သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၃

agagko(37)
Published in
#wafrica
Words
92
Reading
1 min
Listen
Play
8y

images(3).jpg

နောက်နေ့ရုံးတက်တော့ ဦးမျိုးချစ်က ပြောတယ်။
မနေ့ညက သောက်ကောင်းကောင်းနဲ့ သောက်လိုက်တာ များသွားတယ်။
လမ်းမှားပြီး စက်ဘီးနင်းသွားတာ ပုဇွန်တောင် ရောက်သွားမှသိတယ်။
ပြီးမှ အလုံဖက် ပြန်လှည့်ရတယ်တဲ့။
ကျနော်က စာရေးဖြစ်ပြီဆိုတော့ စားပွဲတစ်လုံးပေးတယ်။
အရင်က ကျနော့်အတွက် ထိုင်စရာ ကုလားထိုင်တောင် မရှိဘူး။
ဦးဘလင်းရဲ့ စားပွဲကို ပေးတာ။
စိုက်ခင်းရုံးဖျက်မှာဆိုတော့ ဦးဘလင်းကို ဆက်မခန့် တော့ဘူး။
ပင်စင်ပေးတာလဲ အဟုတ်ဘူး။
သူက ပင်စင်ယူပြီးမှ ရုံးမှာ ပြန်လုပ်နေတာ ဆိုတော့။
ဒါပေမဲ့ သူက လစာမရလဲ ရုံးတော့လာတက်နေတယ်။
သူက လက်နှိပ်စက်စာရေးမ မတင်တင်ဝင်းရဲ့အဖေ။
ရုံးမလာရ မနေနိုင်ဘူး၊ အိမ်မှာ မနေတတ်တော့လို့။
လစာဝင်ငွေ မရှိလို့ သန်လျင်က သီတာသင်္ဘော စီးလာပြီး ပုဇွန်တောင်ကနေ ပန်းဆိုးတန်းထိ လမ်းလျှောက်လာတယ်။
ပြန်ရင်လဲ အဲဒီလို ပြန်တယ်၊ ဘတ်စကားတောင် မစီးဘူး။
အိမ်က မနက်အစောကြီးထပြီး လမ်းလျှောက်လာတာ။
သူ့သမီးက သူ့အတွက် ထမင်းဘူး ယူလာပေးတယ်။
သူ့စားပွဲကိုရတာဆိုတော့ ကျနော့်အတွက် ပြသနာပေါ့။
ကျနော် ကုလားထိုင် နှစ်လုံး ချထားလိုက်တယ်။
နှစ်ယောက်စလုံး ထိုင်လို့ရအောင်။
သူ့ကို လူတွေ ဝိုင်းပြောကြတယ်၊ လစာမရပဲ ရုံးလာတက်နေလို့။
နောက် သူ ရုံးမလာတော့ဘူး၊ ကျန်းမာရေး မကောင်းလို့။
နောက်မကြာဘူး သူဆုံးသွားတယ်၊ ရုံးမတက်ရတဲ့ ရောဂါလို့ ပြောကြတယ်။

သူငယ်ချင်းတွေ အကြောင်း အပိုင်း ၃၃ | Ecency