"ဟာကွာ... မင်းတို့ကလည်း မင်းလက်ပံရွာအထိ ခြေကျင် လမ်းလျှောက်သွားရရင် မိုးချုပ်သွားလိမ့်မယ်ကွ"
ဘန်ကောက်သို့ ပြန်တက်ရန် ခရီးသွားဖော် သူငယ်ချင်းများအား ကျနော်ပြောခြင်း ဖြစ်လေသည်၊
"အဲ့ဒါဆို ဘာလိုသွားဖို့အတွက် အစီစဉ်ရှိသလဲ ကိုလင်း"
"အေးး ခဏနေပါဦး ငါ.. စဉ်းစားလိုက်ပါအုံးမယ်ကွာ.... ဟာ ဟုတ်ပြီ အကြံရပြီ၊ ဒီလိုလုပ် အရင်က ငါဆိုက်ကားနင်းတုန်းက ဂိတ်မှာ ငါ့အသိမိတ်ဆွေရှိတယ်ကွ၊ သူက မင်းလက်ပံရွာမှာနေတာဆိုတော့ သူ့ကို အကူအညီတောင်းကြည့်မယ်"
"ဘယ်လို အကူအညီ တောင်းမှာတုန်း ကိုလင်းရ"
"ဒီလိုလေကွာ... သူ့ကို ဂိတ်မှာ သွားခေါ်ပြီးတော့ အကျိုးကြောင်း ပြောပြပြီးတော့ မင်းလက်ပံရွာအထိ လိုက်ပို့ခိုင်းမယ်ကွာ... သူက မင်းလက်ပံရွာကဆိုတော့ လမ်းမှာ စစ်လားမေးလားလုပ်ရင် သူပါတော့ အဆင်ပြေတာပေါ့.... ဒါပေမယ့် သူ့ကို နေ့တွက်ခ ကောင်းကောင်းပေးပြီး ခေါ်မှရမှာကွ၊ သူ့မှာ မိန်းမနဲ့ ကလေး၃ယောက်တောင်ဆိုတော့ ဆိုက်ကားမနင်းရပဲ ငါတို့ခေါ်တာ ပိုက်ဆံမရပဲနဲ့တော့ လိုက်မှာ မဟုတ်ဘူး"
တစ်ကယ်တန်းတော့ ထိုအသိမိတ်ဆွေမှာ သဘောကောင်းလှပါသည်၊ ငွေပေးမှ လိုက်ပို့မည်ဖြစ်ကြောင်းကိုတော့ တစ်ဖက်လှည့်နဲ့ ကျနော်ပြောခြင်းဖြစ်လေသည်၊ အမှန်က ထိုအသိမိတ်ဆွေတွင် မိန်းမနဲ့ ကလေး၃ယောက်တောင် ရှိပါသည်၊
"အင်း အဲ့အစီအစဉ် မဆိုးဘူး၊ နေ့တွက်ခတော့ ပေးရမှာပေါ့... ငါတို့စုပြီးတော့ သူ့ကိုနေတွက်ခပေးကြမယ်၊ ဒါဆို ဖုန်းဆက်ခေါ်လိုက်လေ ကိုလင်း"
"အေးးဟ ဖုန်းဆက်ခေါ်ဆိုလို့ သူ့ဖုန်နံပါတ်တောင် ငါ့မှာ မရှိတော့ဘူးကွ၊ ဒါပေမယ့် ကိစ္စမရှိဘူး သူ့ကို ဂိတ်မှာ ငါသွားခေါ်လိုက်မယ် မင်းတို့ ဒီမှာပဲ ခဏစောင့်ကြကွာ"
ဒီလိုနဲ့ လမ်းမှာ အစစ်အဆေး အရမ်းများတဲ့ မင်းလက်ပံရွာသို့ သွားရန်အတွက် အရင်က ကျနော်နဲ့ ဆိုက်ကားအတူနင်းတဲ့ အသိမိတ်ဆွေအား သွားခေါ်ရလေတော့သည်၊ ဂိတ်သို့ ရောက်သည်နှင့်..
"ဟာ.. ကိုလင်း ပျောက်ချက်သား ကောင်းနေတာ... မလားစဖူး အလာထူးလို့ပါလားကွ"
"အေးး ဟုတ်တယ် ငတိုးရေ... ငါ မင်းဆီကို တမင်လာခဲ့တာပဲကွ"
"ကဲ ဆိုစမ်းပါအုံးပါကွ လာရင်းကိစ္စ"
"အေးး ဒီလိုကွ.. ငါနဲ့ ငါ့အသိမိတ်ဆွေတွေနဲ့ စုစုပေါင်း ငါးယောက်ပေါ့ကွာ... အဲ့ဒါ ဘန်ကောက်ပြန်တက်ကြမလို့ မင်းလက်ပံရွာကို သွားမလို့ဟာ... ငတိုး မင်းက မင်းလက်ပံရွာကဆိုတော့ မင်းကိုလိုက်ပို့ခိုင်းဖို့အတွက် အကူညီလာတောင်းတာ"
"သြော်.. ကိုလင်း မင်းတောင် ဘန်ကောက်ပြန်တက်မှာပါလား.."
"အေးး ဟုတ်တယ် ပြန်တက်တော့မယ် ငတိုးရေ.."
"အေးပါကွာ... တစ်ခြားလူတွေမှ မဟုတ်တာ.. လူရင်းတွေဆိုတော့ ကူညီပေးရမှာပေါ့ကွာ.."
"ကဲ ဆိုက်ကားပေါ်တက် သွားကြမယ်"
"ဟာ.. ဆိုက်ကားနဲ့ မသွားဘူးလေကွာ ငတိုးရ"
"အေးပါ... ငါသိပါတယ် ကိုလင်းရ... အခု ကိုလင်း မိတ်ဆွေတွေရှိတဲ့ နေရာကို သွားကြမယ်လေ"
"သြော်..အေးး ဒါနဲ့ နေပါအုံး မင်းကဆိုက်ကားယူလာတော့.. ငါတို့ လိုက်ပို့တဲ့အချိန် ဆိုက်ကား ဘယ်နားသွားထားမလဲ"
"ကြုံတဲ့နေရာ သော့ခက်ပြီး ထားခဲ့မှာပေါ့ ကိုလင်းရ"
"အေးး ဒါဆိုလည်း ပြီးရောကွာ....ကဲ လစ်ကြမယ်"
ဒီလိုနဲ့ ကျနော့်မိတ်ဆွေ ငတိုးအားခေါ်ပြီးတော့ ဘန်ကောက်သို့အတူတူပြန်တက်ကြမယ့် ခရီးသွားဖော်တွေဆီကို ကျနော်ပြန်ရောက်လာခဲ့လေသည်၊
"ကဲ ငါ့ကောင်တွေ အဆင်ပြေပြီ၊ ဒီမှာ ငါ့မိတ်ဆွေ သူ့နာမည်က ငတိုးတဲ့ နာမည်အရင်းက တိုးတက်အောင်လို့ခေါ်တယ်၊ ငါက ချစ်စနိုးနဲ့ သူ့ကို ငတိုးလို့ပဲ ခေါ်တယ်"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ် ကိုတိုးတက်အောင်"
"ဟုတ်ကဲ့ တွေ့ရတာ ဝမ်းသာပါတယ်ခင်ဗျာ"
ကျနော့်မိတ်ဆွေ ငတိုးနဲ့ ခရီးသွားဖော် အသိမိတ်ဆွေများ တွေ့ဆုံမိတ်ဆက်ကြလေတော့သည်၊
"ကဲ... ဒါဆို ငါတို့ အချိန်ရှိတုန်း မင်းလက်ပံရွာကိုသွားမယ့် လိုင်းကားနဲ့ လစ်ကြမယ်၊ သြော်.. ဒါနဲ့ ငတိုး တစ်မျိုးတော့ မထင်နဲ့ကွာ ကူညီတာတော့ ကူညီတာပေါ့ မင်းမှာက မိန်းမနဲ့ကလေးခလောက်တွေနဲ့ဆိုတော့ ငါတို့ကို အခုလိုက်ပြီးကူညီတာ မင်းအတွက် အခေါက်ရေ မရတော့ဘူးပေါ့ ဒီမှာ မင်းအတွက် အသုံးစရိတ် ငွေနှစ်သောင်းယူထားလိုက် ငါပြန်ကူညီတဲ့လို့ပဲ သဘောထားကွာ နော်..."
"ဟာ.. ရပါတယ်ကွာ ငါမယူပါဘူး မင်းကို ငါကခင်လို့ လိုက်ကူညီတာပဲဟာ"
"ယူမှာဖြစ်တာ ယူထားလိုက်စမ်းပါကွာ... ဒီငွေတွေက ငါတို့ ဟိုဘက်ကမ်ရောက်ရင် ဘာမှ သုံးစားလို့မရတော့ဘူး ငတိုးရ"
"ကျေးဇူးတင်လိုက်တာ ကိုလင်းရာ... အခုတစ်လော ငါလည်း ဘိုင်ပျက်နေတာနဲ့ အတော်ပဲ ဖြစ်သွားတယ်"
ဟိုတုန်းက ငွေနှစ်သောင်းဆိုသည်မှာ ကျနော်တို့လို့ အခြေခံလူတန်းစားတွေအတွက် နည်းတဲ့ပိုက်ဆံမဟုတ်ပါ.. တစ်ရက် အလုပ်ထွက်လုပ်မှ တစ်နေ့ဝင်ငွေ တစ်ထောင့်ငါးရာသာရရှိသည်၊ ကျနော်တို့ပေးလိုက်တဲ့ ပိုက်ဆံကို ရရှိတဲ့ ငတိုးမှာ အပျော်ကြီး ပျော်သွားတာကို ကြည့်ပြီးတော့ ဘာရယ်ကြောင့်မှန်းတော့မသိ ကျနော်လည်း ပီတိဖြစ်မိလေတော့သည်၊
ဆက်လက်ရေးသားသွားပါအုံးမည်
Myanmar Steemit မှ Admin များနဲ့တစ်ကွ အဖွဲ့သားများ အားလုံးကို ကျေးဇူးတင်ပါသည်။
MSC-160
Author @kolinn