ဝါဝါမြင်တိုင်း ရွှေထင်သလား
ကျွန်တော့်ကို အင်္ဂလိပ်စာ စိတ်ဝင်စားသူများ ဆိုတဲ့ အသင်းကြီးရဲ့ Page မှာ Admin အနေနဲ့တာဝန်ကို Group founders တွေကပေးလာတော့ တတ်နိုင်လောက်သလေးလုပ်ပေးနေခဲ့ပါတယ်။
မနေ့ညကတော့ ကျွန်တော်တို့ Admin တွေ နည်းနည်းလေးအလုပ်များသွားခဲ့တယ်။ Group ထဲမှာ Kevin C Bruce ဆိုတဲ့အမည်နဲ့ နိုင်ငံခြားသားတစ်ယောက် စပြီး active ဖြစ်လာတာကို သတိထားမိကြတယ်။ သူက Native speaker ပုံမျိုးနဲ့ post တစ်ချို့တင်လာတယ်။ သူ အင်္ဂလိပ်စာ သင်ပေးချင်တယ်၊ members တွေ သူ့ဆီကို text message ပို့ကြပါ၊ ဆက်သွယ်ကြပါလို့ သူ စပြောလာတာနဲ့ ကျွန်တော်တို့ Admin တွေ သူ့ကိုပို အာရုံစိုက်မိကြပါတယ်။
ဒါနဲ့ သူ့ profile ကိုလေ့လာ၊ သူ့ account ထဲကို ဝင်ကြည့်တော့ အမေရိကန်နိုင်ငံသားပုံစံလို့ယူဆရပေမဲ့ friends တွေ၊ friends တွေနဲ့ သူ comments တွေမှာရေးထားတာကို နာမည်တွေကြည့်လိုက်တော့ Asian နာမည်တွေ၊ Indian နာမည်တွေပဲတွေ့ရတယ်။ သေသေချာချာ group founder တစ်ယောက်က Google မှာ picture search ထပ်လုပ်ကြည့်တော့ Lithunian နိုင်ငံကလူသုံးတဲ့ account အတုဖြစ်နေပါတယ်။
ကျွန်တော်တို့ Admin တွေ သူ့ရဲ့ post အောက်မှာ သူနဲ့ communicate လုပ်ကြည့်တယ်။ မင်းဘာသင်ပေးချင်တာလဲ၊ ဘယ်လိုကူညီပေးနိုင်မှာလဲလို့မေးတာ ပြန်မဖြေပါ။ တချိန်တည်းမှာပဲ အခြား member များက သူ့ကိုကျေးဇူးတင်ကြောင်း၊ အဖွဲ့ကို welcome လုပ်ကြောင်းပြောထားသမျှကိုတော့ သူ comment တွေပြန်ရေးပါတယ်။ သူရေးတဲ့ အင်္ဂလိပ်စာဟာ ပုံစံမကျလို့ native speaker တစ်ယောက်မဖြစ်နိုင်ဘူးဆိုတာ မှန်းလို့ရပါတယ်။ သူဟာ အသင်းသားတွေကို ဒုက္ခပေးမဲ့သူဆိုတာကို Admin တွေက ယုံကြည်လို့ အချိန်အနည်းငယ်အတွင်းမှာပဲ သူ့ကို block လိုက်ကြတယ်။
တချို့နိုင်ငံခြားသားတွေက Asia မှာရှိတဲ့ social media ပေါ်ရှိ group တွေမှာ account အတုတွေသုံးပြီး ရည်ရွယ်ချက် အမျိုးမျိုးနဲ့ ဝင်လာတတ်ကြတာ သတိထားသင့်ပါတယ်။
အိမ်နီးချင်းနိုင်ငံတချို့က language school တွေ၊ ကျောင်းတွေမှာ Native speaker ဘိုကြီးနဲ့ အင်္ဂလိပ်စာကို သင်ပေးတယ်လို့ ကြော်ငြာပြီး အဖြူဖြစ်ရင်ပြီးရော ဈေးပေါပေါ လခပေါပေါနဲ့ ငှားကြ ခန့်ကြတဲ့ အထဲမှာ ဖြူရင်ပြီးရောဘိုအတုတွေ၊ ဆရာတု ဆရာယောင်တွေ၊ သူတို့ရဲ့မူလတိုင်းပြည်ကို ရာဇဝတ်မှုကျုးလွန်ထားလို့ ပြန်လို့မဖြစ်လို့ တိမ်းရှောင်နေသူတွေ၊ sexual predator တွေ၊ ကလေးသူငယ်တွေကို လိင်မှုကျုးလွန်ဖို့ကြိုးစားနေတဲ့ pedophile တွေနဲ့ စိတ်ပျက်စရာ၊ ချောက်ချားစရာ ကိစ္စတွေ သတင်းတွေထဲမှာ ခဏခဏတွေ့နေရပါတယ်။
တော်တဲ့ စေတနာကောင်းတဲ့ အဖြူ ဆရာအစစ်တွေကတော့ လူအများစုပါ။ ဒါပေမဲ့ ဆွမ်းဆန်ထဲ ကြွက်ချေးရောဆိုသလို ဘိုစုတ်တွေ white trash တွေကြောင့် ဒီဖက်ကတိုင်းပြည်တွေမှာ ရဲနဲ့ လဝက မှပိုသတိထားတင်းကြပ်လာတော့ အဲဒီဆရာအတုတွေ၊ sexual predators တွေဟာ Cambodia တို့ မြန်မာပြည်တို့ကို စားကျက်ပြောင်းကြတယ်လို့လည်း သတင်းဆောင်းပါးတချို့မှာ ဖတ်ဖူးပါတယ်။
ပြောချင်တဲ့ ရည်ရွယ်ချက်ကတော့ အယုံမလွယ်ဖို့၊ သတိရှိဖို့၊ မျက်နှာဖြူကြီး ဆိုတာနဲ့ အရမ်းအထင်တွေကြီးပြီး စုံလုံးပိတ်မယုံမိစေဖို့ပါ။ Native speaker ဆရာအစစ်နဲ့ သင်နိုင်ရင် အသံထွက်တို့၊ ပိုပြီး သဘာဝကျမှန်ကန်တဲ့ intonation တို့ကို သူတို့ဆီကရနိုင်မယ်၊ ပိုပြီး current ဖြစ်တဲ့ usage တွေရမယ်၊ ပိုမိုရဲရဲတင်းတင်း ပြောဆိုရဲလာမယ်၊ fluent ဖြစ်လာမယ် စတဲ့ ကောင်းကျိုးတွေအများကြီးရှိပါတယ်။ ဈေးကြီးတော့ပေးရနိုင်တာပေါ့။ အခြေခံအဆင့်မှာ Grammar တို့ reading, writing တို့ကို နားပေါက်အောင်သင်ပေးတဲ့အလုပ်ကိုတော့ ကိုယ့်ရဲ့ တိုင်းပြည်က ဆရာ ဆရာမတွေကသာ ပိုစွမ်းဆောင်နိုင်လိမ့်မယ်လို့ ထင်တယ်။
လူငယ်တွေကို သတိပေးချင်တာ အဲဒါလေးပါပဲ။ သူစိမ်းတစ်ယောက်က online မှာ သူနဲ့ contact လုပ်ပါ၊ စာသင်ပေးပါ့မယ် ဘာညာဆိုရင် သတိသာထားပေတော့၊ မျက်နှာဖြူကြီးနဲ့ ငါ chatting လုပ်ရင်း အင်္ဂလိပ်စာတိုးတက်အောင်လေ့ကျင့်လိုက်မဟဲ့ လို့လည်း ပေါ့ပေါ့မတွေးနဲ့။ naive မဖြစ်နဲ့။ လောကမှာ ဘာမဆို တန်ရာတန်ကြေးပေးမှရတာပါ ၊ အလကားပေးတာဆို သံသယရှိသင့်တယ်။ အများကြီး အဆိုးမြင်ခိုင်းနေတာ မဟုတ်ဘူး။ ဒါမျိုးတွေပြောနေတော့ ဒီလူတော်တော် skeptical ဖြစ်တယ်လို့မထင်ပါနဲ့။ ဒီနေ့လိုခေတ်ကြီးမှာ လူတိုင်း "a healthy amount of skepticism" တော့ရှိမှဖြစ်မှာပါ။
All that glitters is not gold.
ဝါဝါမြင်တိုင်း ရွှေမထင်နဲ့ ...ဆိုတဲ့ စကားပုံလည်းရှိသားပဲ။
ချင့်ယုံကြပါလို့....
With love,
@aakk