Mona Lisa ပန်းချီကားချပ်မှ လျို့ဝှက်ချက်နှင့် အငြင်းပွားဖွယ်ရာများ

image

နံပါတ် ၁ - မိုနာလီဇာသည် ပန်ချီအဆွဲခံနေစဉ် ကိုယ်လေးလက်ဝန် ရှိနေသလော

လွန်ခဲ့သော နှစ်အနည်းငယ် အတွင်းတွင်မှ စတင်လက်ခံလာကြသော လေ့လာ တွေ့ရှိချက်အရ မိုနာလီဇာ ၏ အမည်ရင်းမှာ 'Lisa Gherardini' ဖြစ်ပြီး ဖလောရင့်စ်မှ လူကြီးမင်းတစ်ဦး ၏ ဇနီးသည်ဟု သိရှိရပါသည်။

ပုံတွင် မိုနာလီဇာသည် အနည်းငယ် မို့မောက်နေသော ဝမ်းဗိုက်အပေါ် လက် ၂ ဖက် ကို ယှက်လျက် တင်ထားခြင်းက ကိုယ်ဝန်ရှိနေခြင်း ဖြစ်သည်ဟု ကောက်ချက်ချနိုင်ပါသည်။

ထို့အပြင် ၂၀၀၆ ခုနှစ်တွင် ကနေဒါ မှ ပညာရှင်များက ကားချပ်ကို လေဆာ ဖြတ်စေ၍ မိုနာလီဇာ ကို 3D ရုပ်လုံးပေါ်စေခဲ့ရာတွင် ဦးခေါင်းနှင့် ပုခုံးအနားမှ အလွန်ပါးလွှာသော ခေါင်းစွပ်ပုဝါအစ ကို တွေ့ရှိ ခဲ့ပါသည်။

ထိုအရာသည် ၁၆ ရာစုတစ်ဝိုက် အီတလီတွင် မီးဖွားခါနီး အမျိုးသမီးများသာ ဝတ်ဆင်လေ့ ရှိကြောင်း တွေ့ရှိရသည့် အချက်ကလည်း ပထမအချက်ကို ထောက်ခံပေးသယောင် ရှိနေခဲ့ပါသည်။
......................................................................

နံပါတ် ၂ - သူမသည် မိန်းမပျက်မဟုတ်ကြောင်း ထောက်ခံပေးနိုင်ခြင်း

ပညာရှင်များ သည် သူမအား မည်သူမည်ဝါမှန်း အတိအကျ မသိရှိခင် အချိန်များက မိုနာလီဇာ သည် ဒါဗင်ချီ ၏ မိခင်ဟုလည်းကောင်း, ဒါဗင်ချီ ကိုယ်တိုင် ၏ ပုံတူဖြစ်သည်ဟု တစ်ဖုံ, မိန်းမပျက် တစ်ယောက် ပုံ သာဖြစ်သည်ဟု တစ်မျိုး မျိုးစုံ ကောက်ချက်ချ ကြပါသည်။

အဘယ်ကြောင့်ဆိုသော် ၁၆ ရာစုအတွင်းက အီတလီ မှ မိန်းမရွှင်များသည် ပန်ချီကားချပ်ထဲ မှ မိုနာလီဇာ ကဲ့သို့ မျက်နှာတွင် အမွှေးအမျင်လုံးဝမရှိပဲ ဆံပင်ကိုလည်း လုံးဝမစည်းနှောင် ပဲ ချထားလေ့ ရှိခြင်းကြောင့် ဖြစ်ပါသည်။

သို့သော် အနီအောက်ရောင်ခြည် လေ့လာချက်များမှ သူမ၏ဆံပင်ကို နောက်တွဲဆံထုံးဖြင့် စည်းနှောင် ထားကြောင်း ကောက်ချက် ချနိုင်သောကြောင့် ထိုစွပ်စွဲချက်ကိုလည်း ပယ်ထုတ်နိုင်ခဲ့ပြီဖြစ်သည်။
................................................................

နံပါတ် ၃ - ချမ်းသာကြွယ်ဝသော မိသားစုမှ ဆင်းသက်လာသည်ဟု သိရှိနိုင်ခြင်း။

အီတလီမှ ပညာရှင်များ၏ လေ့လာချက်အရ သူမ၏ အနက်နဲဆုံး လျို့ဝှက်ချက်ဖြစ်သော အပြုံးသည် ထိုခေတ် ထိုအခါက ပန်ချီကားချပ်များ ဖြစ်သော ဟင်နရီ ၈ ကဲ့သို့သော ချမ်းသာကြွယ်ဝ အာဏာရှိသူများ သည် အဆီအစိမ့်များ စားသောက် ယစ်မှုးပြီး သွေးတွင်း ကိုလက်စရော မြင့်တက်ချိန် တွင် ပုံတူအဆွဲခံရာ၌ ပြုလေ့ရှိသော အပြုံးမျိုးဖြစ်ကြောင်း တွေ့ရှိခဲ့ရပါသည်။

ထို့ကြောင့် သူမသည် ကြွယ်ဝချမ်းသာကြောင်း ကောက်ချက်ဆွဲနိုင်ပြန်ပါသည်။
......................................................................

နံပါတ် ၄ - မျက်ခုံး မျက်တောင်များ ရှိခဲ့သည်ဟု သက်သေပြနိုင်ခြင်း။

ပြင်သစ်ပညာရှင် ပါစကယ်၏ လေ့လာသက်သေပြချက်အရ မိုနာလီဇာ ၏ မျက်ခုံးမျက်တောင်များ သည် ဒါဗင်ချီ ရေးသားခဲ့စဉ်ကတည်းက မပါဝင်ခဲ့သည် မဟုတ်ပဲ အကြိမ်ကြိမ်သန့်စင်မှု နှင့် နှစ်ကြာ ညောင်း မှုတို့ကြောင့် မှေးမှိန်ပျောက်ကွယ်ခဲ့ရခြင်း ဖြစ်သည်ဟု ကင်မရာဖြင့် သူမ၏မျက်နှာကို ၂၄ ဆ ခန့်ချဲ့ပြီး ဖော်ထုတ်နိုင်ခဲ့ ပါသည်။
......................................................................

နံပါတ် ၅ - ရွှေအချိုး ဗိသုကာပညာ အယူအဆကို အသုံးပြုရေးဆွဲထားခြင်း။

လီယိုနာဒို ဒါဗင်ချီသည် သင်္ချာနည်းအရ ပန်ချီကားတစ်ချပ်လုံးကို တိုင်းတာအချိုးချ ရေးဆွဲ ထားခြင်း ဖြစ်ပြီး မျက်နှာဟန် အနေအထားသည် ရွှေအချိုးအတိုင်းရှိနေခြင်းက ပန်ချီကားရှုသူကို မျက်စိ မလွှဲ စေအောင် ဖမ်းစားထားသော အဓိကအချက် တစ်ချက် ဖြစ်သည်ဟု လေ့လာ တွေ့ရှိခဲ့ရပါသည်။
......................................................................

နံပါတ် ၆ - မိုနာလီဇာ ပြုံးနေသလား ..... မဲ့နေသလား ....

မိုနာလီဇာ ပြုံးနေလား မဲ့နေလားဆိုတဲ့ အငြင်းပွားမှုဟာ နှစ်ပေါင်း ၅၀၀ နီးပါးရှိခဲ့ပါပြီ။ ကြည့်ရှုသူရဲ့ စိတ်အခြေအနေ တည်နေရာတွေအလိုက် ပြောင်းလဲတယ်လို့ ပြောခဲ့ကြပေမယ့် ၂၀၀၅ ခုနှစ်မှာ ဒက်ခ်ျလူမျိုး လေ့လာသူတစ်ဦးက 'Emotion Recognition' ကွန်ပြူတာဆော့ဖ်ဝဲကို အသုံးပြုပြီး မိုနာလီဇာရဲ့ စိတ်အခြေအနေ အတိအကျကို ဖော်ထုတ်ပေးနိုင်ခဲ့ပါပြီ။

အဲ့ဒါတွေကတော့ အောက်ပါအတိုင်းဖြစ်ပါတယ်

Smile 83% ,
Happy 9%
Disgusted 6%
Fearful 2%
Angry less than 1%
Neutral and Surprised 0%
......................................................................

နံပါတ် ၇ - မျက်လုံးထဲမှ Cipher များ။

သာမာန် မျက်လုံးများ ဖြင့် မမြင်တွေ့နိုင်သော်လည်း အဆပေါင်းများစွာချဲ့၍ ကြည့်ရှုပါက မိုနာလီဇာ ၏ မျက်လုံးထဲတွင် လျို့ဝှက်နံပါတ် (သို့) စာလုံးများကို တွေ့မြင်ရမည် ဖြစ်သည်။

သူမ၏ ညာဘက်မျက်လုံးထဲတွင် 'LV' ဟူသောစကားဝှက် နှင့် ဘယ်ဘက်တွင်မူ 'CE သို့ B' ဟူသော အမှတ်အသားကို တွေ့မြင်ရမည်ဖြစ်သည်။

ပန်ချီကားနောက်ခံ ဖြစ်သော တံတားလေး ၏ အကွေးနားတွင်လည်း '72' ဟူသော စာလုံးများကို အံ့ဖွယ်တွေ့ရမည်ဖြစ်ပါသည်။

ထိုအက္ခရာ စာလုံးများသည် မည်သည်ကို ရည်ညွှန်းမှန်း လက်ရှိအချိန်ထိ မဖော်ထုတ်နိုင် သေးသော်လည်း ထိုစာလုံးများကို ဒါဗင်ချီ မှ နှစ်ပေါင်း ၅၀၀ ကျော်ခန့် ကွယ်ဝှက် ပြထားသည်
မှာ အံ့ဖွယ်ကောင်းလှပေသည်။
......................................................................

နံပါတ် ၈ - ပန်ချီကားချပ်ထဲမှ ပုန်းကွယ်နေသော သတ္တဝါများ။

မိုနာလီဇာ ပန်ချီကားသည် အမှန်တစ်ကယ် ပန်ချီကားချပ်ထဲမှ ပန်ချီကားဖြစ်ပါသည်။

ပန်ချီကားချပ်ကို ဘေးဘယ်ညာ အထက်အောက် လှန်ကြည့်ပါက ခြင်္သေ့, လူဝံ, ကျွဲ ခေါင်း နှင့် မြည်းပုတို့အား တွေ့ရမည်ဖြစ်သည်။

ထိုသတ္တဝါ လေးမျိုးစလုံးကွယ်ဝှက်ရေးဆွဲထားပုံကို ဒါဗင်ချီ၏ 'The Last Supper' တွင် လည်းတွေ့ ရသောကြောင့် လေ့လာသူများအတွက် တွေးတောစရာများစွာ ပေါ်ပေါက်လာစေပါသည်။ ထို့အပြင် မိုနာလီဇာ ပန်ချီကားကို ဘယ်ဘက် ခပ်စောင်းစောင်း အနေအထားမှ ကြည့်ပါက သူမရင်ဘတ်နားတွင် မိချောင်းပါးစပ်ပုံကိုလည်း တွေ့ရမည်ဖြစ်ပါသည်။

အထူးခြားဆုံးအနေဖြင့် ထိုအနေအထားတွင် သူမ၏မျက်နှာကို ကြည့်လိုက်ပါက အဖြေကို ရှာဖွေ ဖော်ထုတ်နိုင်ရန် အလွန်နီးကပ် နေသည့်အတွက် အားပေးသည့်အလား အစွမ်းကုန် ပြုံးပြနေသော မိုနာလီဇာအား တွေ့မြင်ရမည် ဖြစ်ပါကြောင်း.......။

အချုပ်အားဖြင့် Louvre Museum ထဲက Mona Lisa နှင့် The Last Supper ပန်ချီကားကြား မှာ ဘယ်လို ဆက်စပ်မှုတွေ ရှိနေတာလဲ.....

သူမ မျက်လုံးထဲက နံပါတ်တွေ စာလုံးတွေဟာ ဘယ်လို အဓိပ္ပာယ်ဆောင်နေ သလဲ....

ပန်ချီကားထဲက ပန်းချီတွေဖြစ်တဲ့ နောက်ခံရှုမျော်ခင်း တည်နေရာတွေနဲ့ သတ္တဝါတွေကကော ဘယ်လို အကြောင်းကြောင့် ထည့်သွင်းရေးဆွဲခဲ့တာလဲ.......

ဆိုတာတွေကတော့ နောက်နှစ် ရာပေါင်းများစွာအထိ ပဟေဌိတစ်ခုအဖြစ် ကျန်ရှိနေဦးမှာ ဖြစ်ပြီး Leonardo di ser Piero da Vinci မှလွဲ၍ နောင်လာနောက်သားများအတွက် မဖြေရှင်းနိုင်သော
Da Vinci Code တစ်ခုအနေနဲ့ ဆက်လက်ကျန်ရှိနေဦးမှာ ဖြစ်ပါကြောင်း.......

ခရက်ဒစ် Dr Aung

H2
H3
H4
3 columns
2 columns
1 column
2 Comments
Ecency