အဖေ့ရဲ့ ဓာတ်ပုံကိုပြပြီး
ဒါဘယ်သူလဲလို့ မေးခဲ့ရင်တောင်
ဒီပုံက ကျနော့်အဖေပုံလေဆိုပြီးပြောနိုင်လောက်တဲ့အထိ
အဖေ့ရဲ့မျက်နှာကို ကျနော်မမှတ်မိခဲ့ဘူး
ငုတ်တုပ်ထိုင်တတ်ခါစ လူမမယ်အရွယ်လေးမှာပဲ
အဖေက ဆုံးပါးသွားခဲ့တော့
အဖေ့ရဲ့မေတ္တာတွေကို ကျနော်ငတ်ခဲ့ရသလို
အဖေ့ရဲ့မျက်နှာ အဖေ့ရဲ့အသံတွေကို
ကျနော် သေသေချာချာမမှတ်မိပါဘူး
ဒါပေမဲ့ ကျနော် အဖေ့ကိုလွမ်းတယ်။
ငါ့မြေးက သူ့အဖေနဲ့အရမ်းတူတာပဲ
ဆေးဆိုမကြောက်တတ်ဘူးဆိုတဲ့
အဖွားရဲ့ စကားသံတွေကြောင့်
ငါက ငါ့အဖေနဲ့တူတဲ့သားပဲဆိုတဲ့စိတ်နဲ့
အဖေ့လိုမျိုးသတ္တိရှိတယ်ကွဆိုပြီး
ဖျားတဲ့အခါ ဆေးသောက်ရတိုင်း
ဆေးလုံးတွေကို ဝါးစားပြီးမှ ရေသောက်ဖြစ်တယ်
အခုချိန်ထိပါပဲ
ဆေးသောက်ရတဲ့အခါတိုင်း
ကျနော် အဖေ့ကိုလွမ်းတယ်။
ဖခင်မေတ္တာအပြည့်အဝရတဲ့ ကလေးတွေကိုမြင်တိုင်း
ကျနော် အဖေ့ကိုလွမ်းတယ်
အဖေ့ရဲ့ ညီအကိုတွေကို တွေ့မြင်ရတိုင်း
ကျနော် အဖေ့ကိုလွမ်းတယ်
ရှိတဲ့ညီအကို(၃)ယောက် မကြာခဏဆုံမိတိုင်း
ကျနော် အဖေ့ကိုလွမ်းတယ်
လူမှန်းသိတတ်ခါစက စပြီးတော့
မင်္ဂလာခန်းမထဲကို မိဘမပါဘဲဝင်ခဲ့ရတဲ့အချိန်ရော
အခု ဒီစာကိုရေးနေတဲ့အချိန်မှာရော
အဖေ့ကို ကျနော် တကယ်လွမ်းနေရတာပါ။