နူးညံ့ရီဝေစေတတ်သော ကျိန်စာ ၅
သူမ နှလုံးခုန်သံတွေပါ ရပ်တန့်သွားသလို မြင်ကွင်းက လူကိုမတ်တောင့်သွားစေခဲ့ပါတယ်..
" မဖြစ်နိုင်ဘူး "
လို့ တီးတိုးရေရွတ်လိုက်ပေမဲ့ ဒါတွေဟာ တကယ်ပဲဆိုတာ ကိုယ်တိုင်သိနေခဲ့ရပြီလေ။ ထက်မြက်ရဲ့ နာကျည်းသရော်ဟန် အပြုံးတွေက သူမကို ပါးပါးလေး ရိသတ်နေသလိုပါပဲ။
"ဒါအမှန်တရားပဲ မေ။ ခန့်မင်းက တကယ်ပဲ အသက်မဲ့သွားခဲ့တာ ..သူတကယ်ပဲ သေဆုံးသွားခဲ့တာ..။ ဘာကြောင့်လဲသိလား။ ခင်များပေးလိုက်တဲ့ နောက်ဆုံးစာစောင်က သူ့ကို သတ်လိုက်တာ။ ခင်များမှာတော့ အပြစ်မရှိပါဘူးလေ..တကယ်က အဲ့ဒီစာကပဲ အပြစ်ရှိတာပါ ဟင်း..ဟင်း...."
သူမ စကားတစ်ခွန်းကို မဆိုနိုင်လောက်အောင် ကျွန်တော် ချောင်ပိတ်ရိုက်တဲ့ စကားလုံးတွေနဲ့ ပစ်ပေါက်နေမိတယ်။သူမရဲ့ အမြဲတစေ ထီမထင်ဟန်အပြုံးတွေ ပျောက်ဆုံးနေခဲ့တာ တကယ့်သံယောဇဉ်ကြောင့်ပဲလားဆိုတာတော့ ကျွန်တော်မသိဘူး ..
သူမရဲ့ မေ့မှာ အချစ်တွေက ပြောပြီးသား ခန့်ရဲ့..အချစ်တစ်ခုသေရုံနဲ့ အချစ်တစ်ခု ဖြစ်နေဖို့ မေ့နှလုံးသားက ခံစားတတ်လွယ်တယ်လေ..
ဆိုတဲ့ စာနဲ့ ခန့်မင်းတစ်ယောက်ရဲ့ မာဟန်ဆောင်ထားခဲ့တဲ့ စိတ်တွေ လုံးလုံးလျားလျား ပျော်ကျဖို့ လုံလောက်ခဲ့တယ်ထင်ပါရဲ့..။
ကျွန်တော်တို့အမြင်တွေမှာ ခန့်မင်းဟာ သိပ်တော်တယ် သိပ်ခိုင်မာတယ်ထင်ခဲ့ရပေမဲ့ မေဆိုတဲ့ မိန်းကလေးအပေါ်ထားတဲ့ သူ့အခဖစ်တွေဟာ ခန့်မင်းကို ဝါးမျိုလောင်မြှိုက်နေခဲ့မှန်း ကျွန်တော်တို့ မသိခဲ့သလို သူကိုယ်တိုင်လည်း သိခဲ့မယ် မထင်ဘူးလေ..။
မေပို့လိုက်တဲ့ စာတိုင်းနီးပါး ကျွန်တော် ဖတ်ခွင့်ရပေမဲ့ အဲ့ဒီ နောက်ဆုံးစာကတော့ ခန့်မင်းရဲ့နောက်ဆုံး စကားနဲ့အတူ ဖတ်ခွင့်ရခဲ့တာပါ။
တိုက်ပွဲကနေ ဒဏ်ရာအပြင်းအထန်နဲ့ ပြန်လာခဲ့တဲ့ ခန့်မင်းရဲ့အခြေအနေကို ကျွန်တော်သိသလို သူကိုယ်တိုင်လည်း သိနေခဲ့တယ် ထင်ပါရဲ့..
" ဝေလျှံ မေ့ကို အပြစ်မတင်ပါနဲ့ကွာ.သူ့ကို စောင့်ရှောက်ပေးနိုင်ဖို့ ကြိုးစားပေးပါ " ဆိုတဲ့စကားနဲ့ သူမပို့လိုက်တဲ့ စာကို ကျွန်တော် ဖတ်ခွင့်ရခဲ့တာပါ..။
သူမရဲ့ ခန့်မင်းကို လှောင်ပြောင်သရော်ဟန်တွေ ရောစွက်နေတဲ့ စာထဲမှာ မေ့အတွက် သေရဲသလားဆိုတဲ့ အသူံးအနှုန်းတွေ မေ့ကို ပျော်အောင် ထားနိုင်သူတွေကြားမှာ နေရရင် မေပျော်နိုင်ပါတယ် ဆိုတဲ့ အသုံးအနှုန်းတွေကပဲ ခန့်မင်းနှလုံးသားကို နှုတ်ယူသွားခဲ့တာပဲ ထင်ပါတယ်..။
" မေ...မေ..က ခန့်ကို တကယ်သံယောဇဉ်ရှိခဲ့တာပါ..မေ ခန့်ကို ဒီလိုဖြစ်လောက်အောင် ဖြစ်သွားလိမ့်မယ်လို့ မထင်ခဲ့ဘူး .."
" ဒါပေမဲ့ တကယ်ကဖြစ်သွားခဲ့ပြီ မေသီရိ။ အားလုံးက နောက်ကျသွားခဲ့ကုန်ပြီ "
သူမ လျှို့ဝှက်သလို အပြုံးတစ်ခုကို ဖန်တီးလိုက်တယ် ပြီးတော့
" နောက်မကျသေးပါဘူး.."
ကျွန်တော် သူမ အပြောကို နားမလည်သလို ကြည့်လိုက်မိတယ်။
သူမ ခန့်မင်းရဲ့ အုတ်ဂူလေးကို စူးစူးစိုက်စိုက်ကြည့်နေပြီးမှ ချက်ချင်း လှည့်ထွက်သွားတာမို့ ကျွန်တော် ကဗျာကယာ လိုက်သွားလိုက်မိတယ်..။
သူမစီးလာတဲ့ကားပေါ် တက်သွားပြီး မောင်းထွက်သွားတာမို့ ကျွန်တော်လည်း ကျွန်တော် စီးလာတဲ့ ဆိုင်ကယ်ကို ကဗျာကယာစီးပြီး လိုက်သွားလိုက်မိတယ်။
ထင်မှတ်မထားခြင်းတွေကို အမြဲတစေ ဖန်တီးတတ်တဲ့ မေဆိုတဲ့ ဖြူဖျော့ဖျော့ မိန်းကလေးရဲ့ စိတ်တွေဟာ အဲ့ဒီလောက် မာထန်နေခဲ့လိမ့်မယ်လို့ ထင်စရာကို မကောင်းခဲ့ပါဘူး..
သူမ ကားကို တရှိန်ထိုး မောင်းသွားခဲ့ပြီး တစ်နေရာမှာတော့ ကားကို ရပ်တန့်ပစ်လိုက်တယ်..
ကျွန်တော့်မျက်လုံးတွေပြာဝေသွားခဲ့တယ် သူမကားကို လမ်းမမှာ ကန့်လန့်ဖြတ် ရပ်ပြီး ပြေးထွက်သွားခဲတဲ့နေရာဟာ ကားလမ်းရဲ့ဘေး ချောက်ခမ်းတစ်ခုရဲ့နေရာ မတ်စောက်လွန်းတဲ့ ဆင်ခြေလျောရဲ့ထိပ်မှာနေရာကိုပါ..
ကျွန်တော် တစ်ခုခုကို သိလိုက်ပြီး သူမရဲ့ကားရပ်လိုက်တဲ့နေရာမှာ ဆိုင်ကယ်ကို ထိုးရပ်ပြီး သူမဆီကို ပြေးလိုက်သွားခဲ့ပေမယ့်...
ကျွန်တော့် ခေါ်သံကပဲ ပတ်ဝန်းကျင်ကို ပဲ့တင်ထပ်သွားခဲ့ပါတော့တယ်...
" မေ......."
..............................
ကျွန်တော် သူမကို ညနေ မှောင်ရီပျိုးစအချိန်လောက်မှပဲ ရှာတွေ့ခဲ့ပါတယ်။
သွေးအလိမ်းလိမ်းနဲ့ သူမရဲ့ စကားသံတွေဟာ တိုးလျဖျော့တော့နေခဲ့တယ်..
" မေ...မေသီရိ...ဟေ့..."
" မေ့ကို ခွင့်လွတ်ပါနော်..မေ ခန့်ကို တောင်းပန်ဖို့ ခန့်နောက်လိုက်လာနေပြီနော်...
ထက်မြက် မေ့အတွက် နောက်မကျဘူးနော်.."
မျက်နှာတစ်ခုလုံး သွေးတွေနဲ့ သူမနှုတ်ဖျားကနေ ကစားသံတွေက သဲကွဲတာတွေရော မသဲကွဲတာတွေရော...
ကျွန်တော် တစ်ချက်ခါလှုပ်လိုက်တိုင်း သူမရဲ့ ပါးစပ်တွေ နှာခေါင်းတွေကနေ သွေးတွေ ယိုစီးကျနေခဲ့တယ်..
ကျွန်တော် သူမကို ပွေ့ချီပြီး လာလမ်းအတိုင်း ခေါ်ဆောင်လာနေခဲ့တုန်းမှာပဲ ကျွန်တော့်အင်္ကျီကို ဆုပ်ကိုင်ထားတဲ့ သူမရဲ့ လက်တွေက ပြုတ်ကျ သွားခဲ့ပါတယ်။
ကျွန်တော့ရင်တွေ ဟာခနဲ့ ဖြစ်သွားပြီး သူမကို တုန်တုန်ယင်ယင် ခေါ်လိုက်မိတယ်။
" မေ...."
Writter.. @yekungsatthone
Msc 213
Photo credit google