This content was deleted by the author. You can see it from Blockchain History logs.

အတက်တစ်ဆယ့်ကိုးမျိုး

အတတ်တစ်ဆယ့်ကိုးမျိုး

ထိုမင်း သင်အပ်သော ကျမ်းဂန်တို့ဟူသည် အဘယ်နည်း-
သုတိ-ဝေဒကျမ်း၁၊ သမိတိ-ကမ္ဘာ့ဥပဒေသကျမ်း၂၊ သင်္ချာ-သင်္ချာခေါ် အဘိဓမ္မာကျမ်း၃၊ ယောဂ-ယောဂခေါ် အဘိဓမ္မာကျမ်း၄၊ နီတိ-နီတိကျမ်း၅၊ ဝိသေသိက-ဝိသေသိကခေါ် အဘိဓမ္မာကျမ်း၆၊ ဂဏိတ-အတွက်အချက် -သင်္ချာကျမ်း၇၊ ဂန္ဓဗ္ဗ-အတီးအမှုတ် တူရိယာ-ပညာကျမ်း၈၊ တိကိစ္ဆ-ဆေးကုခြင်း အတတ်ကို ပြသော တိကိစ္ဆကျမ်း၉၊ ဓနုဗ္ဗေဒ-ဓနုဗ္ဗေဒကျမ်း၁၀၊ ပုရာဏ-ပုရာဏ်ကျမ်း၁၁၊ ဣတိဟာသ-ဣတိဟာသကျမ်း၁၂၊ ဇောတိသ-ဇောတိသခေါ် ဗေဒင်ကျမ်း၁၃၊ မာယာ-လှည့်စားခြင်း-အလိမ္မာသုံးခြင်းကို ပြသော မာယာကျမ်း၁၄၊ ဟေတု-တက္ကဗေဒခေါ် ဟေတု ဝိဇ္ဇာကျမ်း၁၅၊ မန္တန-မန္တာန်ကျမ်း၁၆၊ ယုဒ္ဓါ-ယုဒ္ဓကျမ်း၁၇၊ ဆန္ဒသာ-ဆန်းကျမ်း၁၈၊ ဗုဒ္ဓဝစန မြတ်စွာဘုရားပါဠိတော်နှင့်တကွ တစ်ဆယ့်ကိုးပါးသော ကျမ်းအတတ်တို့ကို သင်ယူအပ်ကုန်၏။ ပညာရှိတို့ စိတ်နှလုံးကို တုန်လှုပ်အောင် ပြောဆိုတတ်၏။ သူတစ်ပါးတို့က ညှဉ်းဆဲနိုင်ခဲ၏။ သူတစ်ပါးတို့က နှိမ်နင်းခြင်းငှါ ခက်ခဲ၏။ များစွာသော အယူကို တီထွင်သူတို့တွင် အထွတ်အမြတ်ဟု ဆိုထိုက်၏။ ဉာဏ်အစွမ်းအားဖြင့်လည်းကောင်း၊ ဉာဏ်လျင် လျားခြင်းအားဖြင့်လည်းကောင်း၊ ရဲရင့်ခြင်းအားဖြင့်လည်းကောင်း၊ ပညာအားဖြင့်လည်းကောင်း ဇမ္ဗူဒိပ်ကျွန်းလုံး၌ မိလိန္ဒမင်းနှင့် တူသောသူ တစ်ဦးတစ်ယောက်မျှ မဖြစ်ပေါ်။ ပစ္စည်းဥစ္စာ ကြွယ်ဝ၏။ များသော ဥစ္စာရှိ၏။ များသော စည်းစိမ်ရှိ၏။ များစွာသော စစ်သည်, ဗိုလ်ပါ, ဆင်ယာဉ်စသည် ရှိ၏။

၁။ ဣရု, ယဇု, သာမ-ဟူသော ဝေဒကျမ်းရင်း သုံးပုံနှင့် နောက်တိုးသော အထဗ္ဗဏကျမ်းပါ ဝေဒလေးပုံ။

၂။ ဗြဟ္မာကြီး၏ ဟောကြားချက်မှ လူသားဆရာတို့ မှတ်သားမိသမျှ ရေးသားထားသော မနုဓမ္မသတ် စသော ကျမ်းများနှင့် ကမ္ဘာသူ ကမ္ဘာသားတို့ စောင့်စည်းအပ်၊ ရှောင်ကြဉ်အပ်၊ လိုက်နာဆောင်ရွက်အပ်သော ဥပဒေသအားလုံး။ image

၃။ တတွခေါ် ပရမတ္ထသဘောတရား နှစ်ဆယ့်ငါးပါး၏ သရုပ်သဘောကို ရေတွက်စီစစ်သော ကျမ်းဖြစ်သည်။ ၎င်းသင်္ချာ အဘိဓမ္မာကို ကပိလရသေ့ တည်ထောင်သည်။ သင်္ချာအဘိဓမ္မာနှင့် စပ်လျဉ်းသော ရှေးအကျဆုံးစာအုပ်များသည် သင်္ချာပါဝစနသုတ္တနှင့် တတွပမာသတို့ ဖြစ်ကြ၏။ ၎င်းနှစ်အုပ်ကို ကပိလရသေ့ စီရင်သည်ဟု အဆိုရှိကြသော်လည်း ထင်ရှားသော အထောက်အထား မရှိချေ။ သမိုင်းမှတ်တမ်းအရ ကပိလရသေ့သည် စာအုပ်ရေးသားစီရင်မှု မပြုခဲ့ဘဲ ၎င်း၏ပညာကို အာသူရိအား သင်ကြားပေးခဲ့၍ အာသူရိက ပဉ္စသီခကို တစ်ဆင့် သင်ကြားပေးခဲ့သည်ဟု ဆိုပေသည်။ သို့ဖြင့် အထက်ပါ ကျမ်းနှစ်ကျမ်းသည် ပေါ်ပေါက်ခဲ့၏။ သင်္ချာအဘိဓမ္မာနှင့် စပ်လျဉ်း၍ စံယူလောက်သော စာအုပ်မှာ ဤဆွရကရိသျှန ရေးသော ''သင်္ချာကာရိကာ'' ပင် ဖြစ်လေသည်။

၄။ ပုဂ္ဂိုလ်အသီးသီး၏ ဇီဝအတ္တကို ဣဿရ၊ သို့မဟုတ် ပရမအတ္တနှင့် ပေါင်းဆုံနိုင်ရန် သမထကမ္မဋ္ဌာန်းများကို ဖော်ပြသောကျမ်း ဖြစ်သည်။ ယောဂအဘိဓမ္မာသည် သင်္ချာအဘိဓမ္မာကို အမှီပြုသည်။ ထိုယောဂအဘိဓမ္မာကို တည်ထောင်သူမှာ ပတဉ္ဇလီရသေ့ဖြစ်သည်။ ရှေးအကျဆုံးသော ယောဂအဘိဓမ္မာစာအုပ်သည် ပတဉ္ဇလီရသေ့၏ ''ယောဂသုတ္တ''ပင်ဖြစ်၏။ ဗျာသဆရာရေးသော ''ဘာသာ'' မည်သော ယောဂအဘိဓမ္မာအဖွင့်ကျမ်းနှင့် ဝိညာဏဘိက္ခု၏ အဘိဓမ္မာအဖွင့်ကျမ်းအပြင် ဝိညာဏဘိက္ခု၏ ''ယောဂ ဝုတ္တိကာ''နှင့် ''ယောဂသာရသင်္ဂဟ'' စသော ကျမ်းများလည်း ရှိကြသေးသည်။

၅။ နိုင်ငံအုပ်ချုပ်ရေးကို ညွှန်ပြသော ရာဇနီတိ, အမျိုးလေးပါးတို့၏ ယဉ်ကျေးမှုကို ညွှန်ပြသော လောကနီတိ, အကျင့်သိက္ခာ စောင့်စည်းမှုကို ညွှန်ပြသော ဓမ္မနီတိစသော ကျမ်းများ။

၆။ အမြဲတည်တံ့၍ အားလုံးသော အရာတို့ထက် ထူးခြားသော ပထဝီ, အာပေါ, တေဇော, ဝါယော, အာကာသ, ကာလ, ဒိသာ, အတ္တမနဟူသော ပရမတ္ထတရား ကိုးမျိုးကို ခွဲခြားသိခြင်းအားဖြင့် သစ္စဉာဏ်ကို ရအပ်သည်ဟု ဖော်ပြသောကျမ်း။ ဤဝိသေသိကအဘိဓမ္မာကို ကဏာဒဟူ၍လည်းကောင်း၊ ကဏဘုဇဟူ၍လည်းကောင်း၊ ကဏဘက္ခဟူ၍လည်းကောင်း ထင်ရှားသော ရသေ့ပညာရှိ တီထွင်အပ်သည်။ ၎င်း၏ အမည်ရင်းမှာ ကဿပဖြစ်သော်လည်း ဖော်ပြပါ ပရမတ္ထတရားတို့ကို အဏုမြူခေါ် အသေးငယ်ဆုံး အစိတ်အပိုင်းတိုင်အောင် ခွဲခြမ်းစိတ်ဖြာ၍ ဖော်ပြနိုင်သောကြောင့် အဏုမြူကိုစားသူဟု အဓိပ္ပါယ်ရှိသော ကဏာဒ, ကဏဘုဇ, ကဏဘက္ခ အမည်များဖြင့် ထင်ရှားနေရပေသည်။

၇။ ဂဏန်းဖြင့် တွက်ချက်သော ဂဏန်းသင်္ချာ, အက္ခရာဖြင့် တွက်ချက်သော အက္ခရသင်္ချာ, အရေးအကြောင်းဖြင့် တွက်ချက်သော ရေခသင်္ချာ (ဂဲဩမေထရီ)။ ဂဏိကဟု ပုဒ်နေရှိတတ်သည်။ များစွာသော သင်္သကရိုက်မူ၊ ပြာကရိုက်မူတို့၌ ဂဏိတချည်းသာ ရှိကြသည်။

၈။ ဆာမိုနာဝီလျံ၏ အဘိဓာန်၌ အနက်များစွာ ဖွင့်ဆို၏။ ၎င်းတို့တွင် နတ်သီချင်းသည်, နတ်အတီးအမှုတ်သည်ဟု ပါရှိသည်။ ဂန္ဓဗ္ဗ ဝိဇ္ဇာပုဒ်၏ အနက်ကိုကား အတီးအမှုတ် တူရိယာပညာဟု ဖွင့်ဆိုသည်။ အဘယာရာမဆရာတော်၏ အဘိဓာန် နိဿယသစ်၌ ဂန္ဓဗ္ဗဗေဒကို သံဂီတကျမ်းဟုပြန်ဆို၍၊ အရှင်အာဒိစ္စဝံသ၏ မိလိန္ဒပဥှာနိဿယ၌ ဂန္ဓဗ္ဗကို သံဂီတမူလကျမ်းဟု ပြန်ဆိုသည်။ ၎င်းသံဂီတပုဒ်ကို သံဂီတရတ္နာကရ၌ ''နစ္စံ ဂီတံ တထာဝါဒျံ (ဝဇ္ဇံ)၊ တယံ သံဂီတ မုစ္စတေ''ဟု ကခြင်း၊ သီဆိုခြင်း၊ တီးမှုတ်ခြင်း သုံးမျိုးလုံးကို သံဂီတခေါ်ကြောင်း ပြဆို၍ ဆာမိုနာဝီလျံက သာမန် သီဆို, တီးမှုတ်ခြင်း အပြင် အစုအဖွဲ့နှင့် တစ်စုတစ်ပေါင်းတည်း သံပြိုင် သီဆို, တီးမှုတ်, ကခုန်ခြင်းဟု ပြန်ဆိုသည်။

၉။ စရက, သုဿုတ, ဘာဝပ္ပကာသ စသော ဆေးကျမ်းများဟု ပြန်ဆိုကြသည်။

၁၀။ လေးအတတ်ကို ပြသောကျမ်း။ စတုဗ္ဗေဒဟု ပါဌ်ရှိနေတတ်သည်။ စတုဗ္ဗေဒဆိုလျှင် ဝေဒလေးကျမ်းကို ဆိုသဖြင့် သုတိ၌ ပါဝင်ပြီးဖြစ်သည်။ သင်္သကရိုက်ကျမ်းအားလုံးတွင် ဓနုဗ္ဗေဒချည်းသာရှိသည်။

၁၁။ ရှေးဟောင်း ကမ္ဘာ့အဖြစ်သနစ် အခြင်းအရာ အစုံအလင် ပုရာဏ်ကျမ်းသည် တစ်ဆယ့်ရှစ်ကျမ်း ရှိသည်ဟု ဆိုသည်။

၁၂။ ''ဤသို့ ဖြစ်သတတ်''ဟု ပြောဆိုလေ့ရှိသော မဟာဘာရတ စသည်ရာဇဝင် ပုံပြင် နိပါတ်နှင့် ရှေးစကားများ။

၁၃။ ကောင်းကင်ရှိ နေ၊ လ၊ ဂြိုဟ်၊ နက္ခတ်တို့၏ အသွားအလာကို တွက်ချက်ဟောပြောသော သူရိယသိဒ္ဓန္တ စသော ကျမ်းမျိုးများ။

၁၄။ လိမ်လည်ကောက်ကျစ်ခြင်း, မျက်လှည့်ပြခြင်း အနက်များကိုသာ အဓိပ္ပါယ် ကောက်ယူလေ့ ရှိကြသည်။ မင်း၏ ဂုဏ်ကို ပြသော နေရာဖြစ်၍ ရာဇမာယာဟု ဆိုအပ်သော ပရိယာယ် ဥပါယ်မျိုးကိုယူလျှင် သင့်မည်ဟု ထင်သည်။ ဥပါယ ်လေးမျိုးကား ဘေဒဥပါယ်, သာမဥပါယ်, ဒါနဥပါယ်, ဒဏ္ဍဥပါယ်တို့ ဖြစ်ကြ၏။

၁၅။ ဆာမိုနာဝီလျံ၏ အဘိဓာန်၌ အကျိုးအကြောင်း, ဆင်ခြင်တုံပညာ, အခြေအတင်, ဝေဖန်စီစစ်ခြင်းပညာဟု အဓိပ္ပါယ် ပြန်ဆိုသည်။ ကေတုဟု ပုဒ်နေရှိတတ်သည်။ ကေတုသဒ္ဒါသည် ကိတ်ဂြိုဟ်, အန္တလိက္ခကိတ်, ဘောမကိတ် စသော အနက်ကို ဟောသည်။ ၎င်းတို့အကြောင်းကို တွက်ချက်ဟောပြောသော ကျမ်းဟု ဆိုလိုလျှင်လည်း ဤအချက်သည် ဇောတိသကျမ်း၌ ပါဝင်ပြီးဖြစ်၍ ပုနရုတ္တိ ဖြစ်ဖွယ်ရှိပေသည်။ ၎င်းပြင် ကေတုကို ''ကေတုဘ'' ဖြစ်သင့်သည်ဟု ကြံ၍ ''အလင်္ကာကျမ်း''ဟု အနက်ဆိုကြပြန်သည်။ မုဒ္ဓဇနှင့် ကေဋုဘ သည်သာ အလင်္ကာကျမ်းဟု အနက်ထွက်၍ ဒန္တဇနှင့် ကေတုဘသည် မိုးတိမ်ဟူသော အနက်ထွက်ရကား ဤနေရာနှင့် ကွာလှမ်းလွန်းလှ၏။ ထို့ကြောင့် ဟေတုသည်သာ ဤနေရာနှင့် သင့်မြတ်ပေသည်။ တရုတ်ရဟန်းတော် ဟီယန်ဆင်သည် နာဠန္ဒတက္ကသိုလ်၌ ပညာသင်ယူစဉ် သင်ယူရသော ပညာရပ်တို့တွင် ဤဟေတုဝိဇ္ဇာခေါ် တက္ကဗေဒပညာရပ် တစ်ရပ်လည်း ပါဝင်ကြောင်းနှင့် ၎င်း၏ မှတ်တမ်းတွင် ပါရှိသည်။
၁၆။ ဂါထာ မန္တာန် သရဇ္ဈာယ်နည်း, ယဇ်ပူဇော်နည်း စသည်များ။

၁၇။ စစ်နှင့် ဆိုင်သော အတတ်ကို ပြသော ကျမ်း။

၁၈။ ဝေဒဆိုင်ရာ ဂါထာကျမ်းနှင့် ကဗျာလင်္ကာအစီအကုံးဆိုင်ရာ ကျမ်းများ။
image
#$ chirstonawba9
@chirstonawba5
@chirstonawba
@sagaing
@chirstonawbatha