This content was deleted by the author. You can see it from Blockchain History logs.

အဖေရဲ့ ဆုံးမစကား •••••••••••••

အပိုင်း(၁)

အော်.........ကလေးဘဝရဲ့ အငွေ့အသက်တွေပျောက်ကွယ်ကာနီး လမ်းတစ်ဆစ်ကွေ့ရောက်လို့်..လူတွေတွေပြောပြောနေကြတဲ့ ဘဝဆိုတာကိုရင်ဆိုင်ရတော့မှာပါလား............

ကျွန်တော်တစ်ယောက် ကျောင်းပြီးလို့ ရန်ကုန်မှာ သင်တန်းတက်လိုက် site တွေဆင်းပြီး လေ့လာလိုက်နဲ့ အလုပ်တွေရှုပ်နေပါတယ်ပြီး။ တစ်ရက်ကျတော့ အပြင်မှာမိုးတွေ အရမ်းရွာနေလိုဆိုပြီး သင်တန်းမတက်ပဲ အခန်းထဲ စောင်လေးနဲ့ကွေးမယ် ဆိုပြီးအတွေးလေးနဲ့ပေါ့။

ဝရံတာကနေ အပြင်ဘက်ကိုတစ်ချက်လှမ်းကြည့်မိလိုက်တဲ့အခါ မိုးရိပ်တွေကလည်း အုံ့မှိုင်းနေတာဆိုတော့ စိတ်ထဲ အိမ်မှာကျန်နေခဲ့တဲ့ ဖေဖေနဲ့ မေမေကို လွမ်းသလိုလို ဆွေးသလိုလို ၊ အဝေးကချစ်သူပဲ လွမ်းနေသလိုလို ၊ ရွာကိုပဲ သတိရနေသလို ဖြစ်နေပါတယ်။

ဒီလိုနဲ့ ထွေရာလေးပါး လျှောက်တွေးရင်း ငယ်ငယ်တုန်းက အဖေပြောခဲ့တဲ့ စကားတွေကို နားထဲပြန်ကြားယောင်လာမိပါတယ် ။ ကျွန်တော်တို့မှာက ညီအကိုသုံးယောက်ရှိပါတယ်။ အကိုကြီး ကိုးတန်းအေင်ပြီးဆယ်တန်းရောက်တော့ မြောက်ဒဂုံက ဘော်ဒါတစ်မှာထားပါတယ်။ အကို ကျောင်းတက်ဖို့ သွားခါနီး အဖေနဲ့ အမေကို ကန်တော့တယ် ။ ကျွန်တော်လည်း မုန့်ဖိုးရအောင်ဆိုပြီးဝင်ပြီး ကန်တော့လိုက်တာပေါ့။ အဲ့ဒီအခါအဖေက အကို့ကို ဆုံးမစကားပြောခဲ့ပါတယ်။

" သားကြီးရေ မင်းက အဖေတို့လျှောက်တဲ့ လမ်းကို လျှောက်မှာလား?၊ဒါမှ မဟုတ်ရင် ငါ့သားက အဖေတို့နဲ့ ဆန့်ကျင်ဘက် လမ်းကို လျှောက်မှာလား " လို့ မေးပါတယ်။ ပြီးတော့ အဖေက ငါ့သားရေ အဖေတို့လျှောက်တဲ့ ဘဝလမ်းကကြမ်းတယ်။ အရင်တုန်းကဆိုရင် ရွာမှာ စက်ဘီးပြင် ၊ ပန်းပဲထု တယ်။ မိုးရာသီဆိုရင်လည်း လယ်ထဲဆင်းပြီး လယ်ထွန်ရတာတွေ စပါးစိုက် ၊ ရိတ်သိမ်းရတာတွေ ငါ့သားကြီးမြင်တဲ့ အတိုင်းပဲ။ အဖေတို့ ဘဝက ဘယ်လိုပဲဖြစ်ဖြစ် ငါ့သားအလှည့်ကျရင် အခုလိုတွေ မဖြစ်ရအောင် ပညာတွေသင်ပေးနေတာသား ။

အဲ့ဒီတော့ ငါ့သားစဉ်းစားပါ အဖေတို့ လျှောက်ခဲ့တဲ့လမ်းကို ဆက်လျှောက်မယ်ဆိုရင်တော့ သားရဲ့ဘဝခရီးလမ်းက ကြမ်းလိမ့်မယ်။ ဆန့်ကြင်ဖက်လမ်းကို လျှောက်မယ်ဆိုရင် သားဘဝ အဖေတို့လို ပင်ပန်းမှာ မဟုတ်ဘူး ၊ ကြမ်းတမ်းမှာမဟုတ်ဘူး။ အဲ့ဒါကြောင့် သားကို အဖေက ပညာတွေသင်းပေးနေတာ ။ အဖေ့မှာက သားကို သူများတွေလို စည်းစိမ်ဥစ္စာတွေ ရွှေငွေရတနာတွေ မပေးနိုင်ပါဘူး ။ ဒါပေမယ့် ပညာအမွေတော့ပေးနိုင်တယ်။

အခုဆိုရင် အဖေတို့လည်း အသက်ရွယ်ရခါနီးလာကြပြီ သားရဲ့နောက်မှာ ညီလေးနှစ်ယောက်လည်းရှိသေးတယ်။ အဖေကတော့ ငါ့သားတွေကို အင်ဂျင်နီယာကြီးတွေ ဖြစ်စေချင်တယ်ကွာ ။ အခါ အဖေတို့အိမ်တောင် တော်တော်ဟောင်းနေပြီ ဒါပေမယ့် အသစ်ဆောက်မယ့်အစား ငါ့သားတွေကိုပဲ စာတတ်အောင် သင်ပေးမယ် ။ အဖေ့မှာ ယူကလစ်ပင်တွေခြံထဲမှာ အများကြီးစိုက်ထားတယ်။ ငါ့သားကြီး အင်ဂျင်နီယာ ဖြစ်မှ အဖေအိမ်ဆောက်မယ် အခုဒီအတိုင်းကလည်း နေလို့်အဆင်ပြေသေးတယ်ဆိုပြီးတော့ ဆုံးမစကားပြောနေပါတယ် ။ အမေကတော့ ဘာမှတောင် မပြောနိုင်ပဲ မျက်ရည်တွေဝဲပါတယ်။ ငယ်ငယ်တည်းကနေ အခုချိန်ထိ တစ်ခါမှ မခွဲဖူးတာကြောင့် အမေအရမ်းဝမ်းနည်းနေတာ သိသာနေပါတယ်။

အကိုကြီးကလည်း တစ်ခါမှ မခွဲဖူးတော့ မျက်ရည်တွေဝဲနေပါတယ်။ ပြီးတော့ ဖေဖေ့ကို "ဟုတ်ကဲ့ပါ အဖေ သားကတိပေးပါတယ် ဖေဖေသားကိုဖြစ်စေချင်တဲ့ အင်ဂျင်နီယာကြီးဖြစ်အောင် သားကြိုးစားမှာ ၊ အဖေလျှောက်စေချင်တဲ့ လမ်းကိုရောက်အောင်လဲ သားကြိုးစားပါတယ်အဖေ ၊ ပြီးတော့ သားတို့် အိမ်ကိုလည်း ကျောင်းပြီးသွားရင် သားကိုယ်တိုင်ဆောက်မယ်ဆိုပြီးတော့ " ကတိပေးခဲ့ပါတယ်။

အဲ့ဒီနှစ်မှာပဲ ကျွန်တော်အကို ဆယ်တန်းကို သင်္ချာ၊ဘောဂဗေဒ နှစ်ဘာသာဂုဏ်ထူးနဲ့ နှစ်ချင်းပေါက်အောင်ခဲ့တယ်။ ပြီးတော့ အဖေဖြစ်စေချင်တဲ့အတိုင်း အင်ဂျင်နီယာကြီးဖြစ်အောင် နည်းပညာတက္ကသလိုလ်ကို လျှောက်ခဲ့တယ် ၊ တက်ခွင့်လည်းရခဲ့တယ်။ ဒါပေမယ့် စိတ်မကောင်းစရာတစ်ခုက အဖေ့အိမ်ကိုဆောက်ပေးနိုင်တဲ့ Civil အင်ဂျင်နီယာတစ်ယောက် တော့ မဖြစ်ခဲ့ပါဘူး ။ Mechanical ပဲရခဲ့ပါတယ်။

အကိုကြီး ဒုတိယနှစ်တက်နေတဲ့နှစ်မှာ ကျွန်တော် ဆယ်တန်းရောက်လာပါတယ်။ ကျွန်တော့်ကိုလည်း အကိုကြီးတုန်းကလို အတိုင်း ဘော်ဒါကို ပို့ပါတယ်။အကိုတစ်ယောက်ကလည်း တက္ကသလိုလ်တက်နေတယ် ကျွန်တော့်ကိုလည်း ဘော်ဒါထား ရမှာဆိုတော့ ခါတိုင်းထက်ပိုပြီး ပိုက်ဆံလိုနေတာပေါ့။ အဲ့ဒီနှစ်ကဆိုရင် ပိုက်ဆံလိုလို့ အဖေအိမ်ဆောက် ဖို့ရည်ရွယ်ထားတဲ့ ယူကလစ်ပင်တန်းထဲက တစ်ဝက်ကို ရောင်းခဲ့ရပါတယ်။ ရောင်းတဲ့နေက အဖေ့ရဲ့မျက်နှာကိုမြင်လိုက်ရတာ ကျွန်တော် တော်တော့်ကိုစိတ်မကောင်းပါဘူး။ ဖေဖေ့ရဲ့ တန်ဖိုးထားတဲ့ အပင်တွေ ရောင်းလိုက်ရတာ အရမ်းကိုစိတ်မကောင်းဖြစ်နေမှာ အသေအချာပါပဲ...။

ကျွန်တော်ဆယ်တန်းတက် ဖို့သွားခါနီး အဖေ့ရဲ့ ဆုံးမးကားကို အပိုင်း (၂) မှာ ဆက်လက်ရေးသားဖော်ပြသွားမှာပါ...။

အဖေ့ရဲ့ဆုံးမစကားတစ်ခွန်းဟာ ကျွန်တော့်အတွက်တော့ ဘာနဲ့မှ အဖိုးမဖြတ်နိုင်ပါဘူး...။

1507653457-picsay.jpg

Steemit မှ သူငယ်ချင်းများအားလုံးကိုကျေးဇူးတင်ပါတယ်။

Author - Aung Ko Oo (Henryba)

12/ 10/ 2017