ထိုစဉ် ပြည့်စုံက " ဟေ့ကောင်တွေ .. ရှေ့ဆက်မသွားတော့နဲ့ ..အဲ့နေရာမှာ
ချိုင့်အကြီးကြီးရှိတယ် .. အရင်က ကမ်းက အဲ့ချိုင့်ကြီးအောက်ဘက်နားမှာ .. ခုက ရေတိုးလို့ ဒီအထိတက်လာတာ ..
ရှေ့ဆက်မတိုးနဲ့တော့ .. "
ငကောင်းနှင့် ငြိမ်းသူတို့ ပြည့်စုံစကားကြောင့်
နောက်သို့ တွန့်သွားကြလေသည်။
ကျွန်တော် ပြည့်စုံစကားကို ဂရုမစိုက်ပါ ..
ဒီကောင်က နေရာတကာ ဆရာကြီးလုပ်ရမှ ကျေနပ်သူ။ သူပြောသည့်အတိုင်း ရှေ့ဆက်မသွားပါက အလိုလိုနေရင်း
သူစကားနားထောင်သူများ ဖြစ်သွားပေ
လိမ့်မည်။ ကျွန်တော် ထို့သို့ ဘယ်တော့မှ
အဖြစ်မခံနိုင်ပါ။ အရင်ကတည်းက ပြည့်စုံအပေါ် အမြင်မကြည်သော ဓာတ်ခံကလည်းရှိထားသည်။ ယခု လူသိလူတတ်ကြီးပုံစံနှင့် ဆရာလုပ်တာကိုလည်း နည်းနည်းမှ
မကျေနပ်နိုင်။ ကျွန်တော် ရှေ့ဆက်တိုးလိုက်သည်။ တစ်လှမ်း .. နှစ်လမ်း .. သုံးလှမ်း .. ဘာချိုင့် ဘာကျင်းမှ ရှိမနေပါ ။ ကျွန်တော် ပြည့်စုံကို လှောင်ပြုံး ပြုံး ပြလိုက်ရင်း နောက်တစ်လှမ်းထပ်တိုးလိုက်သည်။
ဟာ ....
ကျွန်တော်ခြေထောက်အောက်တွင် အောက်ခံမြေသားရှိမနေပါ ။ လုံးဝ နေရာအလွတ်ကြီးထဲကို ခြေ ထောက်လိုက်သလိုခံစားရပြီး ရင်ထဲ ဟာ ခနဲ ဖြစ်သွား၏။ ရင်ထဲ လှိုက်ခနဲ ခံစားမှုနဲ့အတူ လူက ရေအောက်ပါသွားသည်။
ရေအောက်ရောက်သွားသော်လည်း အောက်ခံမြေသားနှင့် ခြေထောက်မထိသေးချေ ။ အပေါ်ပြန်တက်ရန် ကျွန်တော် ခြေထောက်များကိုလှုပ်ပြီး လက်များကို ပြာယာခတ်စွာ
ယမ်းလျှက် ကူးခတ်ကြည့်မိသည်။ မရ .. ဘယ်လိုမှ အပေါ်ပြန်တက်လို့မရ ။ ထိုစဉ် အသက်အောင့်ထားသော နှာခေါင်းဆီမှ လေကို အငမ်းမရ ရှူချင်နေမိပြီ။ ရှူလို့မရသေးဘူး ဆိုတာ သိပေမယ့် လုံးဝ အောင့်နိုင်စွမ်းမရှိတော့ချေ ။ သွားပြီ .. ငါရေနစ်သေတော့မှာပါလားဆိုသော အတွေးတို့က ခြောက်လှန့်လျှက်။ အသက်အောင့်ထားတာကြာ၍ နှလုံးက ပုံမှန်ထက် နှစ်ဆခန့်အခုန်မြန်လာကာ နှလုံးခုန်သံ တဒုန်းဒုန်းအသံကို ပြန်ကြားနေရ
ပြီး ဦးခေါင်းတစ်ခုလုံး မူးမိုက်နေပြီ။ နားထင်နားဆီမှ တဒိုင်းဒိုင်းခုန်နေသော သွေးကြောတို့က ပေါက်ထွက်တော့မည့်အလား ခံစား
နေရသည်။ ကျွန်တော်ဘယ်လိုမှ ထိန်းချုပ်နိုင်စွမ်းမရှိတော့ပဲ ပါးစပ်ရော နှာခေါင်းဆီမှပါ အသက်ရှူ လိုက်မိသည်။ နှာခေါင်းနှင့် ပါးစပ်ထဲသို့ ရေတွေ အလုံးအရင်းဝင်ရောက်လာသည်။ မျက်လုံးတွေစပ်ဖျဉ်းကာ အမှောင်ထု တစ်ခုထဲသို့ တဖြည်းဖြည်း တဖြည်းဖြည်း ကျွန်တော်တိုးဝင်သွားနေသလို ခံစားနေမိသည်။
တစ်စုံတစ်ယောက် ကျွန်တော့်ကို ထမ်းပြေးနေသလိုခံစားရသည်။ ကျွန်တော် ဝမ်းဗိုက်ထဲမှ ရေများ အလုံးအရင်းနှင့် နှာခေါင်းဆီသို့ ပါးစပ်ဆီသို့ ...
နောက်ပြီး ကျွန်တော် ပါးစပ်ဆီမှ လေများ ဝင်လာသည်။ ရင်ဘတ်ထဲ ဝင်လာသောလေတို့ကြောင့် တင်းခနဲဖြစ်သွားသည် ..တစ်ခါ နှစ်ခါ သုံးခါ .. ကျွန်တော့် ရင်ဘတ်ကို တစ်ခုခုဖိထား၏ ။
ဖိလိုက် .. ကြွလိုက် .. ဖိလိုက်... ကြွလိုက် ...
ကျွန်တော့်ရှေ့မှာရှိတဲ့ အမှောင်ထုသည် တဖြည်းဖြည်းပါးလားက မှုံ ပြပြ အလင်းရောင်လေး တွေ့လိုက်သည်။ သေသေချာချာ အားယူပြီး ကြည့်လိုက်မိသည်။ အလင်းရောင် မှုံဝါးဝါးလေးမှ တဖြည်းဖြည်း လင်းလာပေပြီ ....
ထိုစဉ် .. အသံတစ်သံ ကြားလိုက်ရသည် ..
" သတိရလာပြီ .. ဟေ့ရောင်တွေ ဒီကောင်သတိရလာပြီဟ .." ဒီအသံကို ကျွန်တော်
ကောင်းကောင်းမှတ်မိတာပေါ့ ..
ပြည့်စုံအသံမှန်း ကောင်းကောင်းသိနေပြီမို့ ဖြည်းဖြည်းခြင်း မျက်လုံးဖွင့်ကြည့်မိ၏။ မှုံဝါးဝါး
မြင်ကွင်းမှ ပီပီပြင်ပြင် မြင်လာရပေပြီ ။
ငကောင်း ... ငြိမ်းသူ ... ကျွန်နော်ကို ငုံ့ကြည့်နေကြသည်။ နောက်ပြီး ... ပြည့်စုံ ...
မြင်လိုက်ရသော မြင်ကွင်းက ကျွန်တော့်ကို အံ့အားသင့်ကာ မှင်သက်သွားစေသည်။
ပြည့်စုံ မျက်လုံးမှာ မျက်ရည်စတွေနဲ့လေ ...
နောက်ပြီး ... နောက်ပြီး ..
" သတိ ပြန်ရလာတာ တော်သေးတာပေါ့ကွာ .. ဒီလိုတွေတွေဖြစ်မှာစိုးလို့ ငါအတန်တန်တားနေတာ .. ရှေ့ဆက်မတိုးပါနဲ့ ရှေ့ဆက်မတိုးပါနဲ့ ဆိုပြီး .. မင်းငါ့စကား နားမထောင်ဘူးကွာ .. ငါက မင်းတို့ကို ဆရာလုပ်တာမဟုတ်ဘူးဟ .. စိုးရိမ်တာ ..စိုးရိမ်တာ
မင်းတို့ကောင်တွေ ငါ့ကို အမြင်ကတ်နေမှာမှန်းလည်း ငါသိတယ် .. ငါ့ကိုမခေါ်ရင် အိမ်နဲ့တိုင်မယ်ဆိုလို့ မင်းတို့ငါ့ကို စိတ်ဆိုးနေမယ်မှန်းလည်းသိတယ် .. ဒါပေမယ့် မတတ်နိုင်ဘူးကွာ ..ရေမကူးတတ်တဲ့ ငါ့သူငယ်ချင်းတွေကို ငါမပါဘဲတော့ ဘယ်လိုမှ မြစ်ဆိပ်ဖက်
အသွားမခံနိုင်ဘူးကွာ .... "
ကျွန်တော် အခြေအနေကို သဘောပေါက်သွားသည် .. ဘာစကားမှ မပြောနိုင်အောင်လည်း စွံ့အ သွားခဲ့သည်။ ကျွန်တော်အမြင်ကတ်နေသော ၊ ကျွန်တော်စိတ်ဆိုးခဲ့သော ပြည့်စုံက သူငယ်ချင်းကောင်းပီသစွာ ကျွန်တော့ကို ကယ်ခဲ့ခြင်းပါ ။
ကျွန်တော်ကသာ ...
ကျွန်တော့် ဘက်ကသာ ... သူ့အပေါ် ....
ကျွန်တော် ဘာစကားမှ မဆိုနိုင်ဘဲ ပြည့်စုံကို
တင်းကြပ်စွာဖတ်ထားလိုက်မိပါတော့သည် ..
နှစ်ယောက်စလုံး
မျက်ရည်စတွေကိုယ်စီ နဲ့ပေါ့ ...
ဝမ်းသာလို့ ကျတာလား ၊ ဝမ်းနည်းလို့လား
ကျွန်တော်မသိတော့ပါ ...
သိဖို့လည်း ဘယ်တော့မှမကြိုးစားတော့ပါ ....
(ပြီးပါပြီ)
Written by @myanmarpyithar
MSC 103