အသိမှား အမှတ်မှား

ချစ်လှစွာသောမြန်မာစတီးမစ်မိသားစုဝင် အပေါင်းတို့ မင်္ဂလာပါခင်ဗျာ။

Mingalar par. My dear Myanmar steemians families.


01.png


ဒီနေ့က တန်ဆောင်မုန်းလပြည့်နေ့ဖြစ်တဲ့အတွက် ဟိုနေရာ ဒီနေရာမှာ ကထိန်ပွဲတွေ နေရာစုံ ကျင်းပနေကြတာ တွေ့ရသလို အသံပေါင်းစုံက နားကို လာရောက်ရိုက်ခတ်နေပါတယ်။ ဒီတော့စာရေးမယ်လို့စိတ်ကူးပြီး ကွန်ပျူတာရှေ့ထိုင်လိုက် အာရုံပျက်လိုက်နဲ့ တော်တော်နဲ့ စာရေးဖို့ အဆင်မပြေဘူးဖြစ်နေတယ်။ တန်ဆောင်တိုင်မှာ သူများတွေ ကထိန်ခင်းလာကြတာတွေကို မြင်နေရတော့ ၀မ်းသာပိတီဖြစ်မိသလို၊ နားလည်း အတော်ဒုက္ခခံရသဗျ။ ကလေးတွေကလည်း အရပ်ထဲလှည့်လည်ပြီး အလှူခံပါတယ်ဗျို့အော်နေတာ က တစ်မျိုးဗျ။ အရင်ခေတ်ကာလတုံးကတော့ ညအချိန် မုန့်တစ်မျိုးမျိုးလုပ်စားကြဖို့အတွက် လူငယ်တွေက လူကြီးတွေဆီ အလှူခံကြပြီး လာရောက်စားကြဖို့လည်း ဖိတ်တတ်တယ်ဗျ။ ညချက်ပြုတ်စားသောက်ပြီးရင် လည်း လူငယ်တွေစုပြီး ရယ်စရာတစ်ခုအနေနဲ့ ကြက်ခိုး၊ ဘဲခိုး၊ အသီးနှံခိုးကြသေးသဗျို့။ အဲဒီခေတ်တုံးက တော့ အပျော်သဘောနဲ့ လုပ်ကြတာဖြစ်ပါတယ်။ ဒါပေမယ့် မသိလိုက်ရင်တော့ ကြက် ဘဲ အသီးအနှံလေးတွေ ကတော့ ဆုံးရှုံးရတတ်သေးတာပဲ။ သူခိုးကြီးညလို့တောင် နာမည်တတ်လာတဲ့အထိ အပျော်ကနေ စီးပွားဖြစ်ထိ ခိုးယူလာကြတာတွေ့လာရတယ်။ အပျော်ကနေ အပျက်ဖြစ်အောင် ဖျက်လုပ်ဖျက်ဆီးတွေ လုပ်ကုန်ကြတယ်။ အသိတရားတွေကို သွန်သင်ပေးနိုင်ခြင်းမရှိလို့ အပျော်အလုပ်ကို တကယ့်သူခိုးအလုပ်တွေ လုပ်လာကုန်ကြ တာ စိတ်မကောင်းစရာတစ်ခုပါ။ တကယ်တော့ တန်ဆောင်မုန်းလပြည့်ညဟာ အများထင်သလို သူခိုးခိုးကြတဲ့ ညမဟုတ်ပါဘူး။ တန်ဆောင်တိုင်ညဟာ ဗုဒ္ဓဘာသာဝင်များအတွက် အထွဋ်အမြတ်ထားသင့်တဲ့ ညတစ်ည ဖြစ်ပါတယ်။ အမှတ်မှား၊ အသိမှားလာခဲ့ကြတော့ စိတ်မကောင်းစရာ၊ စိတ်ညစ်စရာတွေနဲ့ ဖြစ်သွားတာပဲဖြစ်ပါ တယ်။ ယောင်လည်လည်ဖြစ်နေလို့ တန်ဆောင်မုန်းလပြည့်ညအကြောင်းကို မြင်တွေ့သမျှ ရေးလိုက်တာပဲ ဖြစ်ပါတယ်။ အေးမြတဲ့ ဆောင်းနဲ့အတူ ရောက်ရှိလာတဲ့ တန်ဆောင်မုန်းလပြည့်ညဟာ ကျက်သရေမင်္ဂလာနဲ့ ပြည့်စုံတဲ့အပြင် ကြည်နူးစရာကောင်းစရာ နေထူး နေ့မြတ်ဖြစ်ပေမယ့် နောက်တစ်နေ့ မိုးလင်းချိန်မှာတော့ စိတ်ရှုတ်စရာ၊ စိတ်ညစ်စရာတွေနဲ့ တွေ့ကြုံနေရတာကတော့ စိတ်ပျက်စရာပဲဖြစ်ပါလိမ့်မယ်။


02.png


တန်ဆောင်မုန်းလပြည့်နေ့ကို အမျိုးမျိုးသော အမည်နာမများနဲ့ တပ်ပြီးခေါ်ကြပါတယ်။ ခုနောက်ပိုင်းခေါ်ဆိုလာ တဲ့ အမည်နာမက အဆိုးဆုံးဖြစ်နေပါတယ်။ ဘာတဲ့ သူခိုးကြီး ညတဲ့ဗျာ။ တကယ့်နေ့ထူးနေ့မြတ်ကြီးကို သူခိုးကြီးည လို့ အမည်တပ်ခံလိုက်ရတာ အတော်စိတ်ဆင်းရဲစရာကောင်းလှပါတယ်။ တန်မုန်းလပြည့်နေ့ကို ရှေးက ဗုဒ္ဓဘာသာဝင်များခေါ်ဆိုသမုတ်ခဲ့တာက “သာမည ဖလ အခါတော်နေ့” ပါတဲ့ဗျာ။ သာမညဆိုတဲ့ အဓိပ္ပာယ်ကို လိုက်ဖတ်ကြည့်တဲ့အခါမှာ “သာမဏေ၏အဖြစ် ရသေ့၊ ရဟန်း ပြုလုပ်ခြင်း” တဲ့။ “ဖလ” ဆိုတဲ့စကားရဲ့ အဓိပ္ပာယ်က “အကျိုးကျေးဇူး” လို့ဆိုပါတယ်။ ဒီတော့ “သာမည ဖလ” ရဲ့ အဓိပ္ပာယ်က “ရသေ့၊ ရဟန်း ပြုလုပ်ခြင်း၏ အကျိုးကျေးဇူး” ဆိုပြီး အနက်အဓိပ္ပာယ် ရပါတယ်။ ဒါလောက်လေးနက်တဲ့ အဓိပ္ပာယ်ပြည့်ဝတဲ့ စကားကို အံ့သြစရာကောင်းလောက်အောင် အဓိပ္ပာယ်မဲ့လွန်းတဲ့ “သူခိုးကြီးည” ဖြစ်သွားတာ ဘယ်သူတွေကြောင့်ဖြစ်သွားရတာလဲ? အလွန်အဓိပ္ပာယ်ပြည့်ဝတဲ့ နေ့ထူး နေ့မြတ်ကို သုံးစားမရ လောက်အောင် ပျက်စီးစေတဲ့ စကားလုံးနဲ့ အစားထိုးလာတာ စိတ်ပျက်စရာကောင်းလှတဲ့ ကိုရွှေမြန်မာ၊ မရွှေမြန်မာများပါပဲ။ မဟုတ်တဲ့နေရာချွန်နေတာ ဂုဏ်ယူချင်ကြလေသလားမသိပါ။ တဖြည်းဖြည်းနဲ့ သုံးစားမရ တဲ့ အဖြစ်ရောက်လာတာကလည်း သူများတွေလုပ်နေကြတာမဟုတ်ပဲ ကိုယ့်လူမျိုးတွေကိုယ်တိုင်ကိုက အလေးမထားပဲ ကလေးကစားစရာ မှတ်နေကြတော့ ဘယ်သူ့အပြစ်တင်ရမှန်းလဲမသိတော့ပါ။ ခေတ်ဆက်ဆက် ဖြတ်သန်းလာခဲ့ပြီး သိတတ်နားလည်သူတွေက သွန်သင်ဆုံးမမှု မရှိခဲ့သောကြောင့် လူငယ်အဆက်ဆက် အသိမှားခဲ့ကြ၊ အမှတ်မှားခဲ့ကြတာပဲဖြစ်လိမ့်မယ်ထင်ပါတယ်။ အသိမှားနေတာကို အမှန်သိအောင် မပြောဆိုခဲ့ မရှင်းလင်းခဲ့ကြတော့ တဖြည်းဖြည်းနဲ့ မူရင်း ရည်ရွယ်ချက်တွေလည်း ပျောက်ကွယ်ကုန်ကြပါတယ်။


03.png


မှားမှန်းသိရင်တော့ ပြင်တတ်တာ လူတော်တွေရဲ့ အလုပ်လို့ ဆိုကြပါတယ်။ ကနေ့ခေတ်လူငယ်တွေက လူတော်တွေဖြစ်ကြလေတော့ အမှန်ကိုသိရင် ပြုပြင်ကြမယ်ဆိုတာကိုလည်း ယုံကြည်ထားပါတယ်။ အမှားကို အမှန်ထင်မှတ်ပြီး အသိမှား အမှတ်မှားခဲ့ကြလို့ပဲဖြစ်ပါတယ်။ ဒီလို နေ့ထူး နေ့မြတ်မှာ အဓိကအနေနဲ့ကတော့ ကထိန်တွေခင်းကျင်းလှူဒါန်းခြင်းဖြစ်ပါတယ်။ တန်ဆောင်မုန်းလပြည့်နေ့ညဟာ ဆေးပေါင်းခတဲ့ည လို့လည်း သမုတ်ထားကြတယ်မဟုတ်လား။ ဒီတော့ မဲဇလီဖူးသုပ်ကို စပယ်ရှယ်သုပ် အနီးအနားက အိမ်နီးနားချင်းတွေ၊ အပေါင်းအသင်းမိတ်ဆွေတွေကို အပြန်အလှန် ဝေငှ စားသောက်တတ်ကြပါသေးတယ်။ ပျော်စရာကောင်းသလို ပီတိလည်းဖြစ်စရာကောင်းလှပါတယ်။ ဒီပြင့် အသုပ်တွေကို သုပ်မစားကြပဲ ဘာကြောင့် မယ်ဇလီဖူးကို သုပ်စား ကြတာလဲ? တန်ဆောင်မုန်းလပြည့်နေ့မှာ ဆေးပညာအယူအဆအရ မယ်ဇလီပင်ဟာ ဆေးပေါင်းခတယ်လို့ အယူရှိခဲ့တဲ့အတွက် လပြည့်ညမှာ မယ်ဇလီဖူးသုပ်စားရင် ဆေးဖက်ဝင်တယ်လို့လည်း ဆိုကြတဲ့အတွက် အခြားအသုပ်တွေကို သုပ်မစားကြပဲ မယ်ဇလီဖူးသုပ်ကိုစားကြတာပဲဖြစ်ပါတယ်။ တကယ်ဆေးပေါင်းခသလား၊ ဆေးပေါင်းမခဘူးလားဆိုတာ တကယ်ဆေးဖက်ဝင်သလား၊ ဆေးဖက်မ၀င်ဘူးလားဆိုတာတော့ ကျွန်တော် အနေနဲ့ ဥာဏ်မမှီလို့သေချာမသိပါဘူး။ အတော်စားလို့ကောင်းတာပဲ သိပါတယ်ဗျာ။ တန်ဆောင်တိုင်လပြည့်နေ့ ညမှာ မယ်ဇလီဖူးသုပ်ကို စားကောင်းကောင်းနဲ့စားရင် ထမင်းလွတ်လောက်အောင်ကို စားမိတတ်သေးတယ်။ ဒါကလည်း အသိမှား၊ အမှတ်မှားခဲ့ကြလို့ မယ်ဇလီအဖူးလေးတွေ၊ အပွင့်လေးတွေကိုပဲ သုပ်စားနေကြတာပဲ ဖြစ်ပြီး အချိန်ကိုက်အနေဖြင့်ဆိုပါက လမင်းကြီး ၀ိုင်းဝိုင်းစက်စက်ပြည့်ပြည့်၀၀ ဖြစ်တဲ့အချိန်မှာ မယ်ဇလီပင် တစ်ပင်လုံး ဆေးဖက်ဝင်ကြောင်း မှတ်သားဖူးပါတယ်။


04.png


ပြောချင်တာက နာမည်အမျိုးမျိုးဖြင့်ကျင်းပနေကြသော တန်ဆောင်တိုင်ပွဲတော်၊ ကျီးမနိုးပွဲ၊ သူခိုးကြီးည ဆိုတာ သူခိုးအလုပ် လုပ်ကြရမည့် ပွဲတော်မဟုတ်ကြောင်းကိုပါ။ သူခိုးတွေ သောင်းကျန်းချင်တိုင်း သောင်းကျန်းပြီး အခြားသူများရဲ့ ပစ္စည်းတွေကို ဖျက်ဆီးကြရမယ့် ပွဲမျိုး လုံးဝ လုံးဝ မဟုတ်ကြောင်းပါ။ ကျီးမနိုးပွဲဆိုတာ ကလည်း ကျီးတွေအိပ်တန်းမထခင် ခိုးချင်တိုင်း ခိုးခိုင်းတာလည်းမဟုတ်ပါဘူး။ တန်ဆောင်မုန်းလပြည့်နေ့ ဆိုတာက ကြီးကျယ်ခမ်းနားလွန်းတဲ့ နေ့ထူး နေ့မြတ် သာဖြစ်တာကို သိစေချင်ပါတယ်။ ရှေးအခါက တန်ဆောင်မုန်းလပြည့်နေ့မှာ ရှင်လိင်ပြန်ကြတယ်။ ရှင်လိင်ပြန်ကြတဲ့သူတွေက တန်ဆောင်မုန်းလပြည့်ည နက္ခတ်စုံတဲ့အချိန်မှာ ဆေးမှင်တွေကို ကန်တော့ပွဲပေးပြီး ထိုးကြတယ်။ ရှေးကဆေးမှင်ထိုးတာက ခုခေတ်မှာ တက်တူးထိုးသလို တွေ့ကရာအချိန်ထိုးတာမဟုတ်ပါ။ သူ့အချိန် သူ့အခါနဲ့ထိုးကြခြင်းဖြစ်ပါတယ်။ ထိုဆေးမှင် များရဲ့ တန်ခိုးဖြင့် သူတစ်ပါးပစ္စည်းများကို ပိုင်ရှင်မသိအောင် ခိုးယူပြီး သူခိုးကွင်း(ကထိန်ပြုလုပ်ကျင်းပရန်ပြုလုပ်ထားတဲ့ မဏ္ဍပ်)တွင် ထားတတ်ကြပါတယ်။ သက်ရှိတွေဖြစ်တဲ့ အိပ်နေတဲ့သူမနိုးအောင် ကုတင်လိုက်မပြီး ခိုးကွင်းမှာထားခြင်း၊ နွားကဲ့သို့ တိရစ္ဆာန်များကို ထမ်းလာခြင်းများ ပြုလုပ်ပြီး ခိုးကွင်းမှာ ပိုင်ရှင်နာမည်နဲ့တကွ လာထားကြခြင်းဖြစ်ပါတယ်။ မနက်မိုးသောက် အလင်းရောက်ချိန်မှာ ပစ္စည်းပိုင်ရှင်တွေက ခိုးကွင်းမှာ ပြန်ရွေးကြရပါတယ်။ ဘာနဲ့ရွေးရသလဲဆိုရင် သင်္ကန်းစုံနဲ့ ရွေးကြရပါတယ်။ အဲဒီလိုလာရွေးလို့ရတဲ့ ပစ္စည်းတွေနဲ့ ကုသိုလ်အဖြစ်ကထိန်ခင်းကြခြင်းဖြစ်ပါတယ်။ ခုခေတ်လို တန်ဖိုးကြီးပစ္စည်းတွေကို ခိုးစားကြတာမဟုတ်ပါဘူး။ အဲဒီလိုခိုးလို့ ခိုးတဲ့သူကို မိရင် ကတုံးတုံးပြီး ပြာလူးပြီး ခိုးကွင်းမှာ ဖမ်းထားကြပါတယ်။ ကထိန်ပွဲမှာ ရွာလူကြီးက ဆုံးဖြတ်ကာ နောက်တစ်နေ့မှာ မိတဲ့သူခိုးဟာ ရဟန်းဝတ်စေကြပါတယ်။ ခုခေတ်နဲ့တော့ တစ်ခြားစီဖြစ်ပါတယ်။ ယနေ့ကလမှာတော့တော့ ခိုးလို့ လူမိရင် ပစ္စည်းပိုင်ရှင်ကိုတောင် ပြန်သတ်နေကြပါတယ်။ မှန်ကန်တဲ့အသိ၊ မှန်ကန်တဲ့ အမှတ်အသားလေးတွေကို ကလေးသူငယ်၊ လူငယ်လူရွယ်များအား လက်ဆင့်ကမ်း ပြောပြပေးရန် တောင်းဆိုလိုပါတယ်။ ကျွန်တော်တို့ ရွှေမြန်မာတွေမှာ မှားယွင်းတဲ့အသိ၊ မှားယွင်းတဲ့ အမှတ်အသားတွေကို များပြားလွန်းလှပါတယ်။ မှားယွင်းသော အသိ၊ မှားယွင်းသော အမှတ်အသားတွေကို ဖျောက်ဖျက်နိုင်ကြပါစေကြောင်း ရေးသားရင်း ရပ်နားလိုက်ပါ တယ်။


ရေးသားသူ(Author)___


stemit ansoe myanmar no word logo 2.png


@ansoe (MSC 012)

Soe Naing

Myanmar Steemit Community myanmar steemit community .jpg

22-Nov-2018 ကြာသပတေးနေ့(Thursday)

H2
H3
H4
3 columns
2 columns
1 column
Join the conversation now