ထမင်းတနပ်

500kyat.png

youtube ဗီဒီယိုများပေါ်တွင် ယခုတလော မြင်တွေ့နေရသည်မှာ ၅၀၀ ကျပ်တန် ဇလုံထမင်းဆိုင် ဖြစ်သည်။ ထိုထမင်းဆိုင်မှာ ကျယ်ဝန်းသောခြံထဲရှိ အမိုးမြင့် သံဖရိမ်မဏ္ဍပ်အောက်တွင် စားသောက်ခုံများဖြင့် တည်ခင်းရောင်းချပေးနေခြင်း ဖြစ်သည်။

ဆင်းရဲနွမ်းပါးသူများ ဈေးနှုန်းချိုချိုဖြင့် စားသောက်နိုင်ရန်အတွက် မော်တော်ကား ဝပ်ရှော့ပိုင်ရှင်တဦးက လွန်ခဲ့သည့် တလခန့်က ထမင်းဆိုင်ကို ဖွင့်ခဲ့သည်ဟုသိရသည်။ သူကိုယ်တိုင် ဝပ်ရှော့အလုပ်သမားဘဝမှ လုပ်ငန်းရှင်ဘဝသို့ တက်လှမ်းခဲ့ရသောကြောင့် ကိုယ်ချင်းစာနာစိတ်ဖြင့် ဖွင့်လှစ်ခြင်း ဖြစ်သည်ဟု ဆိုသည်။

ရန်ကုန်မြို့၊ ဒဂုံမြို့သစ် မြောက်ပိုင်းနှင့်အရှေ့ပိုင်း ဆက်စပ်လမ်းမအနီးရှိ ထိုထမင်းဆိုင်ရှေ့တွင် တန်းစီစောင့်ဆိုင်းနေသော လူတန်းရှည်ကြီးကို မြင်တွေ့နိုင်ပါသည်။ တန်ဖိုးနည်း ထမင်းဆိုင်ဖြစ်သော်လည်း အသားငါး၊ ဟင်းသီးဟင်းရွက်၊ အတို့အမြှုပ်တို့ဖြင့် ပြည့်စုံအောင် စီမံပေးထားပါသည်။

မနက်စာစားချိန်မှ ညနေစာစားချိန်အထိ လာရောက်စားသုံးသူ၊ ပါဆယ်ထုတ်၍ ဝယ်ယူသူများဖြင့် စဉ်ဆက်မပြတ် ရှိနေပါသည်။ ထမင်းဆိုင်ဝန်ထမ်း အမျိုးသမီးလေးများမှာလည်း လက်မလည်အောင် ပြင်ဆင်ထုတ်ပိုးပေးနေရသည်။

ယခုအခါတွင်တော့ ထိုထမင်းဆိုင်လေးဝန်းကျင်တွင် ထမင်းလိပ်ရေညှိလိပ်၊ ကော်ရည်ခေါက်ဆွဲ၊ မုန့်ဟင်းခါး၊ ကြံရည်ဆိုင်၊ ဖျော်ရည်အအေးစုံ၊ ဝက်သားတုတ်ထိုးနှင့်ကြာဇံ၊ ကြာဇံဟင်းခါး၊ မုန့်လက်ဆောင်း စသဖြင့် ဆိုင်ကလေးများသည် ဈေးတန်းလေးသဖွယ် စည်ကားနေပါသည်။

မြောက်ဒဂုံရပ်ကွက်တချို့မှအပ ပတ်ဝန်းကျင်ရှိ ရပ်ကွက်အများစုမှာ လက်လုပ်လက်စားများ၊ ဆင်းရဲနွမ်းပါးသူများ၊ သာမန်နိုင်ငံ့ဝန်ထမ်းများ၊ စက်ရုံအလုပ်ရုံ ဝန်ထမ်းများ အများစု ဖြစ်သောကြောင့် ထမင်းဆိုင်နှင့် ဈေးတန်းလေးမှာ ရောင်းသူဝယ်သူ အသံတူနေသည်ဟု ခံစားမိပါသည်။

လက်ရှိ ကုန်ဈေးနှုန်း အခြေအနေအောက်တွင် ထမင်းတနပ်စာကို ၅၀၀ ကျပ်ဖြင့် ရောင်းချပေးခြင်းမှာ စေတနာအရင်းခံသောကြောင့် ဖြစ်သည်။ ထမင်းဆိုင်ပိုင်ရှင် ကိုနေသူရိန်ကမူ ကုန်ကျစရိတ်ကို တတ်နိုင်သမျှ တောင့်ခံ၍ ရေရှည်တည်တန့်နိုင်ရေးအတွက် ကြိုးစားသွားမည်ဟု ဆိုသည်။

နိုင်ငံ၏ စီးပွားရေး ကျဆင်းပြီဆိုလျှင် ပထမဦးဆုံး ဒုက္ခရောက်သူများမှာ မြို့နေ လက်လုပ်လက်စား၊ ဆင်းရဲနွမ်းပါးသူများ ဖြစ်သည်။ ဒိုမီနီသီအိုရီကဲ့သို့ တဆင့်စီ ပြိုဆင်းလာခြင်း၏ နောက်ဆုံးအဆင့်တွင် ဆင်းရဲနွမ်းပါးသူများကို ပို၍ဆိုးဝါးသော အခြေအနေအောက်သို့ တွန်းပို့ပေးတော့သည်။

နိုင်ငံဖွံ့ဖြိုးတိုးတက်မှုကို မောင်းနှင်တွန်းအားပေးသော လူလတ်တန်းစားများစွာတို့၏ အလုပ်အကိုင် မတည်ငြိမ်ခြင်း နှင့် ဝင်ငွေလျော့ပါးလာခြင်းသည်လည်း ဂျာအေးသူ့အမေရိုက်သကဲ့သို့ နိုင်ငံ၏စီးပွားရေးကို လုံးပါးပါးစေလိမ့်မည်။

၅၀၀ ကျပ်တန် ထမင်းတနပ်အတွက် နေပူမိုးရွာမရှောင် စောင့်ဆိုင်းတန်းစီနေသူတို့ကို မြင်ရသောအခါ - ပေါင်မုန့်ပေးပါ၊ ပေါင်မုန့်ပေးပါဟု တောင်းဆိုလာသော လူအုပ်ကြီးကို ပေါင်မုန့် မရှိရင်လည်း ကိတ်မုန့် စားနေကြပါလားဟု ပြောခဲ့သော ပါရီနန်းတော်ပေါ်မှ မိဖုရား မေရီအင်တွိုင်းနက်ကို ပြန်လည်သတိရမိသည်။

မိမိတို့ တိုင်းပြည်အုပ်ချုပ် မင်းလုပ်နေသူများကရော - ၅၀၀ ကျပ်တန် လူအုပ်ကြီးအား မြင်တွေ့ရလျှင် မည်သို့သောမိန့်ခွန်းချွေမည်ကို သိချင်စမ်းလှသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
01.12.2021

H2
H3
H4
3 columns
2 columns
1 column
8 Comments
Ecency