#ဧည့်သည်
#ကောင်းသန့်
★ ကျွန်တော်တို့သည် သစ္စာလေးပါးမြတ်တရားကို ခံစားနားလည်ကျင့်ကြံအားထုတ်ပြီး နောက်ဆုံးခရီးကို ရင့်ကျက်တည်ငြိမ်စွာ ဓမ္မအားကိုးဖြင့် ဖြတ်သန်းရပေလိမ့်မည်။ ★
တက္ကသိုလ်နောက်ဆုံးနှစ်တွင် ကျွန်တော် ကဗျာတစ်ပုဒ်ရေးဖြစ်သည်။ ထိုကဗျာကို သူငယ်ချင်းတွေကဖတ်ပြီး ဘုန်းကြီးဖြစ်မယ့်ကောင်ဟု ချီးကျူးခဲ့ကြဖူး၏။ ဘယ်စာစောင်မဂ္ဂဇင်းမှ မပို့ဖြစ်။ ၁၉၈၁ ခုနှစ်တွင် ရန်ကုန်ပညာရေးတက္ကသိုလ်သို့ မူလတန်းအင်္ဂလိပ်စာနည်းပြသင်တန်းတက်ရောက်ရန် တစ်ခေါက်ပြန်ရောက်သည်။ မိမိတို့အတန်းကို တာဝန်ယူသင်ကြားပေးကြသော ဆရာမနှစ်ဦးရှိသည်။ တစ်ဦးက ဒေါ်လှလှဝင်း၊ ကျန်တစ်ဦးက နည်းပြဆရာမ ဒေါ်ကြည်ကြည်ညွန့်လွင်ဖြစ်သည်။ သူတို့၏ နှိုးဆွပေးမှု၊ စေတနာထားသင်ကြားပြသပေးမှုကြောင့် အင်္ဂလိပ်စာရေးချင်ဖတ်ချင်စိတ် ပြန်ပေါ်လာသည်။ ထိုအခါ ကျောင်းသားဘ၀ကရေးခဲ့သော ကဗျာလေးကို သတိရပြီး ဘာသာပြန်ကြည့်သည်။
#ဧည့်သည်_
အချိန်တန်၍ အိမ်ပြန်ရလည်း
ဝမ်းမနည်းပေ။
ကြေကွဲတုန်လှုပ် အပူရုပ်နှင့်
နှုတ်ဆက်စရာ ဗလာနတ္ထိ။
တွယ်ငြိစရာ ဝေဒနာလည်း
ရင်မှာစိုးစိ မကျန်ရှိပြီ။
ဘာသိဘာသာ တိတ်ဆိတ်စွာပင်
ငါပြန်ရမည် ၀မ်းသာသည်။
#ခင်မောင်ကြွယ်(ပညာရေး)
ထိုစဉ်က ကောင်းသန့်မဖြစ်သေး၊ ကောင်းသန့်နာမည်လည်း စိတ်ကူးထဲတွင်မရှိ၊ နာမည်ရင်း ခင်မောင်ကြွယ်အနေဖြင့် စာရေးခဲ့၏။
ထိုကဗျာကို အင်္ဂလိပ်လိုပြန်ကြည့်သည်။ ဆရာမဒေါ်ကြည်ကြည်ညွန့်လွင်ထံပြသပြီး အကြံဉာဏ်တောင်းသည်။ ဆရာမက စကားလုံးတစ်လုံး ပြင်ပေးလိုက်သည်။ ထိုကဗျာကို အင်္ဂလိပ်မြန်မာနှစ်ဘာသာ ထုတ်ဝေသော Guardian မဂ္ဂဇင်းသို့ ပေးပို့လိုက်သည်။ အယ်ဒီတာ အကြိုက်တွေ့သွား၍လားမသိ၊ ပေးပို့လိုက်သည့်လတွင် ထုတ်ဝေသောမဂ္ဂဇင်း၌ ပါလာသည်။ အလွန်ဝမ်းသာသွားမိ၏။
#The_Visitor
Because the time is up now
I must return home
But I have no feeling of sadness.
I have no one to say
goodbye in a melancholic way.
I suffer no pain
in my heart.
I am glad
I have to return home
peacefully without being known by anyone.
ထိုစဉ်က ထိုအတွေးကို ကျွန်တော်ဘာလို့တွေးမိပါသလဲဟု ယခု ပြန်စဉ်းစားကြည့်သောအခါ တရားဓမ္မကို စိတ်ပါဝင်စားပြီး လေ့လာကျင့်ကြံအားထုတ်နေသောကြောင့်ဟု အဖြေရပါသည်။ တက္ကသိုလ်ရောက်စမှာပင် ဘာသာကြီးလေးဘာသာကို စိတ်ဝင်စားပြီး တွေ့သမျှ ဘာသာရေးစာအုပ်များကို ရှာဖတ်ခဲ့၏။ အကျိုးရလဒ်တစ်ခုက တက္ကသိုလ်ပေါင်းစုံဘာသာရေးဆောင်းပါးပြိုင်ပွဲတွင် ကျွန်တော် တတိယဆုရခဲ့၏။ ဗုဒ္ဓဘာသာကို စိတ်ဝင်တစားဖတ်ရှုပြီး ထိုကဗျာကို ရေးမိတာပဲဖြစ်သည်။
စင်စစ် ကျွန်တော်တို့သည် ဘယ်ကလာမှန်းမသိ၊ ဘယ်ကိုပြန်သွားရမည်မှန်းမသိသည့် ဧည့်သည်တစ်ဦးသာ ဖြစ်ပါသည်။ အချိန်တန်၍ အိမ်ပြန်ရတာမို့ ၀မ်းနည်းစရာမဟုတ်ဟု ကျွန်တော်ထင်သည်။ သို့သော် သံယောဇဉ်ကြိုးရှုပ်သူများကတော့ ကြေကွဲတုန်လှုပ် အပူရုပ်နှင့် နှုတ်ဆက်စရာရှိနေပါလိမ့်မည်။ ထိုသံယောဇဉ်ကြိုးကို အသိ၊ သတိနှင့် တစ်စတစ်စဖြတ်သွားရပေမည်။ ထိုသို့ ဖြတ်နိုင်မှသာ ကြေကွဲတုန်လှုပ် အပူရုပ်နှင့် နှုတ်ဆက်စရာ ဗလာနတ္ထိဟု သဘောထားနိုင်ပါလိမ့်မည်။ သံယောဇဉ်ကြိုးမရှုပ်၍ နှုတ်ဆက်စရာမရှိခဲ့လျှင် ရင်ထဲမှာ ဝေဒနာလည်း ဘာတစ်ခုမှ ကျန်မည်မထင်။ အပြန်လမ်းကို စမ်းတ၀ါးဝါးလမ်းမှားစရာမလိုဘဲ ကိုယ့်ဘာသာကိုယ် တိတ်တိတ်ဆိတ်ဆိတ် ရင်မထိတ်ဘဲ အေးအေးဆေးဆေး ပြန်သွားနိုင်ခဲ့လျှင် အကောင်းဆုံးဖြစ်လိမ့်မည်။
ထိုကဲ့သို့ တိတ်ဆိတ်ညင်သာစွာ လူမသိသူမသိပြန်သွားရမှာ ကျေနပ်ဝမ်းသာစရာဟု ကျွန်တော်ထင်သည်။ ထို့ကြောင့် ထိုကဗျာလေးကို ကျွန်တော်မမေ့။ အမြဲတမ်း စိတ်ထဲမှာခံစားပြီး ထိုကဗျာအတိုင်း ဘ၀၏နောက်ဆုံးခရီးကို ဖြတ်သန်းချင်ပါသည်။
ကျွန်တော်တို့သည် သစ္စာလေးပါးမြတ်တရားကို ခံစားနားလည်ကျင့်ကြံအားထုတ်ပြီး နောက်ဆုံးခရီးကို ရင့်ကျက်တည်ငြိမ်စွာ ဓမ္မအားကိုးဖြင့် ဖြတ်သန်းရပေလိမ့်မည်။ ကျွန်တော်တို့ ပြန်ချင်သည်ဖြစ်စေ၊ မပြန်ချင်သည်ဖြစ်စေ တစ်နေရာကိုတော့ ပြန်ကြရပေလိမ့်မည်။ ဘယ်နေရာမှန်း ကျွန်တော်မသိ။ ဘုရားရဟန္တာမှလွဲ၍ ဘယ်သူမှလည်း သိမည်မထင်။ ပြန်ကိုပြန်ရမည်မှန်းသိသိကြီးနှင့် ကျွန်တော်တို့ ငိုညည်းပြီးပြန်သင့်ပါသလား။ လာခေါ်သူကို ကလန်ကဆန်အကြောက်အကန်ငြင်းဆန်ပြီး ဒရွတ်တိုက်အဆွဲခံရပြီး ပါသွားသင့်သလား။ သို့တည်းမဟုတ် ကိုယ့်အပြန်ခရီးကို အသေအချာသိပြီး လက်ယပ်လာခေါ်နေသောသူအား မကြောက်မရွံ့ မတုန်မလှုပ်ဘဲ သူခေါ်ရာနောက် အေးဆေးကြည်သာ လိုက်ပါသွားနိုင်သောသတ္တိရှိပြီလား။ ကျွန်တော်တို့ ဘာလုပ်သင့်ပါသလဲ။ စဉ်းစားပြင်ဆင်သင့်သည်ဟု ကျွန်တော်ထင်ပါ၏။
#ကောင်းသန့်
#လူဖြစ်ကျိုးနပ်ပါစေ
★★★★★★★
Eternal Light မဂ္ဂဇင်းကို City Mart နှင့် အမြို့မြို့အနယ်နယ်ရှိ စာအုပ်ဆိုင်များတွင်လည်းကောင်း၊ Mobile Phone ဖြင့် စာဖတ်သူများအတွက် Wun Zinn application တွင်လည်းကောင်း၊ နယ်မှ အိမ်တိုင်ရာရောက်စနစ်ဖြင့် တစ်အုပ်ချင်း မှာယူလိုသူများအတွက် WE Distribution ဖုန်း ၀၉ ၂၅၀၀၉၁၉၁၃ တွင်လည်းကောင်း အားပေးဝယ်ယူဖတ်ရှုနိုင်ပါသည်။ စာကြည့်တိုက်များ၊ အခြေခံပညာကျောင်းများနှင့် တက္ကသိုလ်များမှ Message ပို့ပြီး ဆက်သွယ်အလှူခံနိုင်ပါသည်။