စာရေးနည်း (၃)

pen.jpg

စာရေးသူအတွက် စာတပုဒ်ဖြစ်လာရန် ပထမဆုံး လိုအပ်ချက်မှာ ရေးစရာအကြောင်းအရာ ဖြစ်သည်။ အကြောင်းအရာသည် အာရုံငါးပါး၏ ထင်ဟပ်မှုအရ သိရသော အာရုံအသိ၊ ကြောင်းကျိုးဆင်ခြင်မှုအရ သိရသော ဆင်ခြင်မှုအသိ တို့ကို ဘာသာစကားဖြင့် ပုံဖော်တင်ပြခြင်း ဖြစ်သည်။

အကြောင်းအရာတခုကို စာတပုဒ်အဖြစ် ရေးသားရာတွင် - စာဖတ်သူကို အသိပေးလိုသည့် ရည်ရွယ်ချက် သို့မဟုတ် စာဖတ်သူ၏ စိတ်ထဲတွင် စေတနာ တခုခု နိုးကြားလာအောင် နှိုးဆော်ပေးလိုသော ရည်ရွယ်ချက် ပါရှိသည်။ အသိပေးရည်ရွယ်ချက်ဖြင့် ရေးသောစာသည် သုတစာပေ၊ စေတနာရည်ရွယ်ချက်ဖြင့် ရေးသောစာသည် ရသစာပေ ဖြစ်သည်။

စာရေးသူသည် စာတပုဒ် အကြောင်းအရာတခု ဦးတည်၍ ရေးသားသင့်သည်။ အကြောင်းအရာကိုလည်း နယ်နမိတ် ကန့်သတ်၍ ရေးရမည်။ နယ်နမိတ် ကန့်သတ်ရာတွင် စာရေးသူ၏ ရည်ရွယ်ချက်၊ ရည်ရွယ်သည့် စာဖတ်ပရိတ်သတ်၊ စာအတိုအရှည် ပမာဏ စသည်တို့ကို ချင့်တွက်ကာ ကန့်သတ်ရမည်။

အကြောင်းအရာတခုတည်းကို ရှုထောင့်အမြင် အမျိုးမျိုးမှ ကြည့်မြင်၍ ရေးသားနိုင်သည်။ ဥပမာ - မီးလောင်စဉ် မြင်ကွင်းအကြောင်းကို ရေးမည်ဆိုလျှင် မီးဘေးဒုက္ခသည်တဦး၏ရှုထောင့်၊ မီးသတ်သမားတဦး၏ရှုထောင့်၊ ဘေးပရိတ်သတ်တဦး၏ရှုထောင့် စသဖြင့် အမြင်ကွဲပြားမှုအရ ရေးသောစာသည်လည်း အသွင်ကွဲပြားလိမ့်မည်။

အကြောင်းအရာတခုကို ရေးသားရန် - ရည်ရွယ်ချက်၊ နယ်နမိတ်ကန့်သတ်မှု၊ ရှုထောင့်အမြင်တို့ကို လျာထားပြီးသည့်နောက်တွင် အချက်အလက်များကို အကြမ်းအားဖြင့် အစီအစဉ် ချရမြဲဖြစ်သည်။ လွယ်ကူသောနည်းလမ်းမှာ - နိဒါန်း၊ စာကိုယ်၊ နိဂုံး (အစ၊ အလယ်၊ အဆုံး) အစီအစဉ်ချရန် ဖြစ်သည်။

စာတပုဒ်ဖြစ်စေ၊ စာစီစာကုံးဖြစ်စေ၊ ဆောင်းပါးဖြစ်စေ အခြေခံ သဘောတရားခြင်း တူညီပါသည်။ ဆောင်းပါး၏ အစသည် စာစီစာကုံးဟု ဆိုရပါမည်။ သို့သော် စာစီစာကုံးအတွေးအရေး နှင့် ဆောင်းပါးအတွေးအရေးမှာ ရေးသားသူ၏ စာပေဝမ်းစာ ပြည့်ဝမှုအပေါ် မူတည်၍ စာအရည်အသွေး ကွာခြားပါသည်။

စာတပုဒ်၊ စာစီစာကုံး၊ ဆောင်းပါးတို့၏ အင်္ဂါရပ်များ -
၁။ အကြောင်းအရာ နှင့် ခေါင်းစဉ် ညီညွတ်ရမည်။
၂။ အစီအစဉ် ကျနရမည်။
၃။ ရေးသားချက် စည်းလုံးညွီညွတ် ပြေပြစ်ရမည်။
၄။ နိဒါန်း၊ စာကိုယ်၊ နိဂုံး ပုံသဏ္ဍန်နှင့် ပြည့်စုံရမည်။
၅။ သတ်ပုံမှန်ပြီး အရေးအသား ရှင်းလင်းသေသပ်ရမည်။
၆။ အကိုးအကား အထောက်အထား ခိုင်လုံရမည်။
၇။ ခေတ်အတွေး၊ ခေတ်အမြင်၊ ခေတ်ဗဟုသုတ ရှိရမည်။
၈။ စာကြောင်းတခုနဲ့တခု၊ စာတပိုဒ်နဲ့တပိုဒ်၊ အချိတ်အဆက် မိရမည်။ ဟန်ချက်ညီရမည်။
၉။ စာသည် မတိုလွန်း မရှည်လွန်းဘဲ စာဖတ်သူကို ဆွဲဆောင်မှု ရှိရမည်။

ဆရာ မောင်ခင်မင် (ဓနုဖြူ) နှင့် ဆရာ မောင်ငြိမ်းသူ (ကြို့ပင်ကောက်) တို့၏ မူရင်းအာဘော်ကို ခြုံငုံမိအောင် မိမိက ပြန်လည်တင်ပြပေးခြင်း ဖြစ်ပါသည်။ ဤနည်းလမ်းသည် မိတ်ဆွေတို့အတွက် ဝါသနာရှင်အဆင့်မှ ပညာရှင်အဆင့်သို့ တက်လှမ်းနိုင်ရန် အထောက်အကူဖြစ်မည်ဟု မျှော်လင့်ပါသည်။


မိတ်ဆွေအားလုံး ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ။

@sayalu
05.12.2021

H2
H3
H4
3 columns
2 columns
1 column
7 Comments
Ecency