ်ကျေးမှု၊ နေထိုင်မှု ဓလေ့များဟာ အလုံးအရင်းလိုက်ဝင်လာမယ့်ခရီးသွားများရဲ့ ရန်က ဝေးလို့ ရေရှည်တည်တံ့သောခရီးသွားလုပ်ငန်းကို ထူထောင်နိုင်မယ့်လိုယူဆကြလို့ သင်ယူလေ့လာစရာလည်း ဖြစ်ရပါတယ်။
အသေးစိတ်နဲ့ခရီးလမ်းကြောင်းများနောက်ပို့စ်တွင် ဆက်လက်ရေးပေးပါအုံးမည်။
#bobomightytraveler